Search This Blog

Loading...

08 August 2008

♠ 8888

စာသင်ခန်းထဲမှာ သမိုင်းဆရာက ကျောင်းသားလေးတွေကိုမေးတယ် "သမိုင်းဆိုတာဘာလဲ"၊ ဘယ်သူမှ မဖြေနိုင်ဘူး၊ ဒီတော့ဆရာက "မောင်မြရေ၊ အတန်းရှေ့ကိုထွက်ခဲ့ကွာ" လို့ မောင်မြဆိုတဲ့ ကျောင်းသားတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ မောင်မြ အတန်းရှေ့ရောက်ခါနီးမှာ ဆရာက "တက်နင်းစမ်းကွာ" လို့ ပါးစပ်ကပြောရင်း သမိုင်းဖတ်စာအုပ်ကို မြေကြီးပေါ်ပစ်ချတယ်၊ မောင်မြ ဝမ်းသာအားရတက်နင်းတယ်၊ "ဝုန်း"၊ ဆရာ့ဆီက အသံထွက်လာတယ်၊ "မောင်မြ၊ အဲဒါဗုံးကွ၊ မင်းသေပြီ၊ ကိုင်း၊ မောင်လှအလှည့်" ဆိုပြီး ခေါ်ပြန်တယ်။ မောင်လှ ထွက်လာတယ်၊ အစောကလိုပဲ တက်နင်းခိုင်းတယ်၊ မောင်လှလည်းတက်နင်းတယ်၊ "ဝုန်း၊ မောင်လှရေ၊ အဲဒါ ဗုံးကွယ့်၊ မင်းသေပြီ"၊ ဆရာက အေးအေးဆေးဆေးပြောပြန်တယ်။ "အခု မောင်ဘအလှည့်၊ ထွက်ခဲ့ကွာ"၊ မောင်ဘ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ထွက်လာတယ်၊ အရင်နှစ်ယောက်လို အလောတကြီးမဟုတ်တော့ဘူး၊ "ကိုင်း၊ တက်နင်းစမ်းကွာ" ထင်ထားသလိုပဲ ဆရာ့ဆီက အမိန့်ကိုကြားလိုက်တယ်၊ ဒီတခါတော့ မောင်ဘ မလှုပ်မယှက်ရပ်နေတယ်၊ "ဟေ့ကောင်မောင်ဘ၊ တက်နင်းလို့ပြောနေတယ်လေ"၊ ဆရာ့ဆီက လေသံခပ်မာမာကို တတန်းလုံး ကြောက်ရွံ့စွာ နားထောင်နေကြတယ်၊ မောင်ဘဘာလုပ်မလဲ၊ အားလုံးစိတ်ဝင်စားနေတယ်၊ အဲဒီအချိန်မှာ မောင်ဘဆီက ကြည်လင်ပြတ်သားတဲ့အသံလေး ထွက်လာတယ်၊ "ကျွန်တော်မနင်းဘူးဆရာ၊ အဲဒါဗုံးခင်ဗျ"။ ဆရာ ကျေနပ်အားရစွာ ပြုံးလိုက်တယ်။ "အေး၊ မှတ်ထား၊ ဒါ သမိုင်း ပဲကွယ့်"....

8 comments:

  1. From my POV,
    "To learn something you can't overcome" is not history.
    "To learn how not to fail at overcoming something" is the history.

    ReplyDelete
  2. ဗုံးက နှစ်ခါတောင်ကွဲပြီးသားဆိုတော့ တတိယ တခါတက်ရင် ကိစ္စမရှိလောက်တော့ပါဘူး။ စိတ်ချလက်ချသာ နင်းလိုက်ပါတော့ ကိုတီဇက်အေရယ်....
    ဒီပို့စ်ဖတ်ရတော့ ဟို ဟာသလေးကို ပြေးသတိရတယ်။
    “ငါ့တပည့်ကြီး၊ မင်းတော်တယ်။ မင်းဟာ ဆရာ့ခြေရာနင်းနိုင်တဲ့ လူဘဲ။ ကဲလာ ငါ့တပည့်။ ခြေထောက်သွားဆေးကြချေစို့။ ဆရာ ခွေးချေးကို တက်နင်းမိလာတယ်။”

    ReplyDelete
  3. တီဇက်အေရေ...
    သမိုင်းဆိုတာ သင်ခန်းစာ ယူဖို့ ဆိုတာကို ဒီလို ဒီလို ရေးသကိုး..
    မိုက်ပ ကွာ.... (ကောင်းတယ်ပြောတာနော်)

    ReplyDelete
  4. ကျနော်ဆိုတဲ့ကောင်ကလည်း လူ့ဂွစာဗျ၊ သူများပို့စ်တွေမှာ ကော်မန့်အများကြီးတွေ့တော့ ကိုယ့်ဆီမှာလည်း အပွတ်ခံရအောင် ဒီလို ကော်မန့်တောင်းတဲ့ပို့စ်မျိုး တင်မိတယ်၊ ဒါပေမဲ့ သိပ်ပွတ်ဖော်မရပါဘူး၊ အားငယ်လိုက်တာ။

    mmhan>> ဟုတ်တယ်ဗျ၊ သမိုင်းဆိုတာ သင်ခန်းစာယူတတ်ဖို့ပဲ၊ ဗုံးမှန်းသိလျက်သားနဲ့ တက်နင်းရင်တော့ ရှုံးသွားမှာပေါ့။ ဒါပေမဲ့ အဲဒါကလည်း အရင်ခေတ်ကလေးတွေမို့သာ ဒီလိုနည်းနဲ့ သင်တာဖြစ်မှာပါ။ အခုခေတ်ကလေးတွေနဲ့ တွေ့ရင်တော့လား၊ ဖတ်စာအုပ်ကို ရင်မှာပိုက်၊ ဆရာ့ကိုပြေးဖက်ပြီး "ဆောရီးပဲဆရာ၊ သားသားက အယ်လ်ခိုက်ဒါကပါ၊ နိဗ္ဗာန်ဘုံကို အတူတူသွားကြပါစို့" ဆိုရင် ကျောင်းဆရာထိုင်ငိုသွားမယ်။

    ကိုပေါ>> ကျနော်ဒီပုံပြင်လေးကို ကြားဖူးခဲ့တာ အတော်လေးကြာသွားပြီ၊ သယ်ရင်းတစ်ယောက် ပြောပြခဲ့တာ။ သူ့ပြောချက်အရ ဒါကရုပ်ရှင်ထဲက အခန်းတစ်ခန်းပါ၊ ဘာကားလဲမသိတော့ဘူး၊ မှတ်မိသလောက် ပြန်ရေးထားတာ။ ဒါပေမဲ့ ကျနော်ပို့စ်ကို တစ်ဝက်တန်းလန်းထားခဲ့တယ်၊ ပုံပြင်ရေးပြီး ကိုယ့်ထင်မြင်ချက် မရေးခဲ့ဘူး၊ ဆိုတော့ စာဖတ်သူရဲ့ ခံယူချက်ကိုလိုက်ပြီး ဒီပို့စ်ဟာ အဓိပ္ပါယ်နှစ်ခွထွက်နေတယ်။ တားတယ်ဆိုလည်း ဟုတ်တာပဲ၊ တွန်းတယ်ဆိုလည်း ဟုတ်ပြန်တာပဲ၊ နှစ်မျိုးလုံး ဆွဲယူလို့ရတယ်။ ကိုပေါလို တွန်းစရာမလိုပဲ အော်တိုငုတ်တုတ် ရှေ့ရောက်နေတဲ့သူ အတွက်တော့ "ရှာပေးပါ၊ ဗုံးရှာပေးပါ" ပေါ့၊ ဟဲဟဲ။ ဘာပဲပြောပြော၊ အမိန့်မဖီဆန်ရဲတဲ့ ကလေးတွေကို ဗုံးတက်နင်းခိုင်းတဲ့ ဒီပုံပြင်ထဲက ကျောင်းဆရာလုပ်ရပ်မျိုးနဲ့ ကြုံရရင်တော့ "အရင်လူတွေတောင် နင်းတာပဲကွာ၊ ငါလည်းလိုက်နင်းမှာပေါ့" ဆိုတဲ့အတွေးမျိုး ဝင်မနေသင့်ဘူး ထင်မိပါတယ်။

    အစ်မခင်မင်းဇော်>> ရေးမထားတဲ့ ကျနော့်ဆိုလိုချက်ကို ဒိုင်းခနဲသိတဲ့အတွက် ဝမ်းသာမိပါတယ်ဗျာ၊ ဒီပို့စ်တင်ပြီး ဘယ်သူတွေလာဆဲမလဲ ဆိုပြီး ရင်တမမနဲ့ စောင့်နေရတာ။ တော်ပါသေးရဲ့။
    --
    ပွတ်သွားသူအားလုံးကို ကျေးဇူးတင်ပါသည်။

    ReplyDelete
  5. ကိုတီဇက်အေ .. သမိုင်းကို ဒီလိုလေး ပြတာ သိပ်ကြိုက်ပါတယ် ။ အဓိပ္ပါယ် နှစ်ခွရှိတာမျိုးကတော့ .... ဖတ်တဲ့လူရဲ့ မူလ စိတ်ရင်းပေါ် မူတည်ပြီး ၊ mmhan ပြောထားသလို ကွဲပြားသွားနိုင်တယ် ။ ကျမကတော့ ဒီမှာ ဖော်ပြထားတာ ... နောင်တခါ အမှားမလုပ်မိအောင် သမိုင်းကို လေ့လာရမယ်ဆိုတာလို့ အဓိပ္ပါယ်ရတယ်လို့ မှတ်ယူလိုက်ပါတယ် ။

    ReplyDelete
  6. အင်မတန်ကောင်းတဲ့ဥပမာကလေးပဲ..အခုမှကြားဖူးတဲ့အတွက်
    ဝေမျှပေးတာကျေးဇူးတင်ပါတယ်..
    အဲဒါပါပဲ..
    သမိုင်းပါရဂူ ဆရာကြီး ဒေါက်တာသန်းထွန်း ချန်သွားခဲ့တဲ့သမိုင်းဝင်တဲ့စကားလေးတစ်ခွန်း...
    "သမိုင်းသင်တယ်ဆိုတာ မအ အောင်လို့ ..." တဲ့...
    မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့် evolution နဲ့ revolution တွေ ဖြစ်လာတယ်..ဒီသမိုင်းကသင်ကြားပေးခဲ့လို့ ပါပဲ..တစ်ကယ်မအ အောင်လို့  လေ့လာရတဲ့သမိုင်းကလဲ...စစ်မှန်တဲ့သမိုင်းစစ်စစ်ဖြစ်ဖို့ လိုပေသပေါ့....

    ReplyDelete
  7. မိုက်တယ် တင်ပြပုံက။

    ReplyDelete
  8. မဂျစ်.. ဟုတ်တယ်၊ သင်ခန်းစာပဲ၊ ကိုယ့်ဆီမှာ လိုနေတာတွေကို အလျင်မှီအောင် လိုက်ပြုပြင်ဖို့လည်း လိုသပေါ့။

    ကိုမောင်ရင်.. လေ့လာဖို့အတွက် သမိုင်းအစစ် ဖြစ်ရမယ်ဆိုတာ ရေလည် သဘောကျတယ်ဗျာ။

    ပန်ပန်.. ပွတ်ဖော်ရတာ ကျေးဇူးပါဗျာ။

    ReplyDelete