Search This Blog

Loading...

04 August 2008

♥ Exhausted Weekend

ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေကတော့ လွန်ခဲ့တဲ့သုံးလေးလအတွင်း အပင်ပန်းဆုံး weedend ပါပဲ။ ပွဲဆက်တွေများပြီး ရင်တုန်ပန်းတုန် ဖြစ်စရာတွေလည်း များခဲ့တယ်၊ ဇရာလေးထောက်လာတဲ့ ကျနော့်အဖို့ ခံနိုင်ရည်တောင် သိပ်မရှိချင်ဘူး။ ဘာကိစ္စ ကိုယ့်ကိုကိုယ် ဒီလောက်ညှင်းဆဲနေသလဲ စဉ်းစားမိတဲ့အထိပါပဲ။

စနေနေ့က စ တယ်ပြောရမယ်၊ အလုပ်ဖော်တွေက Pasir Ris အပန်းဖြေစခန်းတစ်ခုမှာ အခန်းငှားပြီး ဟော့ပေါ့စားဖို့ ချိန်းထားတယ်။ ဟော့ပေါ့ကိုမျှော်ပြီး ထမင်းတောင်မစားပဲ ဟိုရောက်မှ အားရပါးရလွေးတယ်၊ ဆာဆာနဲ့အုပ်လိုက်တာ ဗိုက်ကလေး အနေတော်ပြည့်သွားတော့ အရက်နဲ့ဘီယာတွေက မျက်စိရှေ့ ရောက်လာတယ်ဗျား၊ သောက်ဖြစ်ပါတယ်၊ ဘီယာနည်းနည်း၊ ဗေါ့ဒ်ကာကို ကိုကာကိုလာနဲ့ရော၊ ဝီစကီကို ဂရင်းတီးနဲ့ရော၊ အဲ့သလို ဟိုနည်းနည်း၊ ဒီနည်းနည်း၊ တခါတခါကို ငါးခြောက်ခွက် လျှောက်ရောထားပြီး လူငါးခြောက်ယောက်က ကျပန်း ရွေးသောက်ရတာ၊ ရောစပ်သူက အရင်ရွေးခွင့်မရှိ၊ နောက်ဆုံးကျန်တာ သူ့ဟာပဲ။ အလိုလေး၊ အစပိုင်း မှန်တယ်ဆိုရုံလေးပေါ့၊ သန်းခေါင်နားနီးတော့ အရှိန်စတက်တယ်၊ တက်ရင်း တက်ရင်း နောက်ဆုံး အန်သွားရောတဲ့ကွယ်၊ စင်္ကာပူမှာ ပထမဆုံးအကြိမ် အရက်ကြောင့် အန်မိခြင်းပါပဲ၊ တော်တော်ဆိုးဝါးတယ်။ သိကြတဲ့အတိုင်း အန်လိုက်ရင်တော့ နေသာထိုင်သာရှိသွားတယ်၊ ပြီးတာနဲ့ ထိုးအိပ်တော့တာပဲ၊ ဒီလိုအနေအထားမှာ အိပ်လို့သိပ်ကောင်းတာ၊ မျက်လုံးမှိတ်လိုက်တာနဲ့ လူက လေထဲကြွကြွတက်သွားတယ်၊ ချားရဟတ်ကို စိတ်ကူးနဲ့စီးတာပေါ့။ အောက်ပုံက ချားရဟတ်စီးခွင့် လက်မှတ်တွေပါ။

အိပ်ယာနိုးတော့ မနက်လင်းအားကြီး၊ လူတွေပြွတ်သိပ်နေတဲ့ အခန်းလေးထဲမှာ ဆက်အိပ်လို့ မကောင်းတာနဲ့ အိပ်ကိုမအိပ်ပဲ အပြင်မှာ နေကြာစေ့ထိုင်စားနေတဲ့ အလုပ်ဖော်တစ်ယောက်နဲ့ ခပ်စောစော ပြန်ခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ဟိုဖတ်ဒီဖတ်၊ ပြီးတာနဲ့ ဆက်အိပ်ပြန်ရော။ မွန်းမတည့်ခင် အိပ်ယာထပြီး စီးတီးဟောလ်ကို ချီတက်ရပြန်တယ်၊ အစ်မတယောက်က သူ့ စင်္ကာပူ အသိမိတ်ဆွေတွေကို မြန်မာအစားအစာ ကျွေးချင်လို့ အင်းလေးမှာ ချိန်းထားတာပါ၊ သွားသာသွားရတာ၊ ခေါင်းက နောက်ကျိကျိပါပဲ။ အောက်ပုံက သောက်နေရင်း ရိုက်ဖြစ်တဲ့ပုံပါ၊ ကျနော်ရိုက်လိုက်တာ ဆိုပေမယ့် ဘာအကြောင်းပြောနေလို့ (ဒါမှမဟုတ် သူတို့ကို ဘာတွေပြောင်ပြနေလို့) သူတို့တွေ ဒီလောက်တောင် ရီနေကြမှန်း မမှတ်မိတော့ဘူး၊ အမူအယာတွေက အတော်လေး ရီစရာကောင်းနေတယ်။ သဘောကျပါတယ်။

အင်းလေးဆိုလို့ နည်းနည်းပေါက်ကွဲလိုက်အုန်းမယ်၊ စားစရာကို အထွေအထူး မရေးချင်ပါဘူး၊ ဝန်ဆောင်မှု အပိုင်းကိုတော့ ရေးချင်နေတာ ကြာလှပြီ။ တော်တော်လေးကို စိတ်ညစ်ဖို့ကောင်းတယ်၊ ကျနော် ပြီးခဲ့တဲ့ လတွေက ကြာဇံဆီချက် သုံးခါလောက် ဆက်တိုက်စားဖြစ်တယ်၊ အမြဲတမ်း ကလီစာမထည့်ဖို့မှာတယ်၊ အမြဲတမ်းမေ့တယ်၊ ဗိုက်က တော်တော် ဆာနေတာဆိုတော့ ဘယ်တခေါက်မှ ပြန်မလဲခိုင်းပါဘူး၊ ဒါပေမဲ့ အူယားတာအမှန်ပဲ။ ပြီးခဲ့တဲ့ အခေါက်ကလည်း ထောပတ်သီးဖျော်ရည်ကို ဆီချက်နဲ့အတူမှာတယ်၊ ဒါပေမဲ့ ဆီချက်သာကုန်သွားတယ်၊ ဖျော်ရည် ရောက်မလာဘူးဗျား၊ အစကတော့ ဩော်၊ သူတို့တွေ အဓိက ဟင်းလျာဖြစ်တဲ့ ဆီချက်အရင်ချပေးပြီး ကုန်ခါနီးမှ အချိုဖြစ်တဲ့ ဖျော်ရည်ကိုချပေးဖို့ တမင်စီစဉ်တာလို့ အကောင်းဖက်က တွေးပေးသေးတယ်၊ ဘယ်ဟုတ်မတုန်းဗျ၊ လုံးလုံးကို မေ့နေတာကိုး။

လူများရင် ထားပါတော့၊ အဲဒီနေ့က ကျနော့်ဝိုင်းအပါအဝင် စားပွဲသုံးလုံးပဲ လူထိုင်တယ်၊ ဝန်ထမ်းတွေလည်း ဒီအတိုင်းပဲ ရပ်နေကြတာ၊ နှစ်မျိုးပဲမှာတာ ဆီချက်ထဲကို ကလီစာမထည့်ဖို့ မေ့သွားတယ် ထားပါတော့၊ ဖျော်ရည်လေးကိုပါ တွဲပြီး မေ့ရတယ်ဆိုတော့ အတော်လေး ဆန်းပါတယ်။ နောက်ပြီး ဘေးကနေ ဒီလူ အငန်တွေစားပြီး အချိုရည်မမှာဘူးလား ဆိုတဲ့ သံသယမျိုး မဝင်တတ်ကြတာ အံ့ဖွယ်ပဲ၊ ကျနော် မမှာခဲ့ရင်တောင် သူတို့မှာ လာမေးဖို့တာဝန်ရှိတယ်။ အနည်းဆုံး သူတို့မေ့နေလို့ စားသောက်ပြီး ထိုင်စောင့်နေရတဲ့လူကို ဖျော်ရည်လာချပေးတဲ့အခါ ဆောရီးနော် ဖြစ်ဖြစ် တခွန်းလောက် ပြောလိုက်ရင် စိတ်သက်သာရာရတယ်၊ ခက်တာက ဒါမျိုးလည်း ပြောဖော်မရပြန်ဘူး၊ နားလည်ရခက်တဲ့ အင်းလေးပါပဲ။

မနေ့ကတော့ လူအယောက်ရေထက် ချပေးတဲ့ရေခွက်က နည်းနေလို့ ရေတစ်ခွက်ထပ်မှာတာ သုံးခါတိတိ ပြောပြီးမှချပေးတယ်၊ အင်း၊ လူကျချိန်ဆိုတော့လည်း ဖြစ်တတ်ပါတယ်လို့ တွေးပေးတယ်၊ ဒါပေမဲ့ပေါ့လေ၊ အစဉ်အလာဖြစ်သွားရင်တော့ သိပ်မကောင်းဘူးပေါ့။ မြန်မာ့စားသုံးသူတွေ များလာတဲ့အလျောက် ဆိုင်ခွဲအသစ်တွေ ဖွင့်နေတဲ့ အင်းလေးကို ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်။ စင်္ကာပူမှာ၊ အထူးသဖြင့် စားသောက်ဆိုင်တွေမှာ စားသုံးသူတွေကပဲ demanding လုံးဝ မဖြစ်ကြလို့လား မပြောတတ်ဘူး၊ ဝန်ထမ်းတွေ မျက်နှာပုပ်သိုးနေတာ၊ ဝန်ဆောင်မှု ဖြစ်ကတတ်ဆန်းနိုင်တာ စသဖြင့်ကို မကြာမကြာ ကြုံရတတ်တယ်၊ ဒါတွေဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး၊ အင်း၊ အချိန်က စကားပြောမလား၊ ယှဉ်ပြိုင်မှုကပဲ စကားပြောမလား၊ စားသုံးသူအနေနဲ့ စောင့်ကြည့်ရုံမှတပါး၊ စောင့်ကြည့်ရုံပဲ ရှိပါတယ်။ အဲ၊ ဘလော့ဂ်မှာလည်း ပေါက်ကွဲခွင့်ရှိသေးတယ်။

စားပြီး သောက်ပြီး စိတ်ညစ်ပြီး ဒိုဘီကောက်က သယ်ရင်းတစ်ယောက်နဲ့ သွားတွေ့ပြန်တယ်၊ စတားဟပ်မှာ ဘာလုပ်ဖို့ရှိတယ်ဆိုလား၊ အဲဒီတော့ ထုံးစံအတိုင်း ကျူနံပါတ်နဲ့ တန်းစီရပြန်တယ်၊ ဒီမှာလည်း စိတ်ညစ်စရာ ကြုံရပြန်ရော၊ နံပါတ်က ၁၀၅၀၊ ငယ်စဉ်ကြီးလိုက် ခေါ်လာရာက ၁၀၄၇၊ ၄၈၊ ၄၉ ပြီးတော့ ၅၁ တဲ့။ ဩော်၊ နောက်လူက တခြားကိစ္စကြောင့် တန်းစီစရာမလိုပဲ အရင်ခေါ်လိုက်တာ ထင်ပါတယ်ပေါ့၊ နောက်တော့ ၁၀၅၂၊ ၁၀၅၃ တဲ့ဗျာ၊ ဟမ်၊ ဒါကတော့ နာ့ကိုသက်သက်ကြောတာပဲ ဆိုပြီး မျက်နှာထားတင်းတင်းနဲ့ ကောင်တာကို ကြားဖြတ်ဝင်ပြီး ပွစိပွစိလုပ်ရပါတယ်။ အဲဒီတော့မှ ၁၀၅၀ ဆိုပြီး ပြန်ခေါ်ပေးတယ်၊ ဟင်း၊ လူကိုများ ဘလော့ဂ်မှာ ရေးစရာမရှိဘူး ထင်နေလို့လား၊ ရေးစရာ မဖြစ်ဖြစ်အောင် လာဆွနေတယ် လို့တောင် တွေးလိုက်မိတယ်။ ဩော်၊ ဒီမှာ စားသုံးသူလာဖြစ်တာ ကံဆိုးတာပဲ၊ အများအားဖြင့် ဘာသာစကား အတားအဆီးကြောင့် ကိစ္စတစ်ခုကို လိပ်ပတ်လည်အောင် မပြောနိုင်လို့ ရေငုံနှုတ်ပိတ် နေကြတာနဲ့ပဲ စားသုံးသူတွေကို အချဉ်လို့ သဘောထားကုန်ကြရော့သလား၊ မဆီမဆိုင် လျှောက်တွေးမိတဲ့ စတားဟပ် အတွေးစလေးပေါ့ကွယ်။

နောက်တော့ အောချတ်သွား၊ ဂျူရောင်းအရှေ့သွား၊ ကလီမန်းတီးသွား၊ ဂျူရောင်းအရှေ့ကို ပြန်သွား၊ အနီလိုင်း၊ အစိမ်းလိုင်း၊ ခရမ်းလိုင်း အစုံလျှောက်စီးလိုက်ရတဲ့ နေ့လေးတစ်နေ့အဖြစ် အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ တနေ့လုံးနီးပါးလည်း လမ်းလျှောက်နေတာဆိုတော့ လူက ပျော့ခွေနေပြီ၊ ဘလော့ဂ်ကို မရေးပြန်ရင်လည်း သူများလို ဟစ်တသိန်းတို့ဘာတို့ ကြွားစရာမရှိဖြစ်အုန်းမယ် ဆိုတော့ ဖျစ်ညှစ်ရေးလိုက်သေးတယ်၊ ဟိဟိ၊ သို့သော် နှစ်ကြောင်းတိတိ ရေးအပြီးမှာ အိပ်ယာပေါ်ကို ရောက်မှန်းမသိ ရောက်သွားပါတယ်၊ ဒီနေ့မှပဲ အပြီးသတ်လိုက်ရတယ်၊ ဩော်၊ ဘဝ ဘဝ၊ ဩော်၊ ဘလော့ဂ် ဘလော့ဂ်။

8 comments:

  1.ွှအင်းလေး ၀န်ဆောင်မှုနဲ့ ပတ်သက်လို့ ကျနော်လည်း မှတ်ချက်တခုပေးချင်တယ်။ ကျနော်နဲ့ မဒမ်ပေါ မကြာခင်က ရောက်ဖြစ်တယ်။ စားပွဲထိုးလာတော့ မဒမ်ပေါက “ရွှေတောင်ခေါက်ဆွဲတစ်ပွဲ၊ ရှမ်းခေါက်ဆွဲတပွဲ။ ပြီးတော့ အိုက်စ်လီမွန်တီး နှစ်ခွက် မှာလိုက်တယ်”။ အအေးနှစ်ခွက် အရင်ရောက်လာတယ်။ အိုကေပေါ့။ မဒမ်ပေါရဲ့ ရွှေတောင်ခေါက်ဆွဲရောက်လာတယ်။ အိုကေပါဘဲ။ ဒါပေမယ့် တော်တော်နဲ့ ကျနော့် ရှမ်းခေါက်ဆွဲက ရောက်မလာဘူးခင်ဗျ။ ဆိုင်ထဲမှာ ကျနော်တို့ စားပွဲနဲ့ နောက်စားပွဲကလွဲလို့ လူလဲသိပ်ရှုပ်နေတဲ့အချိန်မဟုတ်။ မဒမ်ပေါလဲ မစောင့်နိုင်တော့လို့ စ စားနေပြီ။ ကြာတော့ ကျနော်က မသင်္ကာဖြစ်လာတယ်။ ဒီပုဂ္ဂိုလ်တွေ မေ့များနေသလားပေါ့လေ။ အဲဒါနဲ့ အနားက ဖြတ်သွားတဲ့ စားပွဲထိုးတယောက်ကို ခေါ်ပြောရတယ်။ အဲဒီစားပွဲထိုးက ကျနော့်ကို “ခဏလေးအကို” ဆိုပြီး အရင်စားပွဲထိုးကို သွားမေးတယ်။ ပြီးတော့ ကျနော့်တို့ဆီ ပြန်လာပြီး အကို ဘာနဲ့မှာတာလဲ.. လို့ မေးတယ်။ ဘာတွေနဲ့ ရသလဲ ကျနော် ဘယ်သိမလဲ။...ဟိုပုဂ္ဂိုလ်က မေးမှ မေးမသွားတာဘဲ။ ဒီလိုဘဲ မှာလိုက်တာ။ အဲဒါနဲ့ ဘာတွေနဲ့ ရလို့လဲ ဆိုတော့ ကြက် သို့မဟုတ် ၀က်နဲ့တဲ့။ အဲဒါနဲ့ ၀က်နဲ့ မှာလိုက်တယ်။ ဒါပေမယ့် ငွေရှင်းတော့ အဲဒီ စားပွဲထိုးနှစ်ယောက် ကျနော်တို့ အတင်းအုပ်နေသလို တိုးတိုးတိုးတိုး ပြောနေတာမြင်ရတော့ တင်းတယ်ဗျာ။ ကိုယ့်ဆိုင်မှာ လာအားပေးသူကို “အစက မမှာဘဲနဲ့ နောက်မှ မှာထားသလိုလို လာလုပ်တယ်” ဆိုတဲ့ ဖီလင်မျိုး ခံစားရအောင်ပေးလိုက်တယ်။ တကယ့်ကို ကသိကအောက်ပါ။ ၀န်ဆောင်မှုကို အမှတ်လျှော့လိုက်ပါတယ်။

    ReplyDelete
  2. တို.ကတော.အင်းလေးစဖွင်.ကတည်းက မှန်မှန် အားပေးပါတယ်။ ဖာလူဒါတစ်ခွက် ၅ ကျပ်လဲ သောက်ပါတယ်။ ခေါက်ဆွဲ ကြော် တစ်ပွဲ ၆ကျပ် ၆၀ ပြားဖြစ်သွါးတာနဲ.စိတ်ဆိုးလို. အပေါ်ထပ် မှာဘဲ ၄ကျပ်နဲ့စားနေတယ်။စောင်.ရတာ စိတ်မရှည်တာလဲ ပါတယ်။ စနေ ရဲ.တန်ဘိုးရှိတဲ.အချိန်ကလေးကို ဆိုင်ထဲ မှာဘဲ နေ ရမှာ နှမြောနေတယ်. ရှဲလေး ကတော. မသွားဘုးလို.ရေးစရာ မရှိပါ.

    ReplyDelete
  3. ကျွန်မလည်း အင်းလေး စဖွင့် ကတည်းက အားပေးခဲ့သူပါ။
    နောက်ပိုင်း ၀န်ဆောင်မှု က အတော် ဆိုးဝါးလာပါတယ်။တစ်ခါ မှာထားတဲ့ ဟင်းတွေအကုန်ရောက်လာပြီး ထမင်း၁ပန်းကန်ကျန်တာ ရောက်မလာပါဘူး။ ကျန်တဲ့ သူတွေကိုအားနာလို့ စားကြပါ .ရောက်လာမှာပါဆိုပြီးစောင့်တာ.။ အားလုံးသာပြီးသွားတယ်။ ရိုးရိုးထမင်းအဖြူကဘယ်နေမှန်းမသိပါဘူး။နောက်တစ်ခါ လူမျိုးခြား အလုပ်ကဧည့်သည် ပါတော့ (လူကျချိန်ဆိုတော့) တော်တော်နဲ့ မှာတာတွေ ရောက်မလာ သူက ဘယ်လောက်ကြာမှာလည်းမေးတော့ ၁ဝမိနစ်ပါတဲ့.။ နောက်တော့ကော .. နာရီဝက်နဲ့ တောင်ရောက်မလာပါဘူး။ဟို တစ်ယောက်ကလဲ မလုပ်နိုင်ရင် ၁ဝမိနစ် မပြောနဲ့ ပေါ့ ဘာညာ နဲ့.။ အခါပေါင်းများစွာ ဟင်းတလွဲဖြစ်တာတွေ လည်းကြုံဖူးတော့ ဆိုင်ရှင်တွေကိုလည်း ကွန်ပလိန့်တက် ဖူးပါတယ်။ နောက်တော့ လည်း ဒုံရင်း ဒုံရင်းမို့ စိတ်ကုန်ပြီး သွားမစားတာ အတော်ကြာပါပြီ။ ဟုတ်ကဲ့ စားသုံးသူ ၁ယောက်လျော့တာ သူတို့ အတွက် ဘာမှမဖြစ်ပါဘူး။မိတ်ဟောင်းသွားလည်း မိတ်သစ်တွေ ဒလဟော ရှိနေမှာပဲ.။စင်ကာပူကြီးမှာ မြန်မာတွေ အများကြီးပေကိုးးးသူတို့ ကတော့ တော်ရုံနဲ့ ပြင်မယ်မထင်။ စားပွဲထိုးကလေးတွေ တစ်ချို့  က မြန်မာကျောင်းသားလေးတွေပါ (အရင်ကပြောပါတယ်၊ခုတော့မသိ) ။ အဲ့ ကလေးတွေ တခြား ဟိုတယ်ကြီးတွေ ၊ ရက်စတောရန့် ကြီးတွေမှာ အချိန်ပိုင်းအလုပ်လုပ်ရင် ကတ်စတန်မာ ကို အဲ့လိုဆက်ဆံလို့ ရမှာလား သိချင်ပါရဲ့ ..။

    ReplyDelete
  4. တော်တော်နာမည်ကြီးတယ်နော် အင်းလေးက။
    စလုံးကို နောက်တစ်ခေါက်ရောက်မှ သွားလေ့လာအုံးမယ်။

    NL :)

    ReplyDelete
  5. ဟာဟ.. ပေါက်ကွဲကုန်ကြပြီ၊ ဝန်ထမ်းတွေကို ထရိန်းလုပ်ပေးဖို့ လိုနေသေးတယ်၊ အားလုံးကိုမဆိုလိုပါဘူး၊ တချို့ကျတော့လည်း ကောင်းပါတယ်။ ဒါပေမဲ့ ခြုံပြောရင် စိတ်တိုင်းကျလောက်စရာ မရှိဘူး။ ဇူလိုင်မှာအသစ်ဖွင့်တဲ့ဆိုင်ကို သွားမစားဖူးသေးတော့ ယှဉ်မပြောတတ်ဘူး၊ ကြုံရင်သွားစားကြည့်အုန်းမယ်။

    ကိုပေါ.. ကျနော်လည်း သူတို့ဝန်ဆောင်မှုကို အမှတ် ရေလည်လျှော့ထားတယ်။ အစားအသောက်ကိုတော့ လူတကိုယ် လျှာတမျိုးမို့ မပြောလိုပါဘူး။

    ခင်ဦးမေ.. ဟုတ်တယ်၊ ဈေးကြီးတဲ့အပြင် ဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းဆိုတာတွေ့တော့ ပိုဆိုးတယ်။ စားသောက်ပြီး ပန်းကန်လွတ်တွေ တွေ့နေတာတောင် လက်ထဲမှာ ဘာမှမရှိလည်း သိမ်းမသွားတတ်တဲ့ဟာ။

    စာဖတ်သူ ၁ .. ဟုတ်တယ်၊ ကျနော်လည်း မကျေမနပ်ဖြစ်ပြီး တခါကပြောဖူးသေးတယ်၊ ဒါပေမဲ့ သိပ်အရေးလုပ်ပုံမရတော့ နောက်ပိုင်းမပြောတော့ဘူး။

    စာဖတ်သူ ၂ .. ရေပေါ်မှာ လှေကလေးတွေ အိမ်ဆောက်တယ် သတင်းမွှေးတဲ့ အင်းလေးကန်တော်ဝယ်.... မိတ်ဆွေများ နောင်အင်းလေးကို လာခဲ့ဘို့ ဖိတ်ခေါ်ပါရစေ...နောင်ဗေနောင်.. (ကိုပေါ.. ကော်ပီရိုက်မရှိဘူးထင်တယ်နော်၊ ဟားဟား)

    ReplyDelete
  6. ဒီလောက်ဆိုးတဲ့ ဆိုင်က ဆိုင်ခွဲတောင် ထပ်ဖွင့်ရသလား။ အံ့ပါပေ့။ စားသုံးသူများ သပိတ်မှောက်လိုက်ကြ....
    ဟိ အကျင့်ပါသွားလို့

    ReplyDelete
  7. ဂျစ်တူးသည် အင်းလေးကို လုံးဝ လုံးဝ သပိတ်မှောက်ထားသည်မှာ နှစ်နှင့်ပင် ချီတော့မည် ။

    အောက်တွင် ရေးထားကြသော ဆိုးရွားသော အခြေအနေများကို ရင်မဆိုင်ခဲ့ဖူးသော်လည်း ၊ လက်ရာမကောင်း ၊ ဈေးကြီး ၊ ပုတ်သိုးနေသော စားပွဲထိုးများမျက်နှာများကို ရင်ဆိုင်ပြီး စားချင်စိတ်ကုန်ခန်းသွားတတ်သောကြောင့် ဖြစ်ပေသတည်း ။

    ReplyDelete
  8. အစ်မခင်မင်းဇော်.. ကျနော်တို့ပဲ ကံဆိုးလို့လား မသိဘူး၊ သွားတိုင်းသိပ်အဆင်မပြေဘူး၊ ဆိုင်ခွဲကတော့ လက်ရှိဒီမန်းနဲ့ဆို သုံးလေးဆိုင် အသာလေးထပ်ဖွင့်လို့ရမယ်ထင်တယ်။ ဒါကြောင့်လည်း တခြားလူတွေ ဘိန်းမုန့်ကိုဝင်ခြမ်းကြတာပေါ့။

    မဂျစ်.. ပိုင်၏၊ ကျွန်ုပ်လည်း တော်တော်နှင့်ထပ်သွားဖြစ်မည် မထင်တော့၊ တခြားဆိုင်များကို သွားအားပေးကြည့်လိုက်ပါမည်။

    ReplyDelete