Search This Blog

Loading...

11 August 2008

♠ Hello Burma

ဒီတလော စလုံးမြန်မာ ဘလော့ဂ်လောကမှာ နိုင်ငံရေးဂယက်ထနေတယ်၊ သို့သော် တချို့ အပိုင်းတွေက ကောင်းသောလက္ခဏာ မဟုတ်တာအမှန်ပဲ၊ ကျနော့်နောက်ဆုံး ကွန်ကလူးရှင်းကတော့ ပါးစပ်ပိတ်ပြီး သူများ ရေးထားတာတွေ လိုက်ဖတ်ခြင်းနဲ့ပဲ အချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။ အဲဒီထဲမှာ ဖတ်မိတဲ့ စလုံးပြင်ပက မခင်မမမျိုး ရေးထားတဲ့ ပို့စ်ထဲက တပိုင်းတစကို ကူးတင်လိုက်ပါတယ်၊ အပြည့်အစုံကို ဒီမှာ သွားဖတ်ကြပါ၊ လက်တွေ့လုပ်နေကြသူများ တွေးစရာရှုထောင့် အသစ်တွေ ရနိုင်မယ် ထင်ပါတယ်။ ဒီလိုအတွေးအခေါ်တွေ ချပြနိုင်တဲ့အပိုင်းမှာ ကျနော်သာ သူမရဲ့ခြေဖျားမှီနိုင်မယ်ဆိုခဲ့ရင်...
--
ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာနှင့် မြန်မာ့အရေးအနှစ်နှစ်ဆယ် - ခင်မမမျိုး

ပြည်ပအတိုက်အခံများတွင် standpoint နှင့် scope ကို အဖွဲ့အစည်းများ အလိုက် သတ်မှတ် ကြရန်လည်း လိုအပ်လာပြီဟု မြင်ပါသည်။ အနှစ်နှစ်ဆယ်ကာလတွင် မိမိတို့နှင့် အနီးကပ်ဆုံး ဆက်ဆံကြရသည်က အစိုးရများထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများတွင် အချို့က လူ့အခွင့်အရေးအဖွဲ့များ၊ အချို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ အချို့က နိုင်ငံရေး အကျဉ်းသားစောင့်ရှောက်ရေး၊ အချို့က အမျိုးသမီး အခွင့်အရေးအဖွဲ့များ စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။ ထိုသို့ ပူးတွဲလုပ်ဆောင်ရင်း မိမိတို့ အတိုက်အခံအင်အားစုများသည် စစ်အာဏာရှင်အား တိုက်နေသည့် တော်လှန်ရေးအဖွဲ့များ အသွင်မဆောင်တော့ပဲ အင်ဂျီအိုအဖွဲ့များ ပုံသဏ္ဍာန် ဖြစ်လာပါသည်။ report များထုတ်လိုက်၊ ပရောဂျက်များတင်လိုက်၊ ချပေးသည့် funds များဖြင့် ချပေးသည့် ပရောဂျက်များ လုပ်လိုက်၊ စတိတ်မင့်များ ထုတ်လိုက်ဖြင့် non-state actors များဖြစ်သည့် Transnational organizations အသွင်များ ပေါက်လာပါသည်။ မြန်မာနိုင်ငံမှ စစ်အစိုးရအားတိုက်နေသည့် collective identity က တစတစ ပျောက်ကွယ်လာပါသည်။

စစ်ရေး၊ စီးပွားရေးများတွင် ရန်သူ့လူ၊ ပြိုင်ဘက်လူများအား ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ရေးသည် အလွန်ပင်ပညာသားပါ၍ ထိရောက်လှသော ဗျူဟာတရပ်ဖြစ်ပါသည်။ လုပ်ကိုင်နေသော လုပ်ရပ်များသည် ထိုဗျူဟာမြောက်လုပ်နေကြသည်လား၊ ရန်သူများအချင်းချင်း ပိုမိုစည်းလုံးသွားပြီး ရန်သူသစ်များပင် ပိုမိုတိုးပွားလာအောင် ဖော်ဆောင်နေကြသည်လား ဆိုသည်ကို ပြန်လည်ဆင်ခြင်ကြည့်စေလိုပါသည်။ ချစ်ကြည်ရေးမတည်ဆောက်နိုင်လျှင်တောင် ရန်သူ မလုပ်သင့်ပါ။ စစ်အစိုးရအားဖိအားပေးရန် အာဆီယံကို အီးယူက ပြောပေးပါ။ အမေရိကန်က ပြောပေးပါ သွားလုပ်နေလျှင်တော့ ဒီပွဲကဘယ်တော့မှ ပြီးမည်မဟုတ်ပါ။ အာဆီယံသည် အီးယူလက်အောက်ခံမဟုတ်သလို၊ အမေရိကန် လက်အောက်ခံလည်း မဟုတ်ပါ။ ချဉ်းကပ်နည်းများ လိုအပ်လှပါသည်။

စစ်ရေးစစ်ရာများအသာထား။ အရပ်ဘက် ဥပမာလေးတခုကိုပင် တင်ပြလိုပါသည်။ လမ်းထဲတွင် အိမ်သုံးအိမ်ရှိသည်ဆိုပါစို့။ မိမိအိမ်တွင် ပထွေးက အိမ်ဦးစီးလုပ်နေပြီး တအိမ်လုံးအားနှိပ်စက်နေ၍ ရပ်ကွက်ထဲ ထွက်လာသည်။ အိမ်မှပထွေးအား အိမ်ဦးစီးအဖြစ်မှ ဖြုတ်ချလိုသည်။ အိမ်၏ညာဘက်တွင်ကား ပထွေးနှင့် မိတ်ဆွေအပေါင်းအသင်း ဖြစ်နေသည့် ဦးတရုတ်ရှိသည်။ ဦးတရုတ်က ပထွေးကို သူ့၏ ဓနရှိန်ဖြင့် အကာအကွယ် ပေးထားသည်။ ဦးတရုတ်တွင် တိတ်တိတ်ပုန်း ယူထားသော အငယ်အနှောင်းရှိသည် ထားပါတော့။ တခါ အိမ်၏ ဘယ်ဘက်တွင်ကား ဦးအာဆီယံခြံဝိုင်းရှိသည်။ ဦးအာဆီယံနှင့် ပထွေးတို့က စီးပွားရေး ကူးလူးဆက်သွယ် မှုများရှိနေသည်။ ပထွေးထံမှ ထွက်လာ၍ ရပ်ကွက်ထဲရောက်လာသူသည် မည်သည့်အလုပ်ကို ဦးစားပေးပြုလုပ်သင့်သနည်း။ ရပ်ကွက်ရုံးတိုင်တော့လဲ အိမ်တွင်းရေးမို့ အရေးယူ၍ မရကြောင်းဆိုနေပြီ။ သို့ဆိုလျှင် ထိုသူသည် ပထွေးအား အကာအကွယ်ပေးတတ်သော ဦးတရုတ်အား အမြင်ကပ်မှုဖြင့် အငယ်အနှောင်းယူသည်မှာ မကောင်းကြောင်း ရပ်ကွက်ထဲတွင် လိုက်ပြောကာ ဦးတရုတ် တလင်တမယားစနစ် ကျင့်သုံးရန် သူ့ခြံရှေ့တွင် သွားရောက်ဆန္ဒပြတောင်းဆိုမည်လော (သို့မဟုတ်) ပထွေးနှင့် စီးပွားရေးတွဲလုပ်နေသည်ကို မကျေမနပ်ဖြစ်ကာ ဦးအာဆီယံ ခြံဝိုင်းအား ခဲနှင့် သွားထုမည်လော (သို့မဟုတ်) ပထွေး မကောင်းကြောင်း ရပ်ကွက်ထဲ လှည့်လည်ပြောကာ ဘာမှမလုပ်ပေးနိုင်သည့် ရပ်ကွက်သားများအား မျက်ရည်ခံလိုက်ထိုး ပြောပြနေရင်း အချိန်ကုန်မည်လော (သို့မဟုတ်) ရရာ လက်နက်များစု၊ ခြံတွင်းမှ ညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ကာ ပထွေးအား တိုက်ခိုက်ပြီး အိမ်မှထွက်သွားအောင် လုပ်ကြမည်လော။ မည်သည့်အလုပ် လုပ်သင့်သည်ကို မိမိတို့ဘာသာ စဉ်းစားတွေးတော ကြစေလိုသည်။
--
တခြားဖတ်ရန်များ

သာသည့်မြေမှာ - ပန်ဒိုရာ

This is စလုံး - လူသစ်

ကလူသစ်ဖတ်ဖို့စာ - ကိုပေါ

ကျွန်းပေါ်မှဖြစ်ရပ်များ - လင်းလက်ကြယ်စင်

7 comments:

  1. ကိုတီဇက်အေ....

    ခင်မမမျိုးပြောထားတဲ့ အဖွဲ့တွေနဲ့ စင်္ကာပူက အဖွဲ့တွေနဲ့ တူပါသလား (ကျနော်နဲ့ ကလူသစ်ရဲ့ ပို့စ်တွေကို လင့်ခ်ချိတ်ထားတဲ့အတွက်မေးရခြင်းဖြစ်ပါတယ်။)
    စင်္ကာပူက အဖွဲ့တွေ ဘယ်ကိုမှ ပရော့ဂျက် တင်ပြီး လုပ်နေတာမဟုတ်။ ကိုယ့်ထမင်းကိုယ်စား အိတ်စိုက်လုပ်နေကြခြင်းဖြစ်ပါတယ်။

    စင်္ကာပူက အဖွဲ့တဖွဲ့ဆိုရင် အဲသည်ပထွေးကို ကန်ထုတ်နိုင်ဘို့ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး တလ မပြတ် ပြည်တွင်းက မောင်နှမတွေကို အိပ်စိုက် ထောက်ကူနေခဲ့တယ်။ ခင်မမမျိုးကိုယ်တိုင်တောင်မှ ဒီအကြောင်းတွေ သိနိုင်မယ်မဟုတ်။ တချို့အပိုင်းတွေက လွတ်လွတ်လပ်လပ် ထုတ်မပြောနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အဲသည်လိုတောင်မှ တစိုက်မတ်မတ် မလုပ်ခဲ့တဲ့သူတွေက လုပ်နေတဲ့လူတွေကို တရားလာဟောနေရင် အဟောခံရတဲ့လူတွေ ဘယ်လိုရှိမလဲ။

    ဒါပေမယ့် အဲဒီလို ထောက်ကူတာက တပိုင်း။

    ပရော့ဂျက်လုပ်တဲ့လူတွေထဲမှာလည်း တချို့က သူ့အတိုင်းအတာအလျောက် ထိရောက်အောင် လုပ်နိုင်သူတွေ ရှိပါတယ်။ ဥပမာ...ကိုအောင်ဒင်တို့ရဲ့ ယူအက်စ်ကမ်ပိန်းဖော် ဘားမား။ သူတို့ ပြည်တွင်းကို မထောက်ကူဘူးဘို့ ကိုတီဇက်အေပြောနိုင်ပါသလား။ နောက်သူတို့ ပြည်ပမှာ မြန်မာ့အရေးကို သိအောင် တချိန်လုံးမီးမောင်းထိုးပြနေတဲ့အတွက် နအဖ အစိုးရဟာ တချို့ကိစ္စတွေမှာ စိတ်ထင်တိုင်း မလုပ်ရဲဘဲ ထိန်းချုပ်ရတာတွေရှိပါတယ်။ နို့မဟုတ်ရင် အတိုက်အခံ ခေါင်းဆောင်အားလုံးကို နအဖ သတ်ပစ်တာကြာပြီပေါ့။

    တချိုကိစ္စတွေမှာ မိမိက ထဲထဲဝင်ဝင် မပါတဲ့အတွက် ဘယ်သူတွေ ဘာတွေလုပ်နေသလဲဆိုတာ သိနိုင်ဘို့ ခဲယဉ်းပါတယ်။ ဘလော့ဂ်ပေါ်မှာ ရေးတာလောက်ဖတ်ပြီး၊ ကောက်ချက်ဆွဲရင် တလွဲထွက်လာပါလိမ့်မယ်။

    ကိုပေါ။

    ReplyDelete
  2. Like the way of giving example! I also feel the same way! If we keep hoping to get help from other countries like U.S, don't know how long we still have to wait. It will be faster fighting ourselves than looking forward to get the help from others.
    I, personally agree with most of the point that မခင်မမမျိုး said in her blog.

    ReplyDelete
  3. I don't want to discuss about the points of Ma Khin Ma Ma Myo's article. I only want to point out that her article is not related to the three other articles linked in the above post. I think TZA is dishonest in making them seem related by linking together. Burmese people should beware of dishonest people like him.

    ReplyDelete
  4. To Anonymous

    How could you say dishonest to other person who contributed more than you did. He didn't mention that all the articles that he linked were related somehow. I assume that you will be able to read Burmese Words "တခြားဖတ်ရန်များ", which mean if you want to read, just read it. And if you doesn't, then you best go and hug the tree or go and make nuclear bomb from dustbin.

    ReplyDelete
  5. စာထဲမှာရေးထားတာတွေ၊စိတ်ကူးတွေဟာလက်တွေ့နဲ့အမြဲတမ်းတထပ်တည်းမကျဘူး။လက်တွေမို့ပြောမယ်။ဘာအကူအညီ၊ဘာproject မှမယူဘဲကိုယ့်ထမင်းကိုစားပြီးလုပ်ရင်၊ကိုယ့်အိမ်ရှေ့တံပြက်စီးလှည်းတဲ့အလုပ်လောက်ဘဲလုပ်နိင်လိမ့်မယ်။နိင်ငံခြားမှာနေ့စဉ်စားဘို့နေဘို့ကရေရှည်မှာမလွယ်ဘူး။ဘာအကူမှမလိုချင်တော့အခုအိမ်ရှေ့တံပြက်စီးလှည်းတဲ့အလုပ်ဘဲလုပ်နိင်တော့တယ်။

    ReplyDelete
  6. ဘော်ဘော်တို့.. ကျနော့်တာထွက်မှတ်က ပိုကောင်းဖို့ကိုပဲ ဦးတည်ပါတယ်၊ အငြင်းပွားဖို့ မဟုတ်ပါဘူး။ ဒီမှာပဲဖြစ်ဖြစ်၊ တခြားနိုင်ငံပဲဖြစ်ဖြစ်၊ မြန်မာ့အရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားနေတဲ့ လူများအားလုံးကို လေးစားသလို နဂိုကတည်းက အသိအမှတ်ပြုပြီးသားပါ။ ကျနော်တို့ဟာ တလှေတည်းစီးပြီး တခရီးတည်းသွားနေသူများပါ၊ အချိန်ပြည့်မပေးနိုင်တဲ့အတွက် စိတ်ပေါက်တဲ့အခါ ထထပြီး လှော်မှာပါ၊ ပန်းတိုင်ချင်းကတော့ အတူတူပါပဲ။
    --
    ကျနော် မခင်မမမျိုးရဲ့ စာတွေကို စ ဖတ်ဖြစ်တာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပါ၊ သူမဖော်ပြနေတဲ့ အကြောင်းအရာကို အသာထား၊ တင်ပြပုံနဲ့ အတိမ်အနက်ကိုက သာမန်အပေါ်ယံ ရေးထားတဲ့စာမျိုး မဟုတ်ဘူးဆိုတာ ဖတ်မိသူတိုင်း သိမှာပါ။ ဒါတွေဟာ အပျော်တမ်းလေ့လာသူတွေ ရေးနိုင်တဲ့စာထက် ပိုကျယ်၊ ပိုနက်ပါတယ်။ အခုဖြစ်ပုံက ကျနော့်ဘလော့ဂ်မှာ သူမရဲ့ စာတချို့ကို ကူးတင်ချင်တယ်၊ သို့သော်သူမကိုလည်း တကူးတက ခွင့်မတောင်းချင်တော့ (ကြာမှာစိုးလို့) ပို့စ်ထဲမှာ ကျနော်ဟာ သူမရဲ့ တင်ပြပုံတွေကို လေးစားအားကျကြောင်း "အတွေးအခေါ်တွေ ချပြနိုင်တဲ့အပိုင်းမှာ ကျနော်သာ သူမရဲ့ခြေဖျား မှီနိုင်မယ်ဆိုခဲ့ရင်" ဆိုပြီး ပေါ်လွင်အောင် ရေးလိုက်ပါတယ်၊ သူမ လာဖတ်မိခဲ့ရင် စိတ်မဆိုးပဲ (ဆိုးမှာမဟုတ်ဆိုတာ သိနေသော်ငြားလည်း) အလွဲသုံးစားဖို့ မဟုတ်၊ သဘောကျလို့သာ ကူးတင်ထားခြင်းဖြစ်ကြောင်း သိသာအောင်ပါ။
    --
    အကြောင်းအရာပိုင်းကိုတော့ မူရင်း ရေးသားတင်ပြသူ ကိုယ်တိုင်ပဲ ပြန်လည်ဖြေရှင်းဆွေးနွေးသင့်တဲ့အတွက် သူမရဲ့ ဘလော့ဂ်မှာ သွားရောက် ဝေဖန်ဆွေးနွေးစေလိုပါတယ်။ ကျနော်ကတော့ အားရပါးရဖတ်ပြီး မှတ်သားသင့်တာ မှတ်သားမှာပါပဲ၊ ဘယ်သူဘယ်ဝါရေးတာထက် ရေးလိုက်တဲ့ အကြောင်းအရာထဲမှာ အနှစ်ဘယ်လောက်ပါသလဲကိုပဲ ဂရုစိုက်ပါတယ်။
    --
    အဲနီးဝေး၊ အထင်လွဲတာကိုတော့ ဖြေရှင်းရမှာပါ။ ဒီပို့စ်တွေ အားလုံးကိုဖတ်ပြီး အစာချေတော့ တချို့အချက်အလက်က နှိုင်းယှဉ်တွေးတောလို့ မရသလို တချို့ကျတော့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတာတွေ့ရပါတယ်။ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်ပါ၊ ကျနော်ရွေးထုတ်ပြီး ရေးနေပြန်ရင် အငြင်းပွားစရာ ဖြစ်လာမှာစိုးပါတယ်။ ပြဿနာကို စားပွဲပေါ်တင်ပြီး ဖြေရှင်းတာကမှ ကျနော့်လုပ်ထုံးဆိုပေမဲ့ "မင်းတို့ဒီမိုသမားတွေ" ဆိုတဲ့ ဝါကျမျိုးနဲ့အစချီပြီး ရေးတတ်သူတွေအတွက် ပို့စ်အသစ် တင်စရာ မဖြစ်စေချင်ဘူး။ ဆိုတော့၊ ဖတ်ကြပါ၊ ကိုယ့်နဲ့သင့်တော်တာယူကြပါ၊ မသင့်တော်တာ ပယ်ကြပါ၊ ကျနော့်မှာ ဘယ်ဟာသည် အားလုံးအတွက် သင့်တော်၏၊ ဘယ်ဟာသည် မသင့်တော်၏ ဆိုတဲ့ ဆုံးဖြတ်ပေးနိုင်ခွင့် မရှိဘူး၊ သို့သော် ဘယ်ဟာကို နှစ်သက်၏၊ ဘယ်ဟာကို ထောက်ခံ၏ ဆိုတာကိုတော့ လူတစ်ယောက်အနေနဲ့ ကောင်းကောင်းကြီး ရွေးချယ်ခွင့်ရှိနေတယ်။
    --
    peace! :) ဆက်လှော်ကြပါစို့။

    ReplyDelete
  7. လာရောက် ဖတ်ရှုသွားပါတယ်

    ReplyDelete