ကော်မတီအဖွဲ့ဝင်တွေရဲ့ ရွေးချယ်မှုကိုခံလိုက်ရတဲ့ ဟုန်ဟွာကုမ္ပဏီရဲ့ ပလန်ကိုတော့ ရောစပ်ပုံစံ mixed type လို့ခေါ်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အဓိကအစိပ်အပိုင်း နှစ်ခုပါဝင်နေလို့ပါ။ ပထမတစ်ခုက အခြေခံအုတ်မြစ်ကို ပိုပြီးမြဲမြံအောင် လုပ်ပေးတဲ့အစီအမံဖြစ်ပြီး၊ နောက်တစ်ခုကတော့ တုန်ခါမှု လျှော့ချပေးတဲ့အပြင် ပျော့ပျောင်းမှုလည်းရှိတဲ့ (flexible ဖြစ်တဲ့) မြေအောက်တံတိုင်း ဖြစ်ပါတယ်။
ပလန် (၂) ဟုန်ဟွာ ၏ နှစ်မျိုးစပ်နှစ်ပြန်ကြော်နှစ်မွှာပူး တုန်ခါမှုလျှော့ချရေးနည်းလမ်း
အခြေခံအုတ်မြစ်ကို ပိုမြဲမြံခိုင်ခံ့အောင် လုပ်ယူတယ်ဆိုတာက မိုးပျံရထားသံလမ်းရဲ့ ဒေါက်တိုင်တစ်ခုနဲ့ တစ်ခုအကြားမှာ မြေအောက်က ပန္နက်တိုင်တွေကို သံကူကွန်ကရစ်နဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း ပန္နက်တိုင်ကို ကွန်ကရစ် တိုက်ရိုက်လောင်းပြီး အသေဆက်ပစ်တာ မဟုတ်ပဲ တုန်ခါမှု လျှော့ပေးနိုင်တဲ့ ချိတ်ဆက်ကိရိယာ Damper တွေကို ကြားခံထားပါတယ် (စာရင်းအရ ၁၁၄၄ ခု၊ လက်တွေ့ ဘယ်နှခုတပ်ဖြစ်သလဲ မသိပါ)။ ချိတ်ဆက်ကိရိယာတွေရဲ့ လုပ်ဆောင်ချက် ကတော့ ရထားခုတ်မောင်းနေတဲ့ အချိန်မှာ တုန်ခါမှုနည်းအောင် အပြန်အလှန် ချိတ်ဆက်လိုက်ခြင်းပဲ၊ ဒါဟာ ရထားလမ်းရဲ့ ပင်ကိုယ်ခိုင်မြဲမှု Stiffness ကို ကျားကန်ပေးတာပါ။ ငလျင်လှုပ်တဲ့အခါ သံကူကွန်ကရစ် ကိုယ်ထည်က ဒေါက်တိုင်တွေပေါ်ကို အားသက်ရောက်ခဲ့ရင် ချိတ်ဆက်ကိရိယာ အတွင်းပိုင်း ဝက်အူတွေကနေ တန်ပြန်ပွတ်တိုက်အားဖြစ်ပေါ်ပြီး တုန်ခါအားကို လျော့နည်းစေနိုင်မယ်။ အကယ်၍ ငလျင်အင်အားက ချိတ်ဆက်ကိရိယာတွေရဲ့ ခံနိုင်စွမ်းထက် ပြင်းခဲ့ရင်တော့ လုံခြုံရေးအတွက် အဲဒီကိရိယာတွေဟာ ချိတ်ဆက်ထားရာက အလိုအလျောက် လွှတ်ပေးလိမ့်မယ် (လျော့တိလျော့ရဲ ဖြစ်သွားမယ်)၊ ဆက်ပြီးတင်းခံနေရင် ရထားသံလမ်းအတွက် အပျက်အစီးပိုများမှာ မို့လို့ပါ၊ ဒါကြောင့် ဒီနည်းဟာလည်း မူလအတိုင်းရှိနေတဲ့ မြေထုရဲ့ ပျော့ပျောင်းမှု Flexibility ကို မထိခိုက်စေဘူး။
ဒုတိယအပိုင်းဖြစ်တဲ့ မြေအောက်တံတိုင်းကို ခွဲခြမ်းပြောရရင် အရာနှစ်ခု ပါဝင်နေပြန်တယ်၊ တစ်ခုက မြေအောက်တံတိုင်းရှည် ဖြစ်ပြီး၊ နောက်တစ်ခုက ပျော့ပျောင်းမှုရှိပြီး တုန်ခါခြင်းကို လျှော့ချနိုင်တဲ့ ကြားခံ အရာဝတ္ထုဖြစ်တယ်။ တစ် အချက်ဖြစ်တဲ့ တံတိုင်းရှည်က တာဝန် ၂ ခုယူထားတယ်၊ တစ်ခုက တုန်ခါလှိုင်းကို လျှော့ချပေးတာ၊ နောက်တစ်ခုက ငလျင်လှုပ်တဲ့အခါ အန္တရာယ်သိပ်မဖြစ်အောင် ကာကွယ်ပေးတာပါ။ (အသေးစိပ် ရေးရန်မလိုဟု ယူဆသဖြင့် တံတိုင်းတည်ဆောက်ပုံကို ချန်လှပ်ခဲ့ပါမည်၊ ပြန်ရခက်တာလည်း ပါပါသည်၊ ဟီဟီဟီ)။ နှစ် အချက်ဖြစ်တဲ့ တုန်ခါမှုလျော့ကျစေတဲ့ ကြားခံဝတ္ထုကိုတော့ အထူးစီမံထားတဲ့ ရာဘာသားတမျိုး သုံးတယ်၊ ဒါက တုန်ခါလှိုင်းကို စုပ်ယူဖို့ပါ။ အပေါ်ပိုဒ်မှာ ရေးသွားခဲ့တဲ့ ချိတ်ဆက် ကိရိယာတွေကြောင့် တုန်ခါလှိုင်းတွေဟာ ဖရီကွမ်စီနိမ့်တဲ့ တုန်ခါမှုအဖြစ် ပြောင်းလဲသွားတဲ့အခါ ဒီအပိုဒ်မှာ အခုရေးနေတဲ့ မြေအောက် တံတိုင်းနဲ့ ရာဘာကြားခံဝတ္ထုက ထိထိရောက်ရောက် ကာဆီးပြီး ဖမ်းစုပ်ပစ်မှာပါ၊ ဒါမှလည်း မြေပြင်တုန်ခါမှုကို အနည်းဆုံး ဖြစ်စေမှာဖြစ်ပါတယ်။ (ယုံကျွင့်ပလန်မှာ မြေတူးပေမယ့် တံတိုင်းမကာဘူး)
တုန်ခါနှုန်း (ကြိမ်နှုန်း) ကို အမြင့်နဲ့ အနိမ့်ဆိုပြီး နှစ်မျိုးခွဲတယ်၊ ကြိမ်နှုန်းမြင့်တဲ့ တုန်ခါမှုကို ချိတ်ဆက် ကိရိယာတွေက တားဆီးပေးနိုင်ပေမယ့် ဖရီကွမ်စီနိမ့်တဲ့ တုန်ခါမှုကတော့ မီတာ ၄၀၀-၅၀၀ လောက်ထိ ပျံ့နှံ့သွားနိုင်တယ်။ ဒါကြောင့် ဒုတိယအစီအမံတွေဖြစ်ကြတဲ့ မြေအောက်တံတိုင်းက တားဆီးလိုက်ပြီး ကြားခံဝတ္ထုက စုပ်ယူပေးတယ်။ ဒါကတော့ ဟုန်ဟွာရဲ့ အရော ပလန်ပဲဖြစ်ပါတယ်။ ဂျပန် မီဒီယာကတောင် ထိုင်နန်ထိ သွားရောက် ဗျူးကြခြင်းကို ထောက်ချင့်ခြင်းအားဖြင့် ဒီနည်းလမ်းက အတော်လေး တီထွင်ကြံဆမှုကောင်းပြီး ထိရောက်မှုရှိတယ်လို့ ယူဆပါတယ် ဆိုပြီး သတင်းစာတစ်စောင်က မြှောက်ပင့်ရေးထားတယ်။
ထိုင်ဝမ်-အမေရိကန် အာကာသဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ ဆောင်းပါးမှာတော့ ဟုန်ဟွာ Mixed type ရဲ့ အကျိုးတွေကို ဒီလိုမှတ်ချက်ပေးထားတယ်။ ၁၊ ချိတ်ဆက်ကိရိယာတွေ အသုံးပြုပြီး တုန်ခါလှိုင်းရဲ့ လှိုင်းအမြင့် Amplitude တိုသွားစေခြင်း၊ ၂၊ တုန်ခါလှိုင်းရဲ့ Spectrum ကို ပြောင်းလဲပစ်ခြင်း၊ ၃၊ တုန်ခါမှုဖြစ်တည်ရာ မူရင်းဇစ်မြစ် Source တွေကို အစက်အပြောက် အများကြီးကနေ လိုင်းတစ်လိုင်းတည်း ဖြစ်သွားအောင် စွမ်းဆောင်နိုင်ခြင်း (ဒေါက်တိုင်တွေကို ချိတ်ဆက်လိုက်လို့)၊ ၄၊ မြေနက်ပိုင်းအလွှာကိုဖြတ်ပြီး တုန်ခါမှု ပျံ့နှံ့ခြင်းအစား ပိုတိမ်တဲ့ အပေါ်ယံ မြေလွှာကနေ ပျံ့နှံ့စေခြင်း ဆိုပြီး ၄ ချက်ကြီးများတောင်ရှိတယ်။ ဒါဟာလည်း အရှေ့ပို့စ်မှာ ခွဲရေးသွားတဲ့ ကောင်း၊ သင့်၊ ညံ့ သုံးကဏ္ဍထဲမှာ ကောင်း ဆိုတဲ့ ကဏ္ဍထဲ ကျရောက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ကောင်းဖြစ်လိမ့်မယ့်အပြင် ဒီလိုပြဿနာဖြေရှင်းရာမှာ ကမ္ဘာ့စံချိန်တောင် တင်ကောင်း တင်လိုက်နိုင်မယ်လို့ ဆိုထားပါတယ်။ နောက်ပြီး ပလန်နှစ်ခုကို ဆောက်ပြီးသွားရင် ဖြစ်လာနိုင်တဲ့ အကျိုးတွေရယ်၊ ကုမ္ပဏီနှစ်ခု တောင်းဆိုတဲ့ဘတ်ဂျက်ရယ်၊ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းစာရင်းရယ်၊ အားလုံးယှဉ်ထိုးကြည့်တဲ့အခါ ယုံကျွင့်ရဲ့ အမြတ်အစွန်းက ဟုန်ဟွာထက်တောင် ရာခိုင်နှုန်းပိုများနေတယ်လို့ ထောက်ပြထားပါတယ်။
--
နောက်ဆုံးအနေနဲ့ ရေးရမှာက စမ်းသပ်ကာလမှာ တိုင်းတာရရှိတဲ့ တုန်ခါနှုန်းတန်ဖိုးကိုပါ၊ တိုင်းတာဖို့တာဝန်ယူတဲ့ ဂျယ်ယီ ကုမ္ပဏီက ရထားအခေါက်ရေ ၁၀၀၀ ပေါ်မူတည်ပြီး တိုင်းတာထားတဲ့ ကိန်းဂဏန်းတွေအရ ဟုန်ဟွာရဲ့ ပလန်ကြောင့် တုန်ခါမှုဟာ ပတ်ဝန်းကျင်နောက်ခံပမာဏ (လူ့ပယောဂမပါပဲ သဘာဝအတိုင်း တည်ရှိနေတဲ့ ရေဒီယိုသတ္တိကြွမှု၊ အသံညစ်ညမ်းမှု စတာတွေရဲ့ ပမာဏ) environmental background value အထိ လျော့ကျသွားတယ်လို့ ထုတ်ပြန်ခဲ့တယ်။ မီတာ ၂၀၀ အကွာအဝေးကနေ တိုင်းတာချက်အရ (ရထားလမ်းက တိုင်းတာလား၊ စက်ရုံတွေဖက်ကလား၊ မြေအောက်တံတိုင်းဖက်ကလား ဆိုတာကိုတော့ သေချာမဖတ်မိပါ၊ သို့သော် ရထားလမ်းဆီက တိုင်းတာဖြစ်ဖို့များပါတယ်) မူလ ၅၉ ဒက်စီဘယ်လ် ကနေ ၅၀ ဒက်စီဘယ်လ် အထိ ၉ ဒက်စီဘယ်လ် ကျဆင်းသွားပြီး၊ မီတာ ၄၀၀ အကွာ မှာတော့ မူလ ၄၇ ကနေ ၄၂ အထိ ကျသွားတယ်လို့ ဆိုပါတယ် (မှတ်ချက်၊ Colin G. Gordon ရဲ့ စံညွှန်းအရ လူနေအိမ်တွေရဲ့ ရှိသင့်တဲ့ တုန်ခါမှု ခံနိုင်စွမ်းက ၇၈ ဒီဘီ အောက်မှာပါ၊ ရုံးခန်းအတွက် ၈၄ ဒီဘီအထိ တုန်ခါနိုင်ပြီး၊ ခွဲစိပ်ခန်းကျတော့ ၇၂ ဒီဘီထက် မပိုသင့်ဘူး။ ၄၂ ဒီဘီ ဆိုတော့ တော့်တော့်ကို ခံနိုင်စွမ်းမရှိတဲ့ VC-E အတန်းအစားဝင် Class 10 Cleanrooms တွေ အတွက်တောင် စိုပြေပါတယ်၊ Cleanroom ကို သန့်စင်ခန်းလို့ မပြန်လိုပါ၊ ဟာဟ)။
--
ဒီမှာကျနော့ရဲ့ ရှည်လျားထွေပြားတဲ့ ပို့စ်လေးလည်း အဆုံးသတ်လို့ရပြီ၊ ဆိုတော့ ပထမဆုံးပို့စ်မှာ တင်ခဲ့တဲ့ ခေါင်းစဉ်ကို ပြန်ကောက်မယ်၊ တစ် ဒက်စီဘယ်လ်အတွက် ကုန်ကျစရိတ်ဟာ ၀.၈၉ ဘီလီယံ ဆိုတဲ့ကိစ္စပါ၊ ၈.၀၅ ဘီလီယံကုန်ခံပြီး ၉ ဒက်စီဘယ်လ် လျော့ကျအောင် လုပ်ခဲ့တဲ့အတွက် အနည်းလို အများစားချေ ဆိုပြီး သူတို့ရဲ့ ၁ ဒီဘီအတွက် ပေးဆပ်ခြင်းကို ခေါင်းစဉ်အဖြစ် ရေးလိုက်တာပါ။ ဒါဟာ ငွေကုန်ကြေးကျ အင်မတန်များတဲ့ (ကျောင်းလခ သောက်သောက်လဲပေးလိုက်ရတဲ့) သင်ခန်းစာပါပဲ။ မိုနိုပိုလီလို စထွက်မှတ်သို့ ပြန်သွားပါ ဆိုပြီး တစ် ကပြန်စရမယ်ဆိုရင် သူတို့ ဘယ်လမ်းရွေးမလဲ။ ရထားသံလမ်းနဲ့ စက်ရုံကို အဝေးကြီးခြားလိုက်ရုံနဲ့ ကိစ္စပြတ်သလား၊ ကျနော်ဆိုလိုတာက လမ်းပန်းဆက်သွယ်ရေး အတွက်ရော ဘယ်လောက်ထိ အလျှော့ပေး သင့်သလဲ၊ ဘူတာကို ခပ်ဝေးဝေးထားပြန်ရင်လည်း ရေရှည်မှာ ခရီးစရိတ်အတွက် အကုန်အကျများမှာပါပဲ။ ဒါကြောင့် နာရီလက်တံကို နောက်ပြန်လှည့်လို့ရရင် အခုလို တလုံးတခဲတည်း ငွေအကုန်ခံလိုက်ပြီး ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ပုံစံမျိုးကိုပဲ ပြန်ရွေးကြမလား။ (ဘာမှမဆောက်ရင်ပြီးတာပဲ လို့တော့ မပြောကြပါနဲ့)
ဤတွင်ပြီးပါပြီ။

Read More :
Vibrations : Should I worry? (pdf)
Bonus :
0 comments:
Post a Comment