Search This Blog

Loading...

01 August 2008

♠ How Taiwan did it? (1)

A သည် B သွားသည် ဆိုတဲ့ ခပ်ရိုးရိုး သတင်းမျိုးထက် A နှင့် B တို့သည် C ကြောင့် D နှင့် E ဖြစ်သွားပြီး F က A ကို ပြန် G လိုက်သဖြင့် အားလုံး H ဖြစ်သွားကြသည် ဆိုတဲ့သတင်းမျိုးက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ တနေ့က ထိုင်ဝမ်သတင်းတစ်ပုဒ်က အဲလိုအစားမျိုး ထဲကပါ၊ အကြောင်းအရာပေါင်းစုံ ရောပါနေပြီး စိတ်ဝင်စားဖို့ တော်တော်ကောင်းလို့ စပ်စုချင်တဲ့ အချက်အလက်တွေရှာပြီး ကူးတင်ထားလိုက်တယ်။ ကိုစောဘုန်းလူက မြန်မာပြန်လေး လုပ်ပါအုံးဆိုလို့ ဒီပို့စ်ကို ထပ်ရေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းက ဒီလိုပါ။ ထိုင်ဝမ်တောင်ပိုင်းက ထိုင်နန်မြို့မှာ အဆင့်မြင့်နည်းပညာ စက်မှုဇုန် အသစ်တစ်ခုကို မြောက်ပိုင်းက ရှိရင်းစွဲ ရှင်းကျူဇုန်နဲ့ အပေါ်အောက် ဘက်မျှအောင် ဆောက်ခဲ့တယ်၊ အဲဒီဇုန်တွေကို နိုင်ငံပိုင် နည်းပညာ အသင်းအဖွဲ့တစ်ခုက စီမံအုပ်ချုပ်တယ်။ နောက်တော့ တောင်နဲ့မြောက်ကို ဆက်သွယ်မယ့် ကျည်ဆန်ရထားလမ်းကို ပို့ဆောင်ရေးဌာနက ကုမ္ပဏီတစ်ခုကို တာဝန်ယူဆောက်စေတယ်၊ ရထားလမ်းရဲ့ အပိုင်းတစ်ခုက ထိုင်နန်စက်မှုဇုန်နားကို ဖြတ်သွားတယ်၊ ပြဿနာက ဒီမှာ စ ပါတယ်။ စက်မှုဇုန်လို့ ကျနော်ရေးထားပေမယ့် အဲဒီဇုန်က သမားရိုးကျ ပုံနှိပ်စက်တို့လို၊ သစ်ဖြတ်စက်တို့လို စက်ရုံတွေမဟုတ်ဘူး၊ ဆီမီးခွက်လုပ်ငန်းလို့ စလုံးမြန်မာတွေ ချစ်စနိုးခေါ်ကြတဲ့ Semiconductor လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝေဖာတွေ ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း၊ ထုပ်ပိုးခြင်း၊ အယ်လ်စီဒီ ပယ်နယ်လ်တွေ ထုတ်လုပ်ခြင်း စတဲ့ ထိုင်ဝမ်ရဲ့ ခေတ်မှီ ထုတ်လုပ်ရေးလုပ်ငန်း၊ အဆင့်မြင့်နည်းပညာ စက်မှုလုပ်ငန်းတွေ စုစည်းပေးထားမယ့် နေရာပါ။ သို့သော် ရထားလမ်းလည်း ပြီးသွားရော၊ ဇုန်ထဲကို စက်ရုံလာတည်ကြတဲ့ ကုမ္ပဏီကြီးတွေ သိသိသာသာ နည်းနေတယ်၊ အကြောင်းရင်းကတော့ ရထားဖြတ်မောင်းသွားတိုင်း ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကြောင့်ပါ၊ အဲသလို အဆင့်မြင့် အနုစိပ်နည်းပညာ စက်ရုံတွေဟာ မဆိုစလောက် တုန်ခါမှုကိုတောင်မှ ခံနိုင်စွမ်း သိပ်မရှိကြတော့ ရထားလမ်းနဲ့နီးတဲ့ မြေနေရာမှာ ပိုက်ဆံပုံပြီး မြှပ်နှံဖို့ စိတ်မကူးကြတာ မဆန်းပါဘူး။

ဒီတော့ ဇုန်ပိုင်ရှင်က နည်းလမ်းရှာကြံရပါတယ်၊ တုန်ခါမှုကို ဘယ်လိုလျှော့ချမလဲ၊ စက်ရုံတွေ ထိခိုက်မှု မရှိအောင် ဘယ်လိုတားဆီးရမလဲ စတာတွေကို သီးသန့်အဖွဲ့လေးတစ်ခု ဖွဲ့လိုက်ပြီး လုပ်ကြတယ်။ သို့သော် ကော်မတီအဖွဲ့ဝင်တွေသာ ပြောင်းလဲသွားပေမယ့် ဒီကိစ္စဖြေရှင်းဖို့ရာ အကောင်အထည် ပေါ်မလာဘူး။ နောက်တော့ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်မင်းသားဖြစ်တဲ့ မစ္စတာရှဲ ဆိုသူက အနှီကော်မတီရဲ့ ဒုဥက္ကဌဖြစ်လာတယ်၊ သူတို့လက်ထက်မှာ နည်းလမ်းကျကျ လက်တွေ့ အကောင်အထည် စ ဖော်ကြတယ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို အဆိုပြုချက် တင်သွင်းဖို့ တင်ဒါခေါ်ပြီး ဈေးဖွင့်ခိုင်းတယ်၊ တုန်ခါမှု လျော့ကျအောင် တီထွင်ထားတဲ့ နည်းလမ်းတွေကို ပုံစံငယ်နဲ့ လုပ်ပြစေတယ်၊ အဲဒီအထဲကမှ တုန်ခါမှုလျော့ကျရေးအတွက် ထိရောက်မှုအရှိဆုံး တီထွင်ကြံဆမှုကို ရွေးချယ်မှာပါ။ ပြည်တွင်းလုပ်ငန်းရှင် တွေအပြင် ဂျပန်ကလည်း စားခွက်ဝင်လုတယ်၊ ဒါပေမဲ့ ပထမအလှည့်မှာတင် လိုအပ်တဲ့အချက်တွေ မပြည့်စုံလို့ အပယ်ခံလိုက်ရတယ်၊ ဒုတိယအလှည့်မှာ အဓိက ကျန်နေတာက ထိုင်ဝမ်ကုမ္ပဏီ နှစ်ခုပါ၊ ပုံစံတစ်မျိုးစီနဲ့ ဘတ်ဂျက်တစ်မျိုးစီပေါ့။

အဲဒီနှစ်ခုထဲက ဟုန်ဟွာ ဆိုတဲ့ကုမ္ပဏီကို ကိုးဦးကော်မတီက အဆုံးအဖြတ်ပေးပြီး ရွေးချယ်ခဲ့ကြတယ်၊ ဒီမှာ ဇာတ်လမ်းက ပြီးမသွားပဲ ဒုတိယပြဿနာ စပါတယ်။ ပုံစံကို ထားလိုက်အုံး၊ ဘတ်ဂျက်ကို အရင်ပြောမယ်၊ ဟုန်ဟွာ အဆိုပြုတဲ့ပုံစံအတွက် ထိုင်ဝမ်ဒေါ်လာ ၈.၀၅ ဘီလီယံ လိုအပ်ပြီး၊ ယုံကျွင့် ဆိုတဲ့ ပြိုင်ဖက် ကုမ္ပဏီရဲ့ လိုအပ်ငွေကတော့ ၁.၈ ဘီလီယံပဲရှိတယ်၊ ယှဉ်လိုက်တော့ အဆပေါင်းများစွာ ကွာနေတယ်။ အဲဒါကိုမှ ကော်မတီကနေ ၈.၀၅ ဘီလီယံတန် အဆိုပြုချက်ကို ရွေးချယ်လိုက်တော့ ယုံကျွင့်ကုမ္ပဏီက ငါတို့ဟာ အင်မတန် ပေါနေပါလျက်နဲ့ မရွေးရကောင်းလား ဆိုပြီး နှာကစ်သွားတယ်၊ တဆက်တည်း ကော်မတီဝင်တွေ ဟုန်ဟွာကုမ္ပဏီကို ဗန်းပြပြီး ဖြတ်အုပ်နေပါတယ်လို့ တရားစွဲပါတော့တယ်၊ တန်တန့်တန်။ ဒီလိုနဲ့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးတာ၊ ခေါ်ဆိုမေးမြန်းတာ၊ ဖမ်းဆီးထိန်းသိမ်းတာ စသဖြင့် လုပ်လို့ရတာ အကုန်လုပ်ထည့်တော့ ပရိုဂျက်ကို ကိုင်တွယ်သူ မစ္စတာရှဲခမျာ မြုံစိစိ နေနေရာက ဆွဲစိခံလိုက်ရတယ်။ မီဒီယာမှာ ဟိုးဟိုးကျော် ဖြစ်သွားတယ်၊ ဘာရာထူးယူထားတဲ့ ဘယ်သူ ဘယ်သူကတော့ဖြင့် ပြည်သူ့ဘဏ္ဍာ ဘယ်လောက်တောင် ဝါးထားခဲ့လို့ အချုပ်ထဲရောက်သွားပြီ ဆိုတာမျိုးပဲ ဖိရေးကြတာပေါ့။

ဒီမှာဇာတ်ရှိန်တက်လာတယ်၊ ဖြစ်ပုံက မစ္စတာရှဲဟာ ထိုင်ဝမ်အဆင့်မြင့် နည်းပညာပိုင်းမှာ ကွန်ထရီဗြု အရမ်းဖြစ်သူ တစ်ဦးပါ၊ အထူးသဖြင့် သူ့ရဲ့ အထူးပြုဘာသာရပ်ဖြစ်တဲ့ အာကာသသိပ္ပံ နည်းပညာနယ်ပယ်မှာ အရမ်းကို အကျိုးပြုနေခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်၊ သူ့ကိုလေးစားတဲ့ တပည့်တပန်းတွေ မနည်းဘူး၊ သူ့ဖြောင့်မတ်ခြင်းကိုလည်း ယုံကြည်ကြတယ်။ ဒီတော့ ဒီလူတွေက မီဒီယာကို မီဒီယာနဲ့တိုက် ဆိုတဲ့ စကားကြီးအတိုင်း သူ အထိန်းသိမ်းခံနေချိန်မှာ ဘလော့ဂ်တွေ၊ ဝက်ဘ်ဆိုက်တွေနဲ့ သူ့ဖက်ရပ်ပြီး ပေါက်ကွဲ ကြပါလေရော။ ရှဲရှဲ လာဘ်မစားဘူး၊ ရှဲရှဲကိုလွှတ်ပေး၊ ရှဲရှဲကို လွှတ်မပေးရင် ရှူးရှူးဖြစ်သွားမယ်၊ စသဖြင့် လူတွေသိလေ ပိုကောင်းလေဖြစ်အောင် အင်တိုက်အားတိုက် လုပ်ကြတယ်။ ဥုံဖွ၊ ဇူလိုင် ၃၀ ရက်နေ့မှာတော့ တရားရုံးက မစ္စတာရှဲကို အပြစ်မရှိကြောင်း ကြေညာလိုက်တယ်၊ စစ်ဆေးတွေ့ရှိချက်အရ ရှဲရှဲလေးဟာ လာဘ်မစားဘူး၊ အရွေးခံခဲ့ရတဲ့ ဟုန်ဟွာရဲ့ ဘတ်ဂျက်ဟာ တီထွင်ကြံဆမှု ပိုကောင်းတဲ့၊ တုန်ခါမှုလျှော့ချဖို့ကို ပိုပြီးထိရောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ တည်ဆောက်မှုကြောင့်သာ စရိတ်စက အဆမတန်များသွားခြင်း ဖြစ်ပါတယ်၊ စသဖြင့်ပေါ့။ ဒီတော့မှ ဒေါသထွက်နေကြတဲ့ သူ့မိသားစုနဲ့ ထောက်ခံသူတွေက ဟင်းခနဲ သက်ပြင်းချလိုက် နိုင်ပါတော့တယ် (တချို့ကတော့ ဟူးခနဲ ချကြတယ်၊ အဓိပ္ပါယ်ချင်း အတူတူပါပဲ)။

တရားရုံးစီရင်ချက်လည်း ထွက်လာရော၊ မီဒီယာတွေက သူတို့နဲ့မဆိုင်သလို တိတ်တိတ်လေးပဲ နေကြတယ်၊ ရှဲကိုဖမ်းတုန်းက စကားတွေ ကျွံထားမိတာကိုး။ ဖတ်မိတဲ့ ဘလော့ဂ်တွေမှာတော့ တရားရုံးကပုဂ္ဂိုလ်တွေကို ဝိုင်းလှောင်ကြတယ်၊ မရှက်ဘူးလား၊ လူမှားဖမ်းပြီး အခုမှလွှတ်ပေးတယ်၊ အဲဒီနေရာတွေမှာ ထိုင်နေရတာ မရှက်ကြဘူးလား၊ စသဖြင့်ပေါ့။ အဲနီးဝေး၊ ဒီမှာ ဇာတ်လမ်းက တစ်ခန်းရပ်သွားတယ်၊ ဇာတ်သိမ်းခန်းကို လှမ်းမြင်နေရပြီ။ သို့သော် ကျနော် ပိုစိတ်ဝင်စားတာက ဟုန်ဟွာနဲ့ ယုံကျွင့်တို့ အဆိုပြုခဲ့တဲ့ ပလန်နှစ်ခုပါ၊ ဂူဂယ်လ်လိုက်တာ ရှဲအကြောင်းပဲ ထွက်လာတယ်၊ တကယ့်ငွေကုန်ရခြင်း အကြောင်းရင်းဖြစ်တဲ့ တုန်တုန် တိုက်ဖျက်ရေး ပရိုဂျက်အကြောင်းကိုတော့ မနည်းရှာလိုက်ရတယ်။

ဟူး၊ ဤတွင် ကျွန်ုပ်၏ စကားပလ္လင်ကို ခံပြီးလေ၏။

ဒီကိစ္စထဲမှာ ရောပြွမ်းနေတဲ့ အကြောင်းအရာ အတော်များတယ်၊ ဥပမာ အဆင့်မြင့်နည်းပညာ စက်ရုံတွေရဲ့ တုန်ခါမှုခံနိုင်စွမ်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ၊ တုန်ခါမှုတားဆီးရန် ဖြစ်နိုင်သမျှ နည်းလမ်းများ၊ ကုမ္ပဏီတွေရဲ့ အဆိုပြုချက်ကို ပုံစံငယ်နဲ့ လုပ်ပြစေခြင်း၊ ထပ်ပြီးဆောက်လုပ်ရမယ့် တုန်ခါမှုတားဆီးတဲ့ အဆောက်အအုံဟာ ရှိရင်းစွဲ ရထားလမ်းလုံခြုံရေးကို ထိခိုက်မှု ရှိမရှိ၊ ငလျင်ခဏခဏလှုပ်တဲ့ ဒေသဖြစ်တဲ့အလျောက် အသစ်ထည့်လိုက်တဲ့ အစီအမံတွေက ငလျင်ဒဏ်ကို တုံ့ပြန်နိုင်စွမ်း ရှိမရှိ၊ တာဝန်ယူတဲ့ အဖွဲ့အစည်းက ဒီလို ဧရာမပရိုဂျက်ကို ငွေဗုန်းဖို့အတွက် ခုတုံးလုပ်လို့ ရမရ၊ ပြဿနာဖြစ်လာတော့ မီဒီယာတွေရဲ့ကဏ္ဍ၊ အင်တာနက်ရဲ့ အရေးပါပုံ၊ တရားစီရင်ရေး၊ တည်ဆောက်ဆဲ ကာလမှာ လုပ်နေရတဲ့ ကိစ္စဝိစ္စတွေ၊ စသဖြင့် စုံနေတာပဲ။ ဒါတောင် နိုင်ငံရေးကို ဆွဲမထည့်သေးဘူး (ရှဲက သမ္မတဟောင်းလိုပဲ ခွဲထွက်ရေးလမ်းစဉ်ပေါ်က အစိမ်းရင့်သမားပါ၊ သူအဖမ်းခံရတုန်းက အစိမ်းတွေ အုပ်ချုပ်နေပြီး အခု မာယင်းကျို အုပ်ချုပ်တဲ့ အပြာတွေခေတ်မှာ သူ့ကိုပြန်လွှတ်ပေးတာ နိုင်ငံရေးနဲ့ နွှယ်ချင်ရင် နွှယ်လို့ရတယ်)၊ ဆိုတော့ သက်ဆိုင်ရာနယ်ပယ်မှာ လေ့လာနေသူတွေအတွက် စပယ်ရှယ် case study တစ်ခုပါ။ ကျနော်ကတော့ စိတ်ဝင်စားမိလို့ အပေါ်ယံလေး ဖတ်တယ်မှတ်တယ် ဆိုရုံပါပဲ။

ဆက်မည်... (အပေါ်မှာ ဒေတာအတိအကျမပါတဲ့ စာသားတွေများတယ်၊ အချိန်ကြောင့်ပါ၊ အမှားပါရင်လည်း ထောက်ပြဖို့ ဝန်မလေးပါနဲ့)

3 comments:

  1. ကျေးဇူး အထူးပါ ကို TZA ရေ ၊ ခေါင်းစဉ်လေး က စိတ်ဝင်စား စရာ ကောင်းပြီး စီလုတ် လို့ ရေး ထား လို့ တောင်းဆိုရ ခြင်း ဖြစ်ပါ တယ် ။ ရှဲ ရှဲ ၊ ရှဲ ရှဲ ။

    ReplyDelete
  2. ဖတ်တော့ ပြီးသွားတယ်...။ ဘာကိုပြောချင်တာလဲတော့ မရလိုက်ဘူး..။ ရှဲရှဲရှုးရှုးနဲ့ ဆိုတော့ ငြုပ်သီးပဲ စားရမလိုလို၊ အပေါ့ပဲ သွားရတော့မလိုလို...။

    ReplyDelete
  3. ကိုစော.. မရှဲရပါဗျာ၊ ဟားဟား။
    ကိုဘွိုက်ဇ်.. အစုံသုပ်ပါဆိုနေ၊ ကြိုက်တာသာရွေးယူပါဗျား။

    ReplyDelete