Search This Blog

Loading...

15 August 2008

♠ Nothing Special

လိပ်ကျွန်းကို အလည်တခေါက် ထပ်ရောက်သွားတယ်၊ သားဆုပန်ပြီးမှ ကိုယ့်မှာ သားအိမ်မရှိတာ သတိရသွားပြီး စိတ်ပျက်လက်ပျက် ပြန်ခဲ့ပါတယ်။ အရင်တခါသွားတုန်းက ဓာတ်ပုံတွေ (တချို့ကတော့ ဓာတ်ပန်းချီဆိုလား) ရိုက်ခဲ့ပြီးပြီမို့ ဒီတခေါက်တော့ ဖုန်းကင်မရာနဲ့ပဲ စိတ်ဖြေမိတဲ့ ရသေ့တပါးအဖြစ် ယောင်ဆောင်လိုက်တယ်။ ဒီတခေါက်သွားတာ နောင်တရတယ်၊ အင်မတန်ပူပြီးဟော့တယ်၊ အချိန်ကြိုမကြည့်မိပဲ ခပ်တည်တည် ဒိုးလိုက်တာ သင်္ဘောဆိပ်ရောက်တော့ မွန်းတည့် ၁၂ နာရီတိတိ၊ လိပ်ကျွန်းသွားမယ့် အနီးဆုံး သင်္ဘောချိန်က မွန်းလွဲ ၂ နာရီပါတဲ့၊ ကြားက ၂ နာရီကို ဘယ်လိုဖြုန်းရမှန်းတောင် မသိတော့ဘူး။ ဒီလိုနဲ့ သင်္ဘောဆိပ် အပေါ်ဆုံးထပ်မှာ ကုလားထိုင်ရှာပြီး အကျအနထိုင်၊ အရှေ့တည့်တည့်က ရေပြင်ကိုမျက်နှာပေး၊ တိုက်နေတဲ့ လေတဖြူးဖြူးကို မျက်စိမှိတ်ခံစားပြီး ခေါင်းထဲပေါ်လာတာ တွေးလိုက်တောလိုက်၊ ဟိုဟိုဒီဒီ ငေးလိုက်မောလိုက် လုပ်ခဲ့ရတယ်။ အောက်မှာ ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့တင်လိုက်တယ်။ ပထမပုံက ဘတ်စ်ကားဂိတ်ဆီလျှောက်နေတုန်း ရိုက်ထားတာ၊ ဒုတိယပုံက သင်္ဘောဆိပ် အပေါ်ဆုံးထပ်မှာ လေညှင်းခံရင်း ရိုက်ထားတာ၊ မြို့ထဲမှာ အနေကြာသွားရင် ဒီလိုရှုခင်းလေးတွေကို တမ်းတလာမိတယ်၊ ဒါအသက်ကြီးလာတဲ့ လက္ခဏာတရပ်လား မပြောတတ်ဘူး။ ဩော်၊ ဇရာ ဇရာ၊ နင်ငါ့ကို သိပ်လှည့်စားနိုင်တာပဲ။


ပြောင်းလဲသွားတာဆိုရင် မရီနာဘေး (အသက်ကြီးသွားရင် ဒေါ်ရီနာဘေးလို့ ပြောင်းခေါ်မှာပေါ့) ထွက်ပေါက်ကနေ ဘတ်စ်ကား ၄၀၂ သွားစီးရတဲ့ လမ်းကလေးက ဆောက်လုပ်ရေး ပရိုဂျက်တွေကြောင့် ပိတ်ပစ်လိုက်ပြီ၊ ကားမှတ်တိုင်ဆီသို့ ဆိုတဲ့ ဆိုင်းဘုတ်လေးနောက် လိုက်ပြီးလျှောက်ရတယ်၊ တကွေ့ကြီးပဲ၊ နေကလည်း ပူလိုက်တာမှ လွန်ပါလေရော၊ အိမ်ပြန်ရောက်တော့ နှာသီးထိပ်က အနီရောင်သန်းသွားတယ်၊ မိတ်ကပ်လိုလို ဘာလိုလို။ လိပ်ကျွန်းကတော့ မပြောင်းလဲပေါင်၊ အရင်တခေါက်လည်း လိပ်နှစ်ကောင် ခေါင်းချင်းတေ့တယ်၊ အခုထိလည်း တေ့နေတုန်းပဲ၊ မပျင်းဘူးလားမသိဘူး၊ ကိုယ်တွေဆိုရင် လိပ်ဥလောက်တော့ အသာလေးဥပြီး သန်းရှာနေလောက်ပြီ၊ ဝါး (တမျိုးပါလားနော်)။ အောက်ပုံက ရထားပေါ်က ဆင်းခါနီး လူသူကင်းရှင်းနေတဲ့ ဂလို မြင်ရခဲတဲ့ မြင်ကွင်းလေးကို မှတ်တမ်းတင်ထားတာ၊ ရိုက်ပြီးတော့ တယ်လည်း ဟန်ချက်ညီတဲ့ ရိုက်ချက်ပါလားလို့ ကိုယ့်အစွမ်းအစကို ကိုယ်ပြန်ချီးကျူးမိတယ်၊ ဟာဟ။ ဒီပုံကို ပြောင်းပြန်လှန်လိုက်ရင် ပိုကြည့်ကောင်းတယ်ထင်လို့ ပြောင်းပြန်နဲ့ပဲတင်လိုက်တယ်၊ ရထားတွဲတွေသာ ဒီလိုထွင်ထားရင် ရေလည်လန်းမှာပဲ။ (ကင်းမြီးကောက်ထောင်မကြည့်ကြေး)

ဟိုးနေ့ကတော့ သယ်ရင်းတချို့နဲ့ ဒူးရင်းသီးဆီသွားဖြစ်သေးတယ်၊ အပေါ်ဆုံးထပ်ကနေ ချားရဟတ်နဲ့ ချင်ကာပူအလှကို ခံစားနိုင်တဲ့ နေရာလေးမှာ အာလူးဖုတ်တမ်း ကစားကြတယ်။ အာလူးသုံးလုံးခွဲ ဖုတ်အပြီးမှာ အောက်နားက တီးလုံးတွေ အပေါ်ထပ်ကို လာလာရိုက်တယ်၊ လက်စသတ်တော့ စင်္ကာပူရဲ့ အမျိုးသားနေ့က လက်စမသတ်နိုင်သေးပဲကိုး။ ဘယ်ကခေါ်ထားမှန်းမသိတဲ့ အဆိုတော်နဲ့ တေးဂီတအဖွဲ့ကို အဆိုခိုင်းထားတယ်၊ လူတွေလည်း တိုးကြိတ်ကြည့်ကြတာပေါ့၊ ကိုယ်တို့က ကြိုသိနေသလိုပဲ၊ နေရာကောင်းကောင်းမှာ ကယ်လဖိုးနီးယားဟိုတယ်ကို ကောင်းကောင်းကြီး နားသောတဆင်လိုက်ကြတယ်။ ပြန်ခါနီး လျှပ်စစ်ပန်းချီလည်း ဆွဲခဲ့သေးတယ်ပေါ့၊ ဘာရမလဲ။

မှတ်ချက်၊ ဘာမှ ဟုတ်တိပတိ ရေးချင်စိတ် ပေါ်မလာလို့ ဒီရက်ပိုင်းရိုက်ထားတဲ့ ပုံလေးတွေနဲ့ စားမြုံ့ပြန်ပြီး ရေးလိုက်ပါတယ်၊ ရှိတာလေးနဲ့ပဲ လှအောင်ဖတ်သွားကြပါ၊ အဟင်းဟင်းဟင်း။ ဒီပို့စ်ကပုံတွေကို နိုကီယာ အန်၈၂ မွေးထုတ်ပေးတာပါ၊ နေ့ရှုခင်းပုံ၊ ညရှုခင်းပုံ မှီငြမ်းလို့ရအောင် မိမွေးတိုင်း ဖမွေးတိုင်းပဲ တင်ထားပါတယ်၊ လုံးဝ ပြင်မထားပါဘူး။

မှတ်ချက်ဂျူနီယာ၊ ဒီလိုပို့စ်မျိုးရေးရတာ တွက်ခြေကိုက်တယ်၊ နာရီဝက်ပဲကြာလိုက်တယ်၊ ဟဲဟဲ။

9 comments:

  1. သားအိမ်မရှိလဲ ဆုတောင်းပြည့်လိမ့်မယ်ဗျ။ မကြာခင် အိမ်ထောင်ကျပြီး သားရလတ္တံ့။း-)

    ReplyDelete
  2. ဒါကလဲ တနည်းအားဖြင့် ဖုန်းနဲ့ ဖုန်းကင်မရာ ကောင်းကြောင်း ကြွားတာပေါ့နော် :p

    ReplyDelete
  3. ဒုတိယ ပုံ ကို ကြိုက် တယ် ဗျာ ။

    ReplyDelete
  4. တယ်ဟုတ်ပါလား။ ဖုန်းကင်မရာက ဒီလောက်ကောင်းသလား။ ပို့စ်တွေက ရီရသဗျား။ ဟာသစွက်စွက်ပြီးရေးလို့ :D

    ReplyDelete
  5. Like the MRT upside down pics... lol... The writing style of the post is funny too... Hope can read more funny post...hee...:D

    ReplyDelete
  6. ရထားထဲ ရိုက်ထားတဲ့ပုံ ရေလည်မိုက်တယ် ။

    ReplyDelete
  7. နာ့ကြိ ကင်မရာနဲ့လူတယောက်တွေ့တိုင်း ထွက်ပြေးအောင် လုပ်နေတာလားကွယ်


    ချင်ကာပူက လူ...

    ReplyDelete
  8. ကိုပေါ၊ တော်ပါသေးရဲ့၊ အိမ်ထောင်ကယ်ပေလို့၊ ဟီးဟီး။ ဟုတ်တယ်အန်တီမေ၊ ကြွားမလို့ အခွင့်အရေးစောင့်နေတာ ကြာလှပေါ့။ အားပေးတာကျေးဇူးဗျာ ကိုစောနဒ္ဒါ၊ သင့်ခရုပါ။ အမည်မသိနံပါတ်တစ်၊ ဟာသတွေက လူကိုပေါသွားစေတယ်တဲ့၊ ကိုပေါနဲ့ကျနော် အတူဆုံးအချက်က အဲလိုပေါပေါနေတတ်တာပဲ၊ (ဟာဟ၊ သူများကို အတင်းဆွဲထည့်တာ)။ ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ် shin နဲ့ ဂျစ်တူး တို့ရေ။ အမည်မသိနံပါတ်နှစ်၊ ဒါဆိုရုပ်ဖျက်ပြီးမှ အိမ်ပြင်ထွက်ပါလို့ မှာကြားလိုက်ပါရစေ။ :P

    ReplyDelete