၂၀၀၈ မှာ ကျွန်မဘေဂျင်းသူ ပြန်ဖြစ်ချင်တယ်၊ တရုတ်နိုင်ငံသူ ပြန်ဖြစ်ချင်တယ်၊ ကိုယ့်မြေပေါ်မှာ ဆုတံဆိပ်တစ်ခု အရယူချင်တယ်။
အဲဒီစကားတခွန်းကြောင့် စင်္ကာပူ စားပွဲတင်တင်းနစ် လက်ရွေးစင်သုံးဦးထဲက အထူးချွန်ဆုံးဖြစ်တဲ့ လီကျားဝေးကို စလုံးတွေ ချဉ်နေကြတယ်။ အကယ်၍များ သူမဟာ စင်္ကာပူနိုင်ငံသား ခံယူထားတဲ့ မြန်မာတစ်ဦးဖြစ်နေပြီး အခုဖိုင်နယ်ပွဲမှာ မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားတာ ဆိုလို့ရှိရင် သူမရပ်တည်ချက်ကို ဘယ်လိုဖြစ်သင့်တယ်လို့ စာဖတ်သူမြင်ပါသလဲ။ စိတ်ဝင်စားစရာပါပဲ။

李佳薇 Li Jia Wei
ဒီစကားကို စင်္ကာပူမွေးစားသမီးတွေဖြစ်တဲ့ လီကျားဝေး၊ ဖုန်ထျန်းဝေး နဲ့ နည်းပြဆရာတို့ကို တရုတ်နိုင်ငံရဲ့ အားကစားသမားတွေ မိတ်ဆက်ပေးတဲ့ တီဗွီအစီအစဉ်တစ်ခု ဖိတ်ခေါ်ဆွေးနွေးတုန်းက လီ ပြောခဲ့တာပါ၊ နေ့စွဲအတိအကျတော့ မသိပါဘူး။ အစီအစဉ်မှူးက ၂၀၀၈ အိုလံပစ်မှာ တရုတ်အသင်းရဲ့ ရွှေတံဆိပ်လမ်းကို ပိတ်နေနိုင်သူအဖြစ် သူတို့ကိုမိတ်ဆက်ပေးခဲ့တယ် (တကယ်ပဲ တရုတ်နဲ့ ဖိုင်နယ်မှာသွားတွေ့တယ်)။ အဲဒီတုန်းက သူမစိတ်ထဲမှာ ဘယ်လိုတွေးပြီးပြောလဲ မသိဘူး၊ ကိုယ့်မြေပေါ်မှာ ထူးထူးချွန်ချွန် ကစားနိုင်တဲ့ အားကစားသမား ဖြစ်ရမယ်လို့ ဆိုလိုချင်တာလား၊ လက်ရှိ စင်္ကာပူနိုင်ငံသား အဖြစ်ကို မေ့လိုက်ပြီး တရုတ်ပရိသတ်ရှေ့မှာ မွေးရပ်ဇာတိမြေဖြစ်တဲ့ တရုတ်ပြည်ကို တမ်းတမ်းတတနဲ့ အလွမ်းသယ်ပြတာလား မသိပါဘူး။ သို့သော် စင်္ကာပူရီယန်တွေ နားထဲမှာတော့ အတော်ခါးမှာပါပဲ။ ဒီလို အကြောင်းအရာတွေကို အင်တာနက်ပေါ်မှာ ဖတ်ခဲ့ဖူးတယ်၊ မှတ်မိသလောက် တခါက ဩဇီအကြောင်း ဆွေးနွေးတဲ့ တရုတ်ဖိုရမ် တစ်ခုမှာ တရုတ်အသင်းနဲ့ ဩဇီအသင်း ပြိုင်ကြတဲ့ အားကစားပွဲတစ်ပွဲကို ဩဇီနိုင်ငံသား ခံယူထားပြီးတဲ့ ပြည်ကြီးတရုတ်တွေ အနေနဲ့ ဘယ်ဖက်က အားပေးသင့်သလဲ ဆိုပြီး ငြင်းခုန်ကြတဲ့ တော့ပစ်တစ်ခုပါ။ ထုံးစံအတိုင်း ဆူညံပြီး ဆုံမှတ်မရှိပါဘူး၊ ကျနော့်အနေနဲ့ကတော့ ကိုယ် ဘာလူမျိုး ဖြစ်နေတာထက်စာရင် ကိုယ်ဘာနိုင်ငံသားဖြစ်နေတာ ပိုအရေးကြီးတယ် ထင်မိတယ်၊ မျိုးချစ်စိတ်မရှိဘူး ဆိုချင်ဆိုတော့။ နိုင်ငံသား ခံယူဖို့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာနဲ့တပြိုင်နက် အဲဒီလူဟာ သူဆိုထားတဲ့ သစ္စာကို စောင့်သိဖို့သင့်တာပဲ မဟုတ်လား။
အခုဒီကိစ္စမှာ လီ ရဲ့ စိတ်နေစိတ်ထားကို အတိအကျမသိတော့လည်း ပြောရခက်တယ်၊ သို့သော် သူမဟာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ဖို့၊ နိုင်ငံ့လက်ရွေးစင် ဖြစ်နိုင်တဲ့ အခွင့်အရေးကို လွယ်လွယ်နဲ့ရဖို့၊ စတဲ့ ရည်ရွယ်ချက်တွေကြောင့် တရုတ်ပြည်ကို စွန့်ခွာပြီး စင်္ကာပူကျွန်းပိစိမှာ အခြေလာချတယ်၊ ဆိုတော့ရင် ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် သူမကို အခွင့်အရေးပေးခဲ့တဲ့၊ မြေတောင်မြှောက်ပေးနေတဲ့ စင်္ကာပူနိုင်ငံရဲ့ မျက်နှာကိုတော့ ထောက်သင့်တယ်။ အဲဒီအစီအစဉ်မှာ ဘေဂျင်းသူပြန်ဖြစ်ချင်တယ်လို့ ပြောလိုက်တာက တမျိုးကြီးပဲ။ မှန်ပါတယ်၊ သူမလို အားကစားထူးချွန်သူတွေကို စင်္ကာပူက တင်သွင်းနေတာ ဘွင်းဘွင်း ပြောရင်တော့ အရောင်းအဝယ်သဘောပါပဲ၊ ဒီမှာ ဒီလိုလူတွေလိုနေလို့ ခေါ်သွင်းတယ်၊ ဝင်လာမယ်၊ နေမယ်၊ စင်္ကာပူအတွက် ဂုဏ်တက်အောင်လုပ်ပေးမယ်၊ ဒါလောက်ပါပဲ။ ဒါပေမဲ့ ဒီလိုအရောင်းအဝယ်ကို ဒီထက် ကြည့်ကောင်းအောင် လုပ်သင့်တယ်ထင်ပါတယ်၊ လိုရင်ယူမယ်၊ မလိုရင် ခေါက်ထားမယ် ဆိုတဲ့အချိုးက သိပ်မကောင်းလှဘူး။ စင်္ကာပူဖက်ကတော့ အတော်လေး မျက်နှာသာပေးတယ်၊ လီရှန်လုံးရဲ့ မိန့်ခွန်းပြောချိန် ကိုတောင် ပွဲချိန်နဲ့တိုက်နေလို့ နောက်ဆုတ်ပေးတဲ့အထိ။ အင်း၊ သူတို့ကြောင့်ပဲ ဘေဂျင်းမှာ စင်္ကာပူအလံ လွှင့်နိုင်ခဲ့တာဟာလည်း ငြင်းလို့မရတဲ့ အချက်တစ်ချက်ဖြစ်နေတာကိုး။ ဒါပေမဲ့ပေါ့လေ...
ဖိုင်နယ်မှာ ပြိုင်ဖက်က တရုတ်အသင်းဖြစ်နေတော့ သူတို့တွေ အတွင်းစိတ်ကိုက တပန်းရှူံးနေပြီလား၊ ဘယ်သူနိုင်နိုင် အရေးမကြီးဘူးလို့ စိတ်ထဲမှာထင်နေမလား။ တရုတ်အသင်း ရွှေတံဆိပ်တစ်ခု လျော့သွားမှာစိုးရိမ်ပြီး တမင်လျှော့ရိုက်မလား၊ ကာယကံရှင်ကလွဲပြီး ဘယ်သူသိမလဲနော်။ စကားမစပ်၊ ကျနော်ကတော့ သုံးယောက်ထဲက ဒီတစ်ယောက်ကို အကြိုက်ဆုံးပါပဲ၊ ကိုးရီးယားနဲ့ရိုက်တဲ့ ဆီမီးပွဲကို ကြည့်လိုက်ပြီးကတည်းက သဘောကျမိတယ်။ ဟဲဟဲ၊ တကယ်တမ်း အဲဒီပွဲလေးပဲ ကြည့်လိုက်ရတာပါ၊ ဒါတောင် သူများနဲ့ချိန်းထားလို့ ပွဲပြီးအောင် မကြည့်ဖြစ်ဘူး၊ နိုင်သွားတယ်ကြားတော့ ဝမ်းသာမိတာပေါ့။

馮天薇 Feng Tian Wei (加油!)--
နောက်အဖြစ်အပျက်တစ်ခုက ဒီတခေါက် ဘေဂျင်းမှာ တရုတ်တွေကို အနိုင်ယူသွားတဲ့ အမေရိကန် အမျိုးသမီး ဘော်လီဘောအသင်းရဲ့ နည်းပြဟာ တရုတ်ပြည်ရဲ့ အင်မတန် ထူးချွန်တဲ့ လက်ရွေးစင်ဟောင်း တစ်ယောက်ပါ။ သူမကိုလည်း မျက်ကန်းမျိုးချစ်တရုတ်တွေ ဝိုင်းဆဲကြတယ်၊ သူမကြောင့် အမေရိကန်တွေ တရုတ်ကိုနိုင်သွားတာဆိုပြီး။ ဒီလိုအယူအဆကို ကျနော်လုံးဝ လက်မခံဘူး၊ ဘယ်အရာမဆို အပြိုင်အဆိုင်ရှိမှ တိုးတက်မယ်၊ ဒါကြောင့် နဂိုက ပိုပျော့တဲ့ယူအက်စ်အသင်းကို အခုလိုတက်လာအောင် လုပ်ပေးနိုင်တာကမှ အစွမ်းအစပါ၊ တရုတ်တွေ ညံ့လို့ရှူံးသွားတာ ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ်ရုံ၊ တိုးတက်အောင် ရှာကြံရုံကလွဲလို့ တခြား ဘာနည်းလမ်းမှမရှိဘူး။ သူတို့လက်ရွေးစင်ဟောင်းကြောင့် ယူအက်စ်အသင်း လက်ရည်တက်လာတာ ကျနော်သာဆို ဂုဏ်တောင်ယူမိမှာပဲ။
--
အလုံးအရင်းနဲ့ ပြည်ပထွက်နေကြတဲ့ မြန်မာတွေအတွက် သိပ်မကြာတော့တဲ့ကာလမှာ ဒီလို ပြဿနာမျိုး ထပ်တူထပ်မျှ ဖြစ်လာနိုင်တယ်လို့ ထင်မိပါတယ်။ ငြင်းခုန်ဖို့အသင့်ပြင်ထားပါ၊ ဟဲဟဲ။
တခြားဖတ်ရန် -
Ainmat.com : အိုလံပစ် - ကနေဒါနဲ့မြန်မာ ဘာကွာလဲ

馮天薇 Feng Tian Wei (加油!)

Omy : 李佳薇真的有當自己是新加坡人嗎?
百度貼吧:名將之約 - 別樣的乒乓之路 - 李佳薇
強國論壇:為郎平說幾句話
ဒီတလောဇွတ်တင်နေတာက လကုန်မှာကျဲသွားမှာမို့ပါ၊ နားလည်ပေးကြပါဗျိုး။
jrefrnvdkzwf&jyD;&dkufr&bl;
ReplyDeleteကျွန်တော်လဲ အဲဒီလိုပဲမြင်ပါတယ်.. နိုင်ငံက လက်ရွေးစင် လွှတ်လိုက်တဲ့ သူအနေနဲ့ ဒီလို စကားပြောတာဟာ နိုင်ငံသားတွေကို စော်ကားတာနဲ့ အတူတူပါပဲ.. သူက တရုတ်နိုင်ငံသား ဖြစ်ချင်တယ်ဆိုရင် အစကတည်းက စင်ကာပူလက်ရွေးစင် မလုပ်ခဲ့သင့်ဘူး ထင်တယ် အကိုရေ..
ReplyDeleteအမေရိကန် ဘောလီဘော အသင်းနိုင်တာကို နည်းပြကို သွားမဲတာတော့ မဟုတ်သေးပါဘူးဗျာ.. ကိုယ့်နိုင်ငံသား နည်းပြပေးတဲ့ အသင်းက အောင်မြင်တာ ဂုဏ်ယူရမှာပေါ့.. နိုင်သွားလို့ တရုတ်နည်းပြကို အပစ်တင်ကြတယ် တကယ်လို့ အမေရိကန် ရှုံးသွားရင်တော့ ဘာပြောကြမလဲ မသိဘူးနော် ...
ကိုတီဇက်အေ .. ဒီပို့စ်က စဉ်းစားစရာ အချက်ပါပဲ ။ ကျမကိုယ်တိုင်လည်း စလုံးမှာ နေလာတာ အနှစ်နှစ်ဆယ်နီးပါးရှိနေပြီး ၊ စလုံးကို မွေးစားနိုင်ငံအနေနဲ့ မြင်နေပေမယ့် ၊ စလုံး နဲ့ မြန်မာကြား တခါတလေ identity crisis ဖြစ်နေသလိုပဲ ။ မြန်မာကို သံယောဇဉ် ကြီး ၊ ခင်တွယ်နေသေးတဲ့ ကျမလို ဒီနိုင်ငံမှာ အသက် ၁၂ လောက်က ရောက်ခဲ့တဲ့ ညီမငယ်တယောက်ကလည်း ကျမလို ခံစားရတယ်လို့  ပြောခဲ့တယ် ။
ReplyDeleteနောက်ဆုံးတော့ ကျမက မတိုးတက်နိုင်သေးတဲ့ ကိုယ့်အမိနိုင်ငံကိုပဲ ပို ခင်တွယ် ၊ ကောင်းစေချင်မိတယ် ။ ဒါပေမယ့် မွေးစားနိုင်ငံအတွက်လည်း လျစ်လျူမရှု.. အမြဲ သံယောဇဉ် အတိုင်းအတာ တခုအထိ ၊ ကောင်းစေချင်တာမျိုးတော့ ရှိစမြဲပေါ့ ။ ကျမထင်တယ် ... မွေးစားခံရတဲ့ သားသမီးတိုင်း ဖြစ်တတ်ကြတဲ့ ခံစားချက်မျိုး ဖြစ်မယ်လို့ ။
ကိုတီဇက်အေ ပြောသလို ၊ လီ က သူ့ တိုးတက်မှုအတွက် စိတ်ထဲမပါဘဲ စလုံးနိုင်ငံသားကို ခံယူလိုက်တာ နားလည်နိုင်ပါတယ် ။ ဒါပေမယ့် ဒီနိုင်ငံက သူ့ ကို လုပ်ပေးခဲ့တာကို မထောက်ဘဲ ၊ တရုတ်ပြည်သူသာ ပြန်ဖြစ်ချင်ပါတယ်ဆိုတဲ့စကားကတော့ သိပ် လက်လွတ်စပယ် ဆန် လွန်းတယ်လို့ ထင်တယ် ။
ခုလို နိုင်ငံသားယူတဲ့ ကိစ္စတင် မဟုတ်ပါဖူး ... ဘယ်နေရာမဆို ကိုယ့်အတွက် အခွင့်အရေးကို ဖန်တီးပေးသူတိုင်းနဲ့ ပတ်သက်လို့ ၊ ကျမကတော့ Being grateful ဖြစ်တာကို အမြဲ လက်ကိုင် ကျင့် သုံး ချင် တယ် ။ ဒါက မှားတယ် မှန်တယ်ဆိုတာထက် ကျမဘာသာ ကိုယ့်ဘ၀မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တခုပါပဲ ။
အတွေးချင်းတူသူနဲ့ တွေ့ ရလို့ ၀မ်းသာပါတယ် ။
shawn johnsonရဲ့ နည်းပြ ရုတ်အမျိုးသား Liwen Zhuangကျတော့ရော။
ReplyDeleteကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ရမယ်ထင်တာပဲ။
ဆောရီး အပေါ်ကပို့စ်က မလုလုတင်တာမဟုတ်ဘူးနော်။
ReplyDeleteမမွန် ဘလော့ပြင်နေရင်း အမှတ်တမဲ့ log outမလုပ်ပဲ commentလုပ်မိတာ။
sin dan lar - မြန်မာလိုဖတ်ရပြီး ရိုက်မရဘူး ဟုတ်လား၊ ရပါတယ်ဗျ၊ ဟောကြည့်၊ ရိုက်တယ်၊ ရိုက်တယ်၊ ရိုက်တယ်။
ReplyDeleteညီလေးထူးတေဇာ - အမှန်ပဲ၊ ဒါပေမဲ့ တချို့ စလုံးတွေကတော့ သဘောထားကြီးပါတယ်၊ လီ တို့လို ပထမမျိုးဆက်တွေ ကိုယ့်ပြည်ကိုယ့်ရွာကို လွယ်လွယ်နဲ့သံယောဇဉ်ဖြတ်ပစ်ဖို့ မဖြစ်နိုင်တဲ့အကြောင်း၊ မျိုးဆက်နှစ်ခုသုံးခု ခြားသွားရင် သူ့ဟာနဲ့သူ အဆင်ပြေသွားမှာဖြစ်တဲ့အကြောင်း ပြောဖော်ရပါတယ်။ တကယ်လည်း မလွယ်တဲ့ကိစ္စပါ။ ကိုယ့်သာသူတို့နေရာမှာဆိုရင် ခေါင်းအေးအေးနဲ့ ကိုယ့်ရပ်တည်ချက်နဲ့ အမှားအမှန်တွေကို ဆုံးဖြတ်နိုင်မလား စဉ်းစားမိတယ်။ တနည်းအားဖြင့် မျက်ကန်းမျိုးချစ်တစ်ယောက်မဖြစ်အောင် နေတတ်ဖို့ပေါ့လေ။
ဂျစ် - identity crisis ဆိုတဲ့အသုံးအနှုန်းကို ခုမှကြားဖူးတာပါ၊ ကျေးဇူးပါ။ ရေးသွားတဲ့ ကိုယ့်ဘ၀မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တခုပါပဲ ဆိုတာလေးကို သဘောကျတယ်၊ ကျနော်လည်း ထိုနည်း၎င်းပါပဲ၊ အားလုံးအတွက် မှန်ချင်မှမှန်မှာပါ၊ ကျနော်ကတော့ ဒီအတိုင်းပဲသွားမယ်လို့ စိတ်ကူးပါတယ်၊ အမြင်ချင်းဖလှယ်ခွင့်ရတာ ဝမ်းသာမိပါတယ်။
မမွန် - ဟုတ်တယ်နော်၊ အဲဒီဥပမာလည်း အတူတူပါပဲ၊ ဒါတွေပြောလို့၊ ဒို့သွေးလည်းမဟုတ် ဒို့သားလည်းမဟုတ် ဒို့အမျိုးလည်းမဟုတ်ပေ ဆိုတဲ့ (အကော်ဒီယံအုန်းကျော် ထင်တာပဲ) သီချင်းသံကို ကြားယောင်မိပါတယ်။