Search This Blog

Loading...

31 December 2009

♥ Penang Trip (8)

(၄ ရက်မြောက်နေ့)

က၊ မနက်စာအတွက် လျာထားသည့်နေရာ
...
ခ၊ ရုက္ခဗေဒဥယျာဉ်အတွက် လျာထားသည့်နေရာ
...
ဂ၊ ရေပေါ်ဗလီကျောင်းအတွက် လျာထားသည့်နေရာ
...
ဃ၊ ဆိုင်ကယ်အပ် မင်္ဂလာအခမ်းအနားအတွက် လျာထားသည့်နေရာ
...
င၊ ဒုတိယမ္ပိ ချန်ဒေါလ် နှင့် အေဘီစီ အတွက် လျာထားသည့်နေရာ
...
စ၊ နေ့လည်စာ ကေအက်ဖ်စီအတွက် လျာထားသည့်နေရာ
...
ဆ၊ လေဆိပ်အတွင်း မက်ဒေါနယ်လ်အတွက် လျာထားသည့်နေရာ
...
ဤတွင် ၄ ရက်မြောက်နေ့ ကုန်ဆုံးသွား။ ပြီးပါပြီ။

♥ Penang Trip (7)

ပီနန်ကို ၂၀၁၀ ထိ သယ်မသွားချင်လို့ ဒီနေ့ပဲ အပြီးတင်လိုက်ပါတယ်။ ပိတ်သတ်ကြီး ကျေနပ်ပါစေလို့ ဆုတောင်းပါတယ်၊ ကျန်းမာပါစေလို့ ဆုတောင်းပါတယ်၊ ချမ်းသာပါစေလို့လည်း တဆက်တည်း ဆုတောင်းပါတယ်၊ အို၊ အကုန်ပဲ ဆုတောင်းလိုက်ပါတယ်။

(၃ ရက်မြောက်နေ့)

က၊ မနက်စာ @ One Corner Cafe -
和喜茶室

ဒါက အင်တာနက်ပေါ်မှာ ညွှန်းကြတဲ့ မနက်စာဆိုင်ပါ၊ စင်္ကာပူက ဟော်ကာစင်တာလိုပဲ ဆိုင်တွေ ဆယ်ဆိုင် အဆိုင်နှစ်ဆယ် စုဖွင့်ထားတာမျိုးပါ။ ဆိုင်ဝင်းတစ်ခုလုံး လင်းလင်းထင်းထင်းနဲ့ လေဝင် လေထွက်လည်း သိပ်ကောင်းတော့ ထိုင်ရတာ အဆင်ပြေပါတယ်၊ မနက် ၈ နာရီကနေ ည ၈ နာရီထိ မငြီးမငြူ ထိုင်နိုင်တဲ့ နေရာပါ။ ကျနော်တို့တည်းတဲ့ ကျွန်းဟိုတယ်နဲ့ အတော်လေး နီးပါတယ်၊ ဟော်တယ်ရှေ့ကနေ ညာကွေ့၊ ဒုတိယမြောက် လမ်းသွယ်မှာ ညာထပ်ကွေ့၊ တည့်တည့် ဆက်သွားပြီး ပထမလမ်းဆုံ ရောက်တယ် ဆိုရင်ပဲ တွေ့ရမှာပါ။ အေးအေးဆေးဆေးပဲ စားပါတယ်၊ တမယ်ပြီး တမယ် မှာစားတယ်၊ ဒါတွေကတော့ တတိယနေ့ မနက်စာတွေနဲ့ ဈေးနှုန်းတွေပါ။

ကာရီးခေါက်ဆွဲ - Curry Mee -
咖哩麵 (2.80)
လက်ဖက်ရည် - Milk Tea - 奶茶 (1.00)
ဝမ်ထန်း/ဖက်ထုပ်ခေါက်ဆွဲ - Wantan Mee - 雲吞麵 (2.50)
ကွေတျောင်/ညှပ်ခေါက်ဆွဲကြော် - Char Kway Tiao - 炒粿條 (3.00)
ဟုတ်ကင့်/ဖူကျန်ခေါက်ဆွဲ - Hokkien Mee - 福建麵 (3.70)

အဲဒီဆိုင်မှာ နာမည်အကြီးဆုံးက Super Hokkien Mee ပါ၊ မှာပြီး နာရီဝက် စောင့်ရပါတယ်။

နာမည်ကြီးသလောက် စားကောင်းပါတယ်၊ ပုစွန်တွေ အတော်များပြီး ဟင်းရည်က အင်မတန်ချိုတယ်။
...
ခ၊ ပီနန်မြန်မာကျောင်း - Dharmikarama Burmese Temple -
緬甸佛寺

ဗိုက်ဖြည့်ပြီးတာနဲ့ ရောက်ဖူးချင်နေတဲ့ မြန်မာကျောင်းကို သွားဖို့ ပြင်ပါတယ်၊ ပြင်တယ်သာပြောတာ၊ ကျောင်းက ဘယ်နားနေမှန်း မသိပါဘူး။ ဒီလိုပဲ လမ်းမကြီးပေါ် စီးသွားပြီး လမ်းသွားလမ်းလာ နှစ်ယောက် သုံးယောက်ကို မေးရတာပါပဲ၊ ပါးစပ်ပါ ရွာရောက် ဆိုတဲ့ စကားကြီးကို နှလုံးသွင်းပြီး သွားတာပေါ့။ သွားလိုက် မေးလိုက်နဲ့ နောက်ဆုံးတော့ ဆိုင်ကယ်စီးတဲ့ ကုလားကြီး တစ်ယောက်နဲ့ မီးပွိုင့်မှာ ဘေးချင်းယှဉ် စောင့်မိတယ်၊ သူ့ကိုမေးလိုက်တော့ တစ်ခွန်းတည်း ပြန်ဖြေတယ်၊ သူ ဖြေတဲ့အတိုင်း သွားလိုက်တာ တန်းရောက်သွားတာပဲ၊ သူပြောတာက “follow me” တဲ့၊ သူ အရှေ့က မောင်းတယ်၊ ကိုယ် အနောက်က လိုက်တယ်၊ မရောက်ပဲ နေမလား။

ဝင်ဝင်ချင်း ကမ္ဘာလုံးကြီး တစ်လုံးကို ဖက်ထားတဲ့ တိုးနယား နှစ်ကောင်ကို တွေ့ရပါတယ်။

ကျောင်းဝင်းထဲမှာ ဝင်ရပ်ပြီး ခြေလျင်ပတ်တယ်၊ ကျောင်းဝင်း သိပ်မကြီးဘူး ဆိုပေမယ့် ဆိတ်ငြိမ်ပြီး အေးအေးချမ်းချမ်း ရှိလှပါတယ်။ ကျောင်းဝင်း တစ်နေရာမှာ ဖလားတွေထဲ အကြွေစေ့ ပစ်ထည့်ပြီး ဆုတောင်းရတဲ့ ရေကန်လေး ရှိတယ်၊ အဲဒါလေးက မော်တာနဲ့ လည်နေတာ၊ ဆိုတော့ အကြွေစေ့ကို ဖလားထဲ ဝင်အောင် ချိန်ချိန်ပစ်ရတယ်၊ အပေါ်ပုံက ကျနော်တို့လို ဘုရားဖူးလာတဲ့ မြန်မာတွေပါ။ အောက်ပုံကတော့ မိုနာလီဆာ အပြုံးနဲ့ လျှို့ဝှက်တဲ့ နတ်သမီးလေးပါ၊ သူ့ကြောင့် ကျနော့် အကြွေစေ့ အတော်များများ ပလုံ သွားတယ်ဗျာ။

ကျောင်းဝင်း စောင်းတန်းမှာ ပုံတူဆွဲပေးတဲ့ ပန်းချီဆရာ ရှိပါတယ်၊ အန်တီစုပုံ တွေ့လိုက်ရတယ်။

...
ဂ၊ ယိုးဒယားကျောင်း - Chayamangkalaram (Sleeping Buddha) -
臥佛寺

မြန်မာကျောင်းနဲ့ လမ်းလေးပဲခြားတဲ့ မျက်နှာချင်းဆိုင်မှာ ယိုးဒယား လျောင်းတော်မူ ဘုရားကျောင်း ရှိပါတယ်၊ ဒါကြောင့် ဒီနေရာ နှစ်ခုကို ခရီးလမ်းကြောင်း တစ်ကြောင်းတည်း စီစဉ်နိုင်ပါတယ်၊ ဘတ်စ်ကားနဲ့ သွားမယ့်သူအဖို့ ရောက်တဲ့ လိုင်းကားတွေကို မမှတ်မိရင်တောင် ဒေသခံတွေကို မေးနိုင်ပါတယ်၊ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အထင်ကရ နေရာတွေထဲက တစ်ခုပါ။

ကျောင်းဝင်းဧရိယာက မြန်မာကျောင်းနဲ့ သိပ်မကွာဘူး၊ မြန်မာကျောင်းလိုပဲ ပန်းပုတွေ၊ ပန်းချီတွေနဲ့ မွမ်းမံ ထားပါတယ်။ တစ်နေရာမှာတော့ ကွမ်ရင်မယ်တော် ကိုးကွယ်ထားတဲ့ အဆောက်အအုံလေး တွေ့ပါတယ်၊ အဲဒီမှာ ကျနော့် တသက်နဲ့တကိုယ် တစ်နေရာထဲမှာ ကွမ်ရင်မယ်တော် အများဆုံး တွေ့လိုက်ရတာပါပဲ။ သေချာ ရေကြည့်တော့ အဆူ ၂၀ လောက်တောင် ရှိတယ်ဗျ၊ ဆုတောင်းရင် ခါတိုင်းထက် အဆ ၂၀ လောက် ပိုပြည့်မှာပေါ့၊ အဲဒါနဲ့ အရမ်းကာရော ဆုတောင်းပစ်လိုက်တယ်။

...
ဃ၊ ခူးကုမ္ပဏီ - Khoo Kongsi -
邱公司 (or) 邱公祠

ခူး ဆိုတာ ဟုတ်ကင့်လို ဖတ်တဲ့ အသံဖြစ်ပြီး မန်ဒရင်းလို “ချီရို” လို့ ဖတ်တဲ့ family name တစ်ခုပါ၊
လို့ ရေးပါတယ်။ အဲဒီ ခူး ကုမ္ပဏီ ဆိုတာက ခူး မျိုးနွယ်ဝင်တွေ စုပေါင်းပြီး တည်ထောင်၊ နေထိုင်ခဲ့တဲ့ အိမ်ဝင်းကြီး တစ်ခုပါ။ ဝင်ပေါက်က လမ်းသွယ် သေးသေးလေး တစ်လမ်းထဲမှာ မထင်မရှား ရှိနေတာပါ၊ အထဲပိုင်းမှာ အဲသလောက် ခမ်းနား ထည်ဝါ လှပတဲ့ အဆောက်အအုံတွေ၊ ဗိသုကာ လက်ရာတွေ ရှိနေတယ်ဆိုတာ လုံးဝ လုံးဝ ထင်ချင်စရာ မရှိပါဘူး။ ကြည့်ပါ၊ ဒီလို ဟောင်းနွမ်းတဲ့ အိမ်အိုကြီးထဲကို သာမန် လမ်းသွားလမ်းလာ တစ်ယောက် အနေနဲ့ ယောင်လို့တောင် ဝင်ကြည့်မှာ မဟုတ်ပါဘူး။

...
င၊ ပီနန်တံတား - Penang Bridge -
檳威大橋 (or) 檳城大橋

ပြီးခဲ့တဲ့ရက်က ဂဏန်းဆိုင်ပိုင်ရှင် အန်တီကြီး ပြောသွားတဲ့ အသိပေး သတိပေး စကားတွေထဲမှာ ပီနန်တံတားလည်း ပါတယ်၊ တံတားပေါ်မှာ ကြဲချထားတဲ့ သံမှိုတွေကြောင့် ဆိုင်ကယ်သမားတွေ ဒုက္ခရောက်တဲ့ အဖြစ်အပျက်လေးတောင် အဆစ် ပါလိုက်သေးတယ်။ အဲသလို သံမှိုကြဲထားတဲ့ သူတွေက တံတားပေါ်မှာ ဘီးဖာစားတာတဲ့၊ ပုံမှန်ဈေးထက် အဆမတန် ပိုတောင်းတယ် ဆိုပဲ။ အဲဒါတွေ ကြားထားတော့ စိတ်ထဲမှာ ခပ်လန့်လန့်ပဲ၊ ဒါပေမဲ့ လန့်လန့်နဲ့ သွားဖြစ်တာပါပဲ။ တံတားပေါ် တက်ဖို့ တကွေ့ကြီး စီးရတယ်၊ နေပူကျဲကျဲမှာ ဟိုကွေ့ ဒီပတ်နဲ့ လမ်းကလည်း ခဏခဏ မှားလိုက်သေးတယ်၊ တော်သေးလို့ အသွားအပြန် ကီလို ၃၀ နီးပါးကို နေပူတာက လွဲပြီး ဘေးမသီ ရန်မခ စီးလိုက်ရတာ။ သံမှိုကို နားထဲမှာ ကြားယောင်ပြီး အရှေ့က လူတွေ စီးတဲ့ လမ်းကြောင်းအတိုင်း ထပ်ကြပ်မကွာ လိုက်စီးမိသေးတယ်၊ ဘီးပေါက်ရင် ပျားတုပ်ပြီလေ။ အောက်ပုံက တံတားပေါ်ကနေ ပီနန်ကျွန်းကို လှမ်းကြည့်တဲ့ ဝါးတားတား ရှုခင်းပါ၊ လွမ်းတတ်ရင် လွမ်းစရာပါပဲ။

...
စ၊ နေ့လည်စာ ဟော့ဝေါ့ခ် စားသောက်ဆိုင် - Hot Wok -
熱鍋

အင်တာနက်ပေါ်မှာ ညွှန်းကြတဲ့ Nyonya ညွန်ညာ့ စားသောက်ဆိုင်ပါ၊ ဝီကီ ဖွင့်ဆိုချက်အရ ညွန်ညာ့ ဆိုတာ ၁၅၊ ၁၆ ရာစုမှာ မလေးကျွန်းစု (အာရှတိုက်နဲ့ ဩစတေးလျတိုက် အကြားက ကျွန်းစုတွေပါ၊ အင်ဒို၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်း၊ အရှေ့တီမော၊ ပါပူဝါ နယူးဂီနီ စတဲ့ နိုင်ငံတွေ ပါဝင်တယ်) မှာ အခြေချ နေထိုင်ခဲ့တဲ့ တရုတ် နွယ်ဖွားတွေကို ပြောတာပါ။ ဟိုးတလောက တီဗွီမှာ ပြသွားတဲ့
Little Nyonya 小娘惹 စီးရီးကြောင့် ဒီဝေါဟာရနဲ့ မစိမ်းကြတော့ဘူး ထင်ပါတယ်။ တရုတ် မျက်နှာပေါက်နဲ့ နာမည်မှာ တရုတ်စာလုံး ပါတတ်ပေမယ့် တရုတ်စကား လုံးလုံးကို နားမလည်တဲ့ မလေးရှန်း၊ အင်ဒိုနီးရှန်းတွေဟာ အဲဒီ Baba-Nyonya ဘာဘာညွန်ညာ့ မျိုးဆက်တွေ ဖြစ်ဖို့ များပါတယ်။

အစားအသောက်ကိုတော့ ဝေဖန်မနေတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ နှစ်မယ်လား သုံးမယ်လားပဲ မှာစားလို့ပါ။ ဒီလောက်လေး စားရုံနဲ့ ကောင်းတယ် မကောင်းဘူး ဆိုပြီး စာဖွဲ့လို့ မရဘူးလေ။ အပေါ်ပုံက အဓိက စားဖြစ်တဲ့ ဟင်းလျာပါ၊ ပုစွန်ကို ချိုချို ချဉ်ချဉ် မည်းညစ်ညစ် ကပ်စေးစေး အရည်တမျိုးနဲ့ ရောချက်ထားတာ။ ဘဲသားဟင်းရည် ကတော့ ထမင်းမြိန်တယ်ဗျ။

ဗိုက်သိပ်မဆာပေမယ့် နေပူဒဏ်ကို ကောင်းကောင်းကြီး ခံလာတဲ့ ကျနော်တို့အတွက် ဟော့ဝေါ့ခ်ရဲ့ ရှေးဆန်တဲ့ အပြင်အဆင်နဲ့ ခပ်ကျဉ်းကျဉ်း အေးစိမ့်စိမ့် အခန်းလေးက ဇိမ်ရှိလှပါတယ်၊ စားစရာ အေးအေးဆေးဆေး စားဖို့၊ စကား အေးအေးဆေးဆေး ပြောဖို့ သင့်တော်တဲ့ ဆိုင်လေးပါ။ စကားမစပ်၊ ဒီဆိုင်နဲ့ ကျွန်းဟိုတယ်နဲ့ အတော်လေး နီးပါတယ်၊ ဂျလန်းဘူးမား ပေါ်မှာပါပဲ။
...
ဆ၊ ညစာအတွက် လျာထားသည့်နေရာ
...
ဤတွင် ၃ ရက်မြောက်နေ့ ကုန်ဆုံးသွား။

ဆက်ပါမည်။

29 December 2009

♥ Penang Trip (6)


ဘုရားကျောင်းကနေ မြို့ထဲပြန်ရောက်ရောက်ချင်း ဆိုင်ကယ်ငှားတဲ့ဆိုင် လိုက်ရှာပါတယ်။ ဒါပေမဲ့ ဆိုင်ကယ် မတွေ့ပဲ ရေခဲခြစ် ချန်ဒေါလ် Chendul တွေ့သွားတယ်၊ အင်တာနက်ပေါ်မှာ ညွှန်းကြတဲ့ Lebuh Keng Kwee လေဘူခန်ခွီး 景貴街 လမ်းပေါ်က ဆိုင်ကလေးပါ၊ အရသာ မဆိုးဘူး၊ ဈေးလေး ကလည်း သင့်တယ်၊ လမ်းနာမည်လည်း လှတယ်လေ၊ အဟီး။ တစ်ပွဲကို ၁.၇၀ ရင်းဂစ် ပေးရပါတယ်။

လမ်းအတော်များများ လျှောက်လိုက်ပြီးမှ ဆိုင်ကယ်ငှားတဲ့ ဂျလန်းချူလီယာ Jalan Chulia
牛干冬 နားကို ရောက်သွားတယ်၊ ရန်ကုန်က ပန်းပဲတန်းကို သတိရစေတယ်၊ အိန္ဒိယလူမျိုး အရမ်းများတဲ့ ရပ်ကွက်ပါ။ အဲဒီတဝိုက်မှာ တည်းခိုခန်းတွေ များတယ်၊ စားစရာလည်း များတယ်၊ ကျောပိုးအိတ် ခရီးသွားတွေကို တော်တော်များများ တွေ့ရတဲ့ နေရာပါ။ အပေါ်ပုံက ဆိုင်ကယ်ငှားတဲ့ ဆိုင်ပါ၊ ဆိုင်ရှင် ဦးမွတ်တားက မလေး ဝန်ထမ်းကို ဆိုင်ကယ်ငှားတဲ့ ဌာနမှာ နေရာချထားပါတယ်၊ သူကိုယ်တိုင် ကတော့ ဘေးကပ်လျက်က တည်းခိုခန်းကို ကွပ်ကဲပုံ ရပါတယ်။

ဆိုင်ကယ်ငှားခကို အင်တာနက်ပေါ်မှာ ဖတ်ထားဖူးလို့ တော်ပါသေးတယ်၊ ထုံးစံအတိုင်း ဈေးကို လျှောက်ခေါ်တာပဲ။ ပေါက်ဈေးက ဂီယာထိုးရတဲ့ ဆိုင်ကယ်ဆို တစ်ရက်အတွက် ၂၀ ရင်းဂစ်ပါ၊ ဂီယာ ထိုးစရာမလိုတဲ့ စကူတာဆို ၃၀ ပါ၊ ကျနော်က စကူတာ စီးတာပဲ ကျင့်သားရနေတော့ ၁၀ ပိုပေးပြီး စကူတာပဲ ငှားပါတယ်။ စ ခေါ်တဲ့ဈေးက ၄၀၊ ၅၀ စသဖြင့် တင်ထားတာပေါ့။ တစ်ရက် ဆိုတာက ၂၄ နာရီပါ၊ ဒီနေ့ ၃ နာရီငှား၊ နောက်နေ့ ၃ နာရီ ပြန်အပ်၊ ရှင်းတယ်။ စပေါ် အနေနဲ့ ရင်းဂစ် ၁၀၀ ထားခဲ့ရပါတယ်၊ ပြန်အပ်တဲ့အခါ အပြည့်ပြန်ပေးတယ်၊ အဲ၊ ဆိုင်ကယ်လည်း တစ်စီးလုံး ပြန်အပ်ရင်ပေါ့၊ ဘီးဖြုတ်ယူထားလို့ မရပါဘူး။ ဆီကို နှစ်ခါတိတိ ဖြည့်လိုက်တယ်၊ ၃ ကျပ်တစ်ခါ၊ ၅ ကျပ်တစ်ခါ၊ လက်နှစ်ဖက်မြှောက်၊ ပေါင်း ၈ ကျပ်။ အဲ၊ ကျနော်တို့က ညနေပိုင်းမှ စ ငှားတာပါ၊ နောက်တစ်နေ့ ကူးပြီးလို့ နောက်ဆုံးနေ့ နေ့လည်ခင်း အထိကို ရင်းဂစ် ၅၀ နဲ့ တည့်သွားပါတယ်၊ ၁.၇ ရက်စာပေါ့။

အုန်းသီးရထားတဲ့ ရွှေဟင်္သာ ကုန်းအဆင်းမှာ ဘီးတပ်ထားသလိုပဲ တဖြဲနှစ်ဖြဲ လျှောက်စီးပါတယ်၊ တကယ်တမ်း ဘယ်သွားရမှန်း သေချာမသိပါဘူး။ သတိဝင်လာချိန်မှာ ကမ်းစပ်ကို ရောက်နေပါပြီ။ ဒါ ပီနန်ရဲ့ Batu Feringgi ဘာတူဖရင်းဂီး
峇都丁宜 လို့ ခေါ်တဲ့ ကမ်းစပ် တစ်နေရာပါ။


ခဏလောက် အပန်းဖြေပြီး ညနေ ၅ နာရီခွဲလောက်မှာ ကမ်းစပ်ကနေ ထွက်ခဲ့ပါတယ်၊ ကတ္တရာ လမ်းမကြီး ဖောက်ထားတဲ့အတိုင်း ဆက်စီးတယ်၊ ပြုံးစိစိနဲ့ စိတ်ထဲမှာ ပီနန်ကျွန်း ပတ်ဖို့တောင် တွေးနေမိတာ အမှန်ပဲ။ ဒီလိုနဲ့ မင်္ဂလာဗိုက်တွေ ဆာတတ်တဲ့ မင်္ဂလာအချိန် ကျရောက်လာပြန်တယ်။ ဆိုင်ကယ်ကလည်း ပီနန်ကျွန်း အနောက်မြောက် ယွန်းယွန်းက လမ်းဆုံကို ရောက်နေပြီ၊ အဲဒီမှာပဲ End of the World စားသောက်ဆိုင်ကို ဆိုက်ဆိုက် မြိုက်မြိုက် တွေ့ပါတယ်၊ သွားစားဖို့ စိတ်မကူး ခဲ့ပေမယ့် အခုတော့ တေ့တေ့ဆိုင်ဆိုင် ဆိုင်ရှေ့ကိုမှ ရောက်လာတာကိုး။ အဲဒီဆိုင် နာမည်ကို KLS ဘုရားကျောင်း သွားခါနီး ဘတ်စ်ကား စောင့်နေတုန်း ပြည်ကြီး တရုတ်မ သုံးဗွေ ပြောပြဖူးတာ မှတ်မိနေတော့ ဆိုင်နာမည်လည်း တွေ့ရော မျက်လုံးထဲက အလင်းတန်းတွေ လျှပ်ခနဲ လျှပ်ခနဲ ထွက်လာတော့တာပေါ့၊ ဂလု။

ဂဏန်း ငရုတ်ကောင်းချက်၊ ထမင်းဖြူ၊ အအေး အားလုံးပေါင်း ၄၈ ရင်းဂစ်ပါ။

ဆိုင်ရှင်အန်တီက အရမ်းသဘောကောင်းတယ်၊ ကျွန်းပတ်ဖို့ သူ့ကို လမ်းမေးလိုက်သေးတယ်၊ သူက စိတ်ပူသွားပြီး ဆက်မစီးဖို့ တားပါတယ်။ သူတို့ဆိုင်ရှေ့က လမ်းဆုံကနေ ချိုးဆင်းသွားရင် ကျွန်းကို ပတ်ဖောက်ထားတဲ့ လမ်းပါပဲ၊ ဆက်သွားရင် လမ်းက ကျဉ်းသထက် ကျဉ်းသွားတဲ့အကြောင်း၊ တဖက်မှာ တောင်၊ တဖက်မှာ ချောက်၊ လမ်းမီးလည်း မရှိတဲ့အတွက် အန္တရာယ် များတဲ့အကြောင်း၊ စီးချင်ရင် လင်းလင်း ထင်းထင်းရှိတဲ့ နေ့ခင်းဖက်မှ စီးဖို့သင့်တော်ကြောင်း၊ လူပြတ်တဲ့ နေရာတွေမှာ အလုအယက် ရှိတတ်ကြောင်း၊ စသဖြင့် အားပေးစကား အများကြီး ပြောသွားပါတယ်။ ဒါကြောင့် ကျနော်တို့ စားပြီးတာနဲ့ တချိုးတည်း ဟိုတယ်ကို ပြန်တော့တာပါပဲ။
--
ဒုတိယနေ့ ကုန်သွားပါပြီ၊ အချိန်နှင့် ဂဏန်းသည် လူကိုမစောင့်။

22 December 2009

♠ Singapore BookFest 2009 (1)


Suntec City မှာ ကျင်းပတဲ့ စာအုပ်ပြပွဲကို မားသားကြီး ဟီးရိုးနင်ဂျာနဲ့ သွားဖြစ်ပါတယ်၊ ဟီးရိုးလို့ ခေါ်ရခြင်းကို အားလုံး သိကြပြီး ဖြစ်မှာပါ၊ နင်ဂျာလို့ ပူးတွဲခေါ်ရခြင်းက သူမဟာ စာအုပ်ပုံတွေ ကြားထဲမှာ လှစ်ခနဲ လှစ်ခနဲ ကိုယ်ယောက်ဖျောက် သွားတတ်လို့ပါပဲ။

ကိုယ်ယောင်မဖျောက်သေးခင် ပါတိတ်ဝမ်းချက်နှင့် တခါက ဒေါ်ရင်ရင်


ထိုင်ဝမ်က ဂျင်မီ စာအုပ်တွေ၊ နိုင်းနိုင်းစနေ မကြာမကြာ ဘာသာပြန်လေ့ရှိတယ်


သမိုင်းစာအုပ် အတွဲလိုက်ကြီးတွေ၊ တစ်တွဲကို သေတ္တာတစ်လုံး၊ ဖတ်ပေတော့ပဲ


Popular စာအုပ်ဆိုင်က နေရာအများကြီး ယူထားတယ်၊ စကားမစပ်၊ အရင်က တင်ခဲ့ဖူးတဲ့ Orchard က Prologue စာအုပ်ဆိုင်လည်း ပေါ်ပြူလာရဲ့ အခွဲပါ။ စဉ်းစားကြည့်တော့ သံဝေဂ ရစရာတွေပဲ၊ စင်္ကာပူ ပြည်တွင်းဖြစ်ချင်း အတူတူ၊ မီဒီယာ လောကသားချင်း အတူတူ၊ ကိုယ်စီ ပိုင်နက်ထဲမှာ နေရာတစ်နေရာ ယူခဲ့ပုံချင်း အတူတူ၊ သီချင်း စီဒီ ဒီဗွီဒီတွေ ရောင်းတဲ့ Sembawang ကျတော့ ပိတ်ရတော့မယ်။ MP3 တွေ MP4 တွေ Itune တွေက အသံသွင်း လောကကို ပြောင်းဆန်အောင် လုပ်လိုက်နိုင်ပေမယ့် Kindle တို့လို E-reader တွေ၊ Ebook တွေကျတော့ စာပုံနှိပ် လောကကို မတွန်းလှန် နိုင်သေးပါဘူး၊ အိမ်သာတက်ရင် စာအုပ်နဲ့ပဲ အဆင်ပြေတယ်လေ (စကားချပ်)။

♠ C for Carol

Carol ဆိုတာလည်း မဟုတ်ပဲနဲ့ Carol Singing လို့ ခေါ်ကြတယ်၊ အရမ်းနားလည်ရခက်တယ်။

အောက်ပုံက ချာတိတ်မလေး သန်းပြီးပြီးချင်း ရိုက်လိုက်တာ၊ သန်းနေတုန်း ရိုက်လိုက်ချင်ပေမယ့် ကင်မရာက အိတ်ထဲမှာပဲ ရှိသေးတယ်။ ပါးစပ်ကို အသားကုန်ဖွင့်ပြီး သန်းနေတဲ့ အခိုက်အတန့်လေး မှာသာ ရိုက်မိလိုက်ရင် ကျနော့် ဒီတနှစ်လုံးအတွက် အကြိုက်ဆုံးပုံ ဖြစ်သွားမှာပါ။

ဒါလည်း BookFest က အပြန် citylink ထဲမှာ ရိုက်မိတာတွေပါ၊ ညီညီညာညာ ဆိုကြတာ အင်မတန် နားထောင်ကောင်းတယ်။

17 December 2009

♠ Anti-HIV competition by Eyeka


နစ်နေမန်းဆီမှာ မကြည့်ရသေးသူများအတွက် တင်လိုက်ပါတယ်၊ မြန်မာပြည်က Neutron ရဲ့ ဆုရ လက်ရာပါ၊ HIV တိုက်ဖျက်ရေး အတွက် လုပ်ထားတဲ့ ပညာပေး animation လေး တစ်ခုပါ။ အဲဒါကို အီးမေးလ်ကတဆင့် ဖတ်ရပါတယ်၊ မေးလ်ထဲမှာ နစ်နေမန်း ဘလော့ဂ်လိပ်စာကိုသာ ညွှန်ထားပြီး နှိပ်ကြည့်တဲ့အခါ ဘလော့ဂ်ပေါ်မှာ သတင်းရဲ့ မူရင်း လင့်ခ်ကို ပေးမထားတဲ့အတွက် (ရှာဖို့လွယ်တဲ့ အချက်အလက် များများစားစားရှိလို့) ရှာလိုက်ရပါသေးတယ်။ မြန်မာပြည်ကနေ ခက်ခက်ခဲခဲ တင်လိုက်ပြီး ရလိုက်တဲ့ ဆုအတွက် ဂုဏ်ယူမိတဲ့ တချိန်တည်းမှာ သတင်းရဲ့ မှန်ကန်မှုကို သိပ်ဂရုမစိုက်ပဲ အီးမေးလ်ကနေ forward ခလုပ်လေး တစ်ချက် နှိပ်လိုက်ရုံနဲ့ ဟိုပို့ ဒီပို့ လုပ်ကြတဲ့ အလေ့အထတွေ ပျောက်သွားရင် ပိုကောင်းမယ်လို့ တွေးမိပါတယ်၊ အနည်းဆုံး ဒီလို ရှာလိုက်ရင် တွေ့နိုင်တဲ့ သတင်းမျိုးဆိုရင် forward လုပ်တဲ့အခါ မှီငြမ်းတဲ့ ဝက်ဘ်ဆိုက်တစ်ခုခု (ဥပမာ eyeka ရဲ့ official ဆုရ အမည်စာရင်း) ကိုလည်း တွဲပြီး ပို့ပေးနိုင်ရင် ဖတ်ရသူအဖို့ သို့လော သို့လော တွေးစရာ မလိုတော့ဘူးပေါ့။

16 December 2009

♠ Penang Trip (6)

有求必應 လိုတရ (လူမျိုးဘာသာမရွေး :p)

KLS ကျောင်းဝင်းထဲက ပုံတချို့ထပ်တင်လိုက်ပါတယ်၊ အပေါ်ပုံက ဘုရားကျောင်းဝင်း တနေရာပါ။ အောက်ပုံကတော့ တောင်ပေါ်ကနေ မြို့ထဲကို လှမ်းမြင်ရတဲ့ မြင်ကွင်းပါ၊ အမြင့်ဆုံးတိုက် KOMTAR (KOM နှင့် မည်သို့ တော်စပ်သည် မသိ) ကို ထီးထီးကြီး မြင်ရမှာပါ။ ဆောက်ပြီးပြီးချင်း အရှေ့တောင်အာရှမှာ ဂေါ်လီပါပဲ၊ ဒါပေမဲ့ အခုတော့လည်း တောက်ပခဲ့သမျှ မှေးမှိန်သွားပါပြီ၊ သူ့ အပေါ်က ၃၆၀ ဒီဂရီ လှည့်နေတဲ့ စားသောက်ဆိုင်တောင် ဒီနှစ်ထဲမှာပဲ ပိတ်သွားပြီတဲ့။ ပီနန်ကျွန်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားတဲ့ Barisan Nasional (BN) ရဲ့ အုပ်ချုပ်မှု အောက်က ကင်းလွတ်သွားပြီး Pakatan Rakyat (PR) အောက်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် ဗဟိုကနေ ဘတ်ဂျက်တွေ ချမပေးတော့ဘူးလို့ ပြောကြတာ ကြားရပါတယ်။ ဘာပဲပြောပြော၊ နိုင်ငံရေးက နိုင်ငံရေးပါပဲ၊ မြို့လည်ခေါင်လည်း ခြောက်ကပ်ကပ်ပါပဲ။


ဒါကတော့ ဘုရားကျောင်းဝင်းထဲက သစ်ပင်ပုလေးတွေပါ၊ ထိန်းသိမ်းမှုရှိတာ သိသာပါတယ်။

KLS ရဲ့ အလှပဆုံးအချိန်က တရုတ်နှစ်ကူးပါ၊ အဲဒီအချိန်ရောက်ရင် အရမ်းစည်ကားပြီး တစ်ဝင်းလုံး အလှမီးလုံးတွေနဲ့ တန်ဆာ ဆင်တဲ့အတွက် ရှုမငြီးအောင် သာယာလှတယ်လို့ ပြောကြပါတယ်၊ ဒီမှာ နှိပ်ကြည့်ပါ။ ကျနော်တို့ ဒီတခေါက်သွားတော့ ကွမ်ရင်မယ်တော် ဆင်းတုတော်ကြီးကို အမိုးမိုးပေးဖို့ ဆောက်နေတဲ့အတွက် အကာအယံတွေနဲ့ ကာထားပါတယ်၊ ဓာတ်ပုံတောင် မရိုက်လိုက်ရဘူး။ အခုတော့ ဆောက်ပြီးသွားပြီ ဖြစ်လို့ ဒီလ ၇ ရက်နေ့ ကနေ ၁၃ ရက်နေ့ထိ ဖွင့်ပွဲအခမ်းအနား ကျင်းပသွားပါတယ်။


ကာလိုက်တာ ထိန်းသိမ်းဖို့သိပ်မလိုတော့ပေမယ့် ဓာတ်ပုံသမားတွေအတွက် အဆင်မပြေဘူးပေါ့။
--
နောက်ပို့စ်ကစပြီး ဆိုင်ကယ်စီးပါတော့မယ်။

♠ Eat Ate Eaten Eating

11/29 01:11PM

ပြီးခဲ့တဲ့လက ပျောက်ဆုံးသွားတဲ့ ရှမ်းခေါက်ဆွဲတစ်ပွဲပါ၊ တွေ့တဲ့သူများ အကြောင်းကြားပါ။

12/12 7:58PM

Suntec City က Food Republic မှာ စားခဲ့တာပါ၊ အဲဒီနေ့က စာအုပ်ပြပွဲ bookfest သွားရင်း အပြန်မှာ ထိုင်စားတာပါ၊ လူအများဆုံး စားသောက်ရာ နေရာတစ်ခုဖြစ်တဲ့ အဲဒီမှာ နေရာရဖို့ရော၊ စားစရာ ရဖို့ရော၊ အကြာကြီး တန်းစီပြီး စားခဲ့ရတဲ့အတွက် အမှတ်တရ အဖြစ် တင်လိုက်ပါတယ်။ ဟုတ်ကင့်မီး Hokkien Mee
福建麵 ဖြစ်ပြီး ပွဲသေး ၄ ကျပ်တန်ပါ၊ စားကောင်းပါတယ်၊ ရှိသမျှ ဆိုင်ထဲမှာ queue ကျူတန်း အရှည်ဆုံးပါ။

12/15 8:17PM

မနေ့ညက ဗိုက်ထဲဝင်သွားတဲ့ မုန့်တီသုပ်ပါ၊ ပဲကြော်ကုန်နေတော့ အပြစ်မဲ့တဲ့ မြေပဲက အစားထိုးသီးနှံ ဖြစ်သွားတယ်။ ဟိုး ရှေ့တန်း တိုက်စစ်မှူးက ဟင်းခါးဟင်းရည်ပါ။ ကြက်ဥက ကွင်းလယ်ဒိုင်လူကြီး အဖြစ် တာဝန်ယူပြီး ဗယ်တောင်ပံမှာတော့ ငါးမုန့်ရယ် ပါပလာကြော် ရယ်က အသီးသီး နေရာယူထား ကြပါတယ်။

12/16 7:30PM

ရှမ်းလို ဖတ်လောလဲ လို့ ခေါ်တဲ့ ဗျောက်တောက်ဟင်းပါ၊ အကုန်အစုံ ရောထည့်လို့ “လောလဲ” လို့ ခေါ်တာပါ၊ မြန်မာလို အရော ဆိုတဲ့ အဓိပ္ပါယ်ပါ၊ ပင်တိုင်စံ ပဲပုပ် ပါပါတယ်၊ ထမင်း အရမ်းမြိန်တဲ့ ဟင်းတစ်မယ်ပါပဲ။ ညာအစွန်လူ ကတော့ ဂိုးဒင်းမိုင်းလ် ကနေ မှာယူ တင်သွင်းလာတဲ့ ဝါးပိုးကြော်ပါ၊ ရက်ခြားသွားလို့လား၊ မိုက်ခရိုဝေ့ဖ်နဲ့ ပြန်နွှေးတာကြောင့်လား၊ ဘာလား၊ ညာလား မသိပါဘူး၊ စားရတာ ခံတွင်းမတွေ့ပါဘူး။ ငယ်ဘဝက ဝါးပိုးကြော်ကိုပဲ တမ်းတမိပါတော့တယ်။

12/16 7:30PM

ဒါက လောလဲဟင်းနဲ့ စက္ကန့်ပိုင်းပဲခြားပြီး ရိုက်ထားတာပါ၊ မနေ့ကကျန်တဲ့ အစာပလာတွေနဲ့ ရောမွှေပြီး အနီကဒ် ထိသွားတဲ့ မုန့်တီနေရာမှာ အပြစ်မဲ့တဲ့ ကြာဆံနဲ့ လူစားလဲ လိုက်တာပါ၊ သူလည်း ကစားတာ အရမ်းကြမ်းလို့ အနီကဒ် ထိသွားပါပြီ။

ဒါတွေကတော့ ခုတလော စားခဲ့သမျှ ရိုက်ထားမိသမျှပါပဲ။

13 December 2009

♥ Penang Trip (5)

Kek Lok Si ခေါ် 極樂寺 ခေါ် Temple of Supreme Bliss ဘုရားကျောင်း ဝင်ပေါက်က ပီနန်တောင်ခြေ အောက်က ဈေးကြီးရဲ့ မလှမ်းမကမ်းမှာ ရှိပါတယ်၊ စားပြီး သောက်ပြီးတာနဲ့ အဲဒီကနေ လမ်းလျှောက် တက်ပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံး ဘုရားကျောင်းဆိုပေမယ့် ဝင်ပေါက်က လုံးဝကို မသိသာပါဘူး၊ မုဂ်ဦးတို့ ဘာတို့ မရှိတော့ မေးမြန်းပြီး ရှာရတာပဲ။ အတွင်းဖက် ဝင်လိုက်တော့ မြင်ကွင်းက ကျိုက်ထီးရီုးတောင်ပေါ် တက်တဲ့ လမ်းကျဉ်းလေးတွေနဲ့ တချို့နေရာမှာ ခပ်ဆင်ဆင် တူတယ်၊ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး၊ တောင်တက်လမ်း ကျဉ်းကျဉ်းလေးကို ရံထားတဲ့ ဘေးဘီက ဆိုင်ခန်းတွေမှာ ရောင်းတဲ့ လက်ဆောင်ပစ္စည်းတွေတောင်မှ ဆင်တူတာ တွေ့သေးတယ်၊ အကောင်းဆုံး ဥပမာကတော့ ဝါးသေနတ်ပဲပေါ့။ အပေါ်မော့ကြည့်တော့ ဒါမျိုးတွေ တွေ့ရမယ်၊ မြန်မာပြည်မှာတော့ ဘုန်းတွေ အိုင်တွေ ကံတွေ ယုံကြည်တာကြောင့် ဒီလိုမျိုး အမျိုးသမီး အဝတ်အထည်တွေကို အပေါ်မှာ ချိတ်ထားတာ တွေ့ခဲတယ်။


ဒါက ခေါင်မိုးလေးတွေအုပ်ထားတဲ့ တောင်တက်လမ်းလေးရဲ့ အတွင်းဖက်တနေရာပါ။


နံရံပေါ်က ကြော်ငြာပုံတွေဆို ခေတ်ဟောင်း ဟောင်ကောင်ကားတွေကို သတိရစေပါတယ်။


အပေါ်ရောက်ပါပြီ၊ ဒါက ခေါင်မိုးအောက်ကနေ အပြင်ထွက်ခါနီး ရိုက်ထားတာပါ။

ချွေးတပြိုက်ပြိုက် ကျစေတဲ့အတွက် ကုသိုလ်လည်းရ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ :p


萬佛塔 လို့ ခေါ်တဲ့ ရုပ်ပွားတော် သောင်းချီရှိပြီး ဗိသုကာလက်ရာ သုံးမျိုး ပေါင်းစပ်ထားတဲ့ စေတီပါ၊ အောက်ခြေက တရုတ် ဗိသုကာလက်ရာ၊ အလယ်ပိုင်းက ယိုးဒယား၊ အပေါ်ဆုံးမှာ မြန်မာ၊ သုံးနိုင်ငံက ဗိသုကာလက်ရာ သုံးမျိုး ရောစပ်ထားတာပါ။ မီတာ ၃၀ မြင့်ပြီး ၇ ထပ်ရှိတယ်။ Kek Lok Si ကို ၁၈၉၃ မှာ စတင် တည်ဆောက်ခဲ့ပြီး ဒီစေတီကိုတော့ ၁၉၃၀ မှာ ဆောက်လုပ် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတဝိုက်မှာ ဘွန်ဟော ဘွန်ပါး ပရုပ်ဆီညီနောင် နာမည်နဲ့ လှူထားတဲ့ မုဂ်ဦးတစ်ခု တွေ့ခဲ့သေးတယ်၊ ဆိုတော့ ဒီစေတီမှာ မြန်မာ့ ဗိသုကာလက်ရာ ရောစပ် ပါဝင်နေရခြင်းဟာ သူတို့နဲ့ တနည်းနည်း ပတ်သက်လိမ့်မယ်လို့ ယူဆပါတယ်။


Kek Lok Si ကို အခမဲ့ ဝင်ခွင့်ရပေမယ့် အထက်ဆုံးက အဲဒီစေတီထဲကို ဝင်ဖူးရင်တော့ ဝင်ကြေး ၂ ရင်းဂစ် ပေးရတယ်။ ဒါက အတွင်းပိုင်း မြင်ကွင်းပါ၊ အေးအေးချမ်းချမ်း ရှိလှပါတယ်။


မြတ်ဗုဒ္ဓနဲ့ သံဃာငါးပါးပါ၊ ပန်းချီ ပန်းပု လက်ရာတွေက စင်္ကာပူက ဟောပါးဗီလာနဲ့ ခပ်ဆင်ဆင်ပါ။

--
ဒီပို့စ်က စာသိပ်မရေးရပဲ ရှည်သွားပါပြီ၊ ဆက်ပါဦးမယ်။

♠ C for CBox

ဖွင့်လိုက်တိုင်း ကြော်ငြာတွေ ခုန်ခုန်ထွက်လာတဲ့ ကိုယ့်ဘလော့ဂ်ကို မြင်ပြင်းကပ်နေတာ ကြာလှပြီ၊ တရားခံ cbox ကို ဒီနေ့ ဖြုတ်ပစ်တယ်၊ လဲတယ်၊ စီဘောက်ကနေ ရှောက်မစ် ဖြစ်သွားပြီ၊ အရင်က စီပုံးလို့ ခေါ်ရာကနေ ရှောက်ပုံးလို့ ခေါ်ရင်ကောင်းမယ်။ ဒီရှောက်မစ်ကိုလည်း ပိုက်ပိုက်ပေးသုံးတာ မဟုတ်တဲ့အတွက် တချိန်ချိန်မှာ ကြော်ငြာတွေ ခုန်ထွက်ချင် ထွက်လာမယ်၊ အဲဒီကျ တခြား ဘာပြောင်းရမလဲ ကြည့်သေးတာပေါ့။

10 December 2009

♠ JB Agritour (1)

ပီနန်အကြောင်း မဆက်သေးခင် ဟိုးတလောက ကွန်ကရစ် ဆိုတဲ့ပို့စ် ဖြစ်လာရတဲ့ မလေးရှား ဂျိုဟိုး ခရီးစဉ်ကို အရင် ရေးလိုက်ပါမယ်။ အဲဒီနေ့က တိမ်ပြာတယ်၊ နေသာတယ်၊ ရေဆာတယ် (အမ်)။

တစ်ယောက်သောသူမရဲ့ စိန်နားကပ်ကြောင့် ကျနော့်ပါးတွေ ပြောင်ခဲ့ရတဲ့ ခရီးစဉ်မို့ သွားလည်တဲ့ အခေါက်တိုင်းအတွက် နာမည်တစ်ခု မှည့်ပေးရမယ်ဆိုရင် ဒါကိုတော့ဖြင့် ရေလည်မိုက်တဲ့ ပါးပြောင် ခရီးစဉ်လို့ ခေါ်ရပါလိမ့်မယ်။ သူတို့ အလုပ်က သွားလည်တာကို ခပ်တည်တည်နဲ့ လိုက်သွားတာပါ။

၇ နာရီခွဲ ကားပေါ်ကရှုခင်း၊ တိမ်တွေကြေနေတယ်၊ ညဝတ်အင်္ကျီ မချွတ်ရသေးဘူးထင်တယ်။


၈ နာရီခွဲ၊ ဂျိုဟိုးဘာရူးမှ ကြိုဆိုပါ၏။


၆ မိနစ်အကြာ၊ အာဝါ့စ်မှ ကြိုဆိုပါ၏။

[AWAS in Bahasa Malayu generally refers to “Caution or Danger”]

နယ်စပ်ကျော်ပြီးတာနဲ့ ဦးဆုံး သွားတဲ့နေရာက မှို စိုက်ပျိုးရေးခြံတစ်ခြံပါ၊ သွပ်မိုးအိမ်ကြီး အထဲမှာ စင်တွေ အထပ်ထပ်နဲ့ စိုက်တာပါ။ မှို ဆိုလို့ ဟိုးအရင်က ကျိုင်းတုံမှာ မှိုစိုက်ခဲ့တဲ့ ညီတစ်ယောက်ကို သတိရတယ်၊ အဲဒီတုန်းက ဘာစိတ်ကူး ပေါက်တယ် မသိပါဘူး၊ စီးပွားရေး လုပ်မယ်ဟေ့ ဆိုပြီး ဂျပန် ရှီတာကီ မှိုမျိုးကို မရမက စိုက်တာပါ။ ငယ်သူငယ်ချင်း ရွက်မောဝ်ရဲ့ အကူအညီလည်း ယူရ ပါသေးတယ်၊ စိုက်ရင်း စိုက်ရင်း ဘယ်လိုဖြစ်သွားလဲ မပြောတတ်ဘူး၊ မှိုတွေက ထင်သလောက် မပေါက်ဘူး။ နောက်ဆုံးတော့ ရန်ကုန်ကို မှိုမရတဲ့ မျက်နှာလေးနဲ့ ပြန်သွားရတယ်ဗျာ၊ ပလုံ ဆိုတဲ့ အသံလေးတောင် မမြည်လိုက်ပါဘူး။ (ဤကား စကားချပ်)

ကားပေါ်မှာ တိုးဂိုက်တစ်ယောက် ပါပါတယ်၊ အပြောချို အပြုံးချိုတဲ့ အန်တီချိုပါ။

ဂျေဘီက အိမ်ဈေး၊ ကားဈေး စတာတွေကို စင်္ကာပူနဲ့ ယှဉ်ယှဉ်ပြောပါတယ်။ (တိမ်တွေက လှတုန်း)

အဲဒီခြံလေးထဲရောက်တော့ အလည်လာသူတွေ အတော်များတာ သတိထားမိတယ်၊ ခြံပိုင်ရှင်က ခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ထားပုံရပါတယ်၊ ဧည့်သည်သာ ခေါ်လာခဲ့၊ အထဲမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေကို ရှင်းပြသူ ရှိတယ်၊ ထမင်းဟင်း အလကားကျွေးတယ်၊ အအေးတွေ အခမဲ့ တိုက်တယ်၊ မပိုင်ဘူးလား။ ဒါကြောင့် ဝင်းရှေ့မှာ တိုးဘတ်စ်တွေ လေးငါးစီးက လမ်းကိုအပြည့် နေရာယူထားတယ်။ ဒါဟာ Agritourism ဆိုတာပေါ့။ တန်းစီပြီး ထမင်းထည့်ရတယ်၊ ထည့်ပေးတဲ့ ဖက်တီးလေးက “ခွေဖြူ့လူကြီး၊ ထပ်ထည့်ဦးမလား” တဲ့ဗျာ၊ ရက်စက်တယ်။

ကျွေးတာက မလေးလို နာစီလမတ် ခေါ်တဲ့ အုန်းထမင်းပါ၊ ကြက်ကြော် သေးသေးလေး တစ်တုံး၊ ကာရီပါ့ဖ် တစ်ခု၊ ငါးသေးသေးကြော်၊ မြေပဲဆံ၊ သခွားသီး စတဲ့ အရံ စားစရာတွေအပြင် ကျနော်တို့ အကြိုက်ဆုံးက လတ်လတ်ဆတ်ဆတ် မှိုကြော်ပါပဲ။ အသားတုံးလေးတွေလည်း အတော်လေး စားကောင်းတယ်၊ ကြွပ်ကြွပ်လေး၊ ငါးကြော်လည်း ထိုနည်း၎င်းပဲ၊ ထင်ထားတာထက် အများကြီး ကောင်းတယ်။ အလည်လာသူ အားလုံးက ဖြစ်သလို ထိုင်ရ၊ စားရတော့ အစက စားစရာကိုလည်း ဖြစ်ကတတ်ဆန်း ချက်ထားမယ် ထင်ထားတာ စားကြည့်တော့မှ လုံးဝ မှားမှန်းသိတာပဲ။ မှိုကြော် ဆိုရင် တစ်ခေါက်တည်း တန်းစီပြီး ယူရတာ အားမရလို့ အခေါက်ခေါက် ပြန်စီကြတယ်၊ နောက်ဆုံး ဗန်းထဲက ရှိသမျှ ကုန်သွားတော့ ကြော်နေတဲ့ ဖိုနားထိ ကပ်သွားပြီး ပန်းကန်ကိုယ်စီနဲ့ ရပ်စောင့် ကြတဲ့အထိပဲ၊ ငတ်တယ်ကွာ၊ မရှက်ဘူးကွာ၊ ဘာပြောချင်လဲ။

အမှန်တော့ အဲဒီမှာ တထောက် နားတာက မနက်စာ နာစီလမတ် အတွက်ပါ၊ ဒါပေမဲ့ နေမြင့်မှ ရောက်သွားတာက တကြောင်း၊ စားလို့ အရမ်းကောင်းတာက တကြောင်းမို့ အားလုံးလိုလို အဝအပြဲ အုပ်ကြပါတယ်၊ မနက်စာက နေ့လည်စာနီးနီး ဖြစ်သွားတယ်။ မနက် ၁၀ နာရီခွဲမှာ မှိုစိုက်ပျိုးရေး ခြံကို တာ့တာပြပြီး ခရီးဆက်ကြတယ်။ အောက်ပုံက လောကကြီးကို တာ့တာပြသွားတာ ကြာလှပေါ့။


စင်ပေါ်က ငွားငွားစွင့်စွင့် မှိုပွင့်တွေ မိခင်ပလပ်စတစ်အိတ်တွေထဲကနေ လက်ပြနှုတ်ဆက်ပါတယ်။


ဝင်းထဲက ခြေတိုင်လေးတွေ ထောက်ထားတဲ့ သစ်သားအိမ်အောက်မှာ ဆော့နေတဲ့ ခလေးမ..

တာ့တာပါ။

၂ နာရီခွဲလောက် ဆက်သွားရတဲ့နေရာက နေ့လည်စာ စားကြမယ့် အဏ္ဏဝါစားသောက်ဆိုင်ပါ။
--
ဆက်ပါဦးမည်။