မနေ့ညက ဘလော့ဂ်နဲ့ ပတ်သက်ပြီး ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေနဲ့ သွားစားဖြစ်တဲ့ ဝါးတီးပို့စ်ကလေး တင်ပါမယ်။ ဆိုင်နာမည်က ကူဘလိုင်ခန် ပါ၊ ဒိုဘီဂေါက်က ပတ်ခ်မောလ် ၄ ထပ်မှာ ရှိပါတယ်။

ကူဘလိုင်ခန် ဆိုလို့၊ မွန်ဂိုအင်ပါယာ တည်ထောင်ခဲ့သူ ဂျင်ဂျစ်ခန်က သူ့နဲ့ မြေးအဘိုးတော်တယ်၊ သို့သော် ကုလားမင်းသား ရှရွတ်ခန်နဲ့တော့ ဘာမှမတော်ဘူး၊ ဤကား စကားပြားချပ်ချပ်။

ရေးနေကြာတယ်၊ ပုံသာကြည့်ပြီး မုဒိတာပွားကြပါတော့။

အဲဒီဆိုင်မှာ နာမည်ကြီးတဲ့ မွန်ဂိုဘာဘီကျူးက ဒီလိုကြိုက်ရာရွေးပြီး ပန်းကန်ထဲထည့်ရတယ်။

အသင့်စပ်ပြီးသား ငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ စတဲ့ အစာပလာတွေ ကိုယ့်စိတ်ကြိုက်ထည့်ပြီး..

မီးဖိုကြီးဘေးမှာ ဝိုင်းကြီးပတ်ပတ်ကစားနေတဲ့ အကြော်ဆရာတွေရှေ့မှာ တန်းစီတင်ပေးရတယ်..

တရှဲရှဲနဲ့ စိတ်ရှိလက်ရှိ စိတ်ပါလက်ပါ အားပါးတရ ပိုင်ပိုင်နိုင်နိုင် ပယ်ပယ်နယ်နယ် ကြော်ကြတယ်..

ပန်းကန်ထဲက အစာပလာတွေကို ဖိုပေါ်တင်တာ ပြဿနာမရှိဘူး၊ ဇွပ်ခနဲ သွန်ထည့်လိုက်တာပဲ။ But ဒါပေမဲ့၊ ကျက်သွားတဲ့ အသားတွေ အရွက်တွေကို ပန်းကန်ထဲ ပြန်ထည့်တာကတော့ ပညာဗျ၊ ပန်းကန်ကို ဖိုရဲ့ အနားသပ်မှာကပ်ပြီး တူနဲ့တွန်းထည့်တာ မဟုတ်ပဲ၊ အရင်ဆုံး တူကြီးနဲ့ ရှောခနဲ ရမ်းပစ်လိုက်တာ၊ အဲဒီ ရှောခနဲ ဆိုတာ ရေးရင်သာ ရှည်နေတာ၊ သူတို့လုပ်တာ တစ်စက္ကန့်ရဲ့ အပုံနှစ်ဆယ်ပုံ၊ တစ်ပုံလောက်ပဲ ကြာလိမ့်မယ်၊ မျက်တောင်တခတ်စာ ပေါ့လေ။ အဲသလို ရှောခနဲ တွန်းထုတ်လိုက်တဲ့ အရှိန်ကြောင့် လေထဲမှာ မြောက်တက်သွားကြတဲ့ ကြက်သား၊ အမဲသား၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ မုန်လာဥနီ၊ ကော်ဖီရွက်တို့ကို တူတစ်ဖက် ပန်းကန်တစ်ဖက် ကိုင်ထားတဲ့ အကြော်ဆရာက ဒိုင်ဗင် မထိုးရုံတမယ် လှလှပပ လှမ်းဖမ်းရတာဗျာ၊ အသားတဖတ် အရွက်တဖတ် မြေမကျဘူး၊ အဲဒီမြင်ကွင်းလောက် ကြည်နူးဖို့ ကောင်းတာဆိုလို့ နှစ်ကူး မီးရှူးမီးပန်းဖောက်တာပဲ ရှိတော့မယ် (စလိုးမိုးရှင်းနဲ့ မြင်ယောင်လိုက်စမ်းဘာ)။ ကြော်ပြီး ထည့်ပြီးသွားရင် ဒီနေရာလေးမှာ ကိုယ့်ပန်းကန်ကိုယ် ပြန်ယူရတယ်၊ ကဗျာမဆန်သလောက် စားကောင်းတဲ့ မွန်ဂိုဘာဘီကျူး ပါပဲ။

ဆိုင်နာမည်မှာ မွန်ဂိုဆိုပြီး အသားပေး ဖော်ပြထားပေမယ့် အင်တာနေရှင်နယ် ဘူဖေးလည်းရတယ်၊ တုံရမ်းဟင်းရည်၊ ချီလီခရက်ပ်၊ ဆူရှီ၊ ဆာရှီးမီ၊ ရှိုးမိုင်၊ ပေါက်စီ၊ ဆန်ပြုတ်၊ အွိုင်းစတား၊ ပုစွန်၊ ဂဏန်း စသဖြင့် အစုံပလုံစိနေအောင် ရပါတယ်။ But သို့သော်၊ မနေ့ညက ကိုးရီးယန်း တိုးအုပ်စုနဲ့ သွားတိုးတယ်၊ လူအုပ်ကြီးက နည်းတာမဟုတ်ဘူး၊ ပြီးတော့ အင်မတန် စားနိုင်ကြတာဗျာ၊ အထဲက လင်ဗန်းကြီးတွေ ထုတ်လာသမျှ မိနစ်ပိုင်းပဲ ခံတယ်၊ တချို့ စားကောင်းတာဆို တစ်မိနစ်တောင် မပြည့်တတ်ဘူး၊ ပြောင်တာပဲ။ အောက်ပုံထဲက ပုစွန်တွေက အရမ်းစားကောင်းပေမယ့် တခေါက်ပဲ ယူလိုက်ရတယ်၊ ဆိုင်က ဖြည့်လိုက်တိုင်း ရန်သူ ကိုးရီးယန်းတွေပဲ ဦးသွားတာလား မပြောတတ်ဘူး၊ ကျနော် ကင်းလှည့်သွားတိုင်း ပုစွန် ခြေထောက်လေးတွေပဲ တွေ့ရတယ်ဗျာ၊ စိတ်ထဲမကောင်းဘူး။

ဒါနဲ့ပဲ တခြားဟာတွေ ဖိစားခဲ့ရတယ်၊ အင်မတန် ဖောင်းကားသွားတဲ့ ညလေးတစ်ညပါပဲ။

အော် သနားထှာ ပင်ပန်းရှာမယ် ...
ReplyDeleteဟားဟား.. ဟုတ်ပ။ ပို့စ်ကိုနဲနဲပြောင်းရေးထားတယ်၊ လူနာမည်တွေ ဘယ်လိုထည့်ရမလဲ စဉ်းစားတုန်း၊ အဲဒါခေါင်းသိပ်စားတယ်။
ReplyDelete၁. ရှရွတ်ခန်ကြိုက်တယ်။
ReplyDelete၂.ဘယ်သူတွေနဲ့လဲ။
၃. ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ............
နောက်တခါ သွားစားရင် တူကြီးနဲ့ ရမ်းထုတ်လိုက်တဲ့ အသီးအရွက်တွေ အသားတွေ ကို လှမ်းဖမ်းနေတဲ့ အကြော်ဆရာကြီးပုံ ဗွီဒီယိုရိုက်ခဲ့စမ်းပါဗျာ။
ReplyDeleteဖုံးနဲ့ပဲ ဖြစ်ဖြစ်ပါ။ ၀ စီဘောကျလွန်းလို့ပါ::))
မီးဖိုကြီးသဘောကျလိုက်တာ ... အပေါ်ဆုံးက ရခိုင်မုန့်တီပုံက လည်း ဘလော့ဖွင့် တိုင်း နှိပ်စက်တယ်ဗျာ ...
ReplyDeletemie nge
ကိုတီ အတော်ဆိုးတယ်ဗျာ...။
ReplyDeleteယခုပို့စ်နှင့် မသက်ဆိုင်သော ကွန်မန့်ဖြစ်ပါသည်။
ဟင်...ဆွေမျိုးစပ် တော်ထှာ...:)
ReplyDeletekhan မျိုးတွေက တူတူပဲမဟုတ်ဘူးလား။
ReplyDeleteတရုတ်မွတ်စလင်တွေလားလို့ ...
တစ်ယောက်ဘယ်လောက်ကျလဲ ပြောပြ
ReplyDeleteပုံ/ ဈေးအရမ်းကြီးလျှင်ဝယ်မစားနိုင်သူ TZA ညီမ
အစားအသောက်တွေက စားကောင်းမယ့်ပုံပဲနော်...တစ်ခါမှ မရောက်ဖူးဘူး...နောက်ကြုံမှ သွားစားကြည့်ရဦးမယ်...မျှဝေပေးလို့ ကျေးဇူးပါ ကိုတီ...
ReplyDeletekom.. ရှရွတ်ခန်ထက် အိုလီဗာခန်ကို ပိုကြိုက်တယ်၊ ဘလော့ဂ္ဂါတွေပါ၊ သူတို့ပေါ့၊ သူတို့တွေပေါ့။ (ဆင်ဆာထိထားတယ်)
ReplyDeleteဖြိုးအောင်.. နာတယ်ဗျာ၊ အဲဒါမေ့သွားတယ်၊ ကိုးရီးယားမတွေ လက်ခုပ်ဩဘာပေးတာပါ ရိုက်ခဲ့ရမှာ။
mie nge.. ဘန်နာပုံကို ပြောင်းတင်မှာပါ၊ ပျင်းနေတာလေ။
ဇွန်မိုးစက်.. ဘာကိုဆိုလိုတာလဲ၊ ရှုထောင့်ကို မကြိုက်တာလား :p
အန်တီချစ်.. ဟုတ်တယ်၊ အမျိုးတော်ကိုတော်ရမယ်။ ပြောမယ့်သာပြောတာ၊ ကျနော့်အဘိုးအဘေးတွေမှာတောင် ဂျင်ဂျစ်ခန်သွေး ဘယ်လောက်ဘိုးပါလဲ မသိဘူး၊ ကမ္ဘာပေါ်မှာ နောင်လာနောက်သား အများဆုံးချန်ထားခဲ့တာ ဂျင်ဂျစ်ခန်ဆိုလားပဲ။
အမည်မသိ.. ပန်းသေးခေါက်ဆွဲစားချင်လာပြီ။
ညီမတင်ဇာမော်.. ၂၀ ကျော်ကျော်ဆိုလား ပေးရတယ်။
ဂျင်ဂျင်း.. ဟုတ်လား၊ သွားဖြစ်အောင်သွားပါ၊ ကူဘလိုင်ခန်ကိုယ်တိုင် ဆူရှီလိပ်ပေးတယ်။ :p
ကိုဖြိုးအောင်ပြောတဲ့ အတိုင်းပဲ
ReplyDeleteဗွီဒီယို၇ိုက်ခဲ့မှ ကွက်ကွက်ကွင်းကွင်း ဗွက်ဗွက်ဗွင်းဗွင်း မြင်ရမှာပေါ့ ကိုတီဇက်အေရဲ့
:D
sy.. ကွက်ကွက်ကွင်းကွင်းတော့ ဟုတ်ပါတယ်၊ ဗွက်ဗွက်ဗွင်းဗွင်းက မရှင်းဘူး၊ :p
ReplyDeleteရှုပ်ရှုပ်ရှက်ရှက်..
ReplyDeleteခေါ်တိုင်းလိုက်တဲ့ TZA..တောင်းနဲ့ကောက်ရလိမ့်မယ် အဲသလို ကြပ်ကြပ်လိုက်...
ReplyDeleteရဒယ် ရဒယ်.. တောင်းဒွေအများကြီးရှိဒယ်။
ReplyDelete