ဒီကနေ့အကြောင်း စာစီကုံးပါဆိုရင်..
(၁) အလုပ်က အိမ်လိုက်လာပြီး စိတ်က တခြားရောက်နေခြင်း
(၂) hTC ဖုန်း၏ Android ပလက်ဖောင်း၌ စိတ်ရှိသလို ကလိခြင်း
(၃) ဆံသခြင်း၊ သို့မဟုတ်၊ ဆံပင်ညှပ်ခြင်း၊ သို့မဟုတ်၊ ခေါင်မိုးပြင်ခြင်း
(၄) စမ်းမည် စမ်းမည် တေးထားသည်မှာ နှစ်ချီပြီဖြစ်သော Lightroom စမ်းသပ်ခြင်း
ဆိုတဲ့ ခြင်း ၄ ခြင်းအကြောင်းပဲ ဖြစ်ပါလိမ့်မယ်။
ပထမတခြင်းကတော့ စိတ်ဝင်စားစရာ သိပ်မရှိသလို စာတတန် ပေတတန် ဖွဲ့နွဲ့သီကုံးချင်စိတ်လည်း သိပ်ပေါ်မလာပါဘူး၊ အလုပ်လား၊ အလုပ်ပဲပေါ့၊ ပိတ်ရက်မှာ သူ့ဖာသူ အိမ်လိုက်လာတာ ကျနော်လည်း မတတ်နိုင်ဘူး။ ဒါ working adult တယောက် ညည်းတွားနေရမယ့် အကြောင်းအရာ မဟုတ်ဘူး။ (ဟင်းဟင်း၊ ဤတွင် မသိမသာ ညည်းပြီး၏)

ဒုတိယက ဖုန်း၊ ဒီအကြောင်းကို ပို့စ်တင်ရင် လေးငါးခြောက်ပို့စ် အသာလေးရမယ်၊ ဒါပေမဲ့ ဘယ်ကနေ အစချီပြီး ဘယ်လို ရေးရမှန်းတောင် မမှတ်မိတော့ဘူး။ အစကတည်းက စာရွက်နဲ့ တဆင့်ချင်း ချရေးခဲ့သင့်တာ။ ဝင်းဒိုးနဲ့ပြေးတဲ့ hTC hd2 ကို Android 2.2 (အတိုကောက် froyo လို့ ခေါ်တယ်၊ စားစရာ နာမည်နဲ့ပဲ ပေးသွားတာ) သွင်းပြီး ကလိတာလေ၊ အတော်လေး သုံးလို့ကောင်းတယ်၊ ကိုယ်ကြိုက်ရာ OS နဲ့ ဖွင့်ပြီး ကိုယ်ကြိုက်သလို သုံးနိုင်တယ်။ ဒါပေမဲ့ ခုလောလောဆယ် ပြဿနာကြီး ၂ ခုတိတိ မဖြေရှင်းနိုင်သေးဘူး၊ တစ်ခုက ဘက်ထရီ ပြဿနာ၊ အင်မတန် အကုန်မြန်တယ်၊ ဖြေရှင်းဖို့နည်းလမ်း zImage နဲ့လည်း အလုပ် လုပ်ပုံမရဘူး၊ ဓာတ်ခဲ အပြည့်သွင်းပြီး apps တွေ အကုန် kill ပြီး အိပ်တာတောင် မနက်ထိ မခံဘူးဗျား။ နောက်တစ်ခုက wifi ပြဿနာ၊ ဒါကလည်း နည်းပေါင်းစုံနဲ့ စမ်းပေမယ့် ခုထိ အဖြေမပေါ်သေးတဲ့ ပဟေဠိလေး တစ်ခုပါပဲ၊ hotspot မရတာ မဟုတ်ဘူး၊ wifi ကိုယ်၌ကိုက အလုပ် မလုပ်တာ။

တတိယခြင်းက မင်္ဂလာနေ့မြတ် ဖြစ်တဲ့အလျောက် ဆံသ မင်္ဂလာပွဲကြီး လမ်းထိပ်က ဆံပင်ညှပ်ဆိုင်မှာ သွား ကျင်းပလိုက်တယ်၊ ၁၂ ကျပ်တခေါင်း၊ ညှပ်ပြီးတော့ ဟုတ်တုတ်တုတ်ပဲ၊ အိမ်ပြန် ခေါင်းလျှော်ပြီး မှန်ကြည့်လိုက်တော့ အုန်းမှုတ်ခွက်ကေ ဖြစ်နေတယ်၊ ရင်ထဲမှာ ဟာခနဲနေတာ။ ကြည့်ရတာ မနက်ဖြန် တခြားဆိုင်မှာ ထပ်သွားညှပ်ရတော့မယ်၊ လမ်းဒီဖက်ထိပ်က ၈ ကျပ်တန်ကမှ သူ့ထက်ကောင်းသေး။ အမယ်၊ ဒီနေ့ ညှပ်ပြီးတော့ ဦးရည်ပြား ဆီထွက်လွယ်တဲ့ ကျနော့်ခေါင်းကို အခမဲ့ စကင်ဖတ်ပေးတယ်၊ သုံးလက္မ အရွယ် စက်ကလေးနဲ့ ကွန်ပြူတာနဲ့ ဆက်ထားတာ။ ကျနော့်ဘေးနား တွန်းလာပြီး တဖက်က စကင်ရင်း တဖက်က ပြတယ်၊ အလို၊ ဆံပင်တွေကို တစ်ပင်ချင်း ထင်းခနဲ ရှင်းခနဲ မြင်ရတာပဲ၊ အဆ လေးရာဆိုလား ချဲ့ပြတာတဲ့။ ပုံမှန်ဆိုရင် အပေါက် တစ်ပေါက်ကို ဆံပင် ၂ ပင် ၃ ပင် ပူးပြီးထွက်တယ်၊ ကျနော့်ခေါင်းရဲ့ နောက်ဖက်နားက တစ်ပေါက်ကို တစ်ပင်ပဲ ထွက်တယ် (ပြုတ်သွားတာ ဆိုရင်တော့ ၁ ပင်ပဲ ကျန်တယ်လို့ ပြောရမှာပေါ့)၊ ပြီးတော့ ဘောက် လိုလို အဖြူရောင် အဖတ် သေးသေးလေး ၂ ခု ၃ ခု တွေ့တယ်၊ လိုရင်းပြောရရင် ထုံးစံအတိုင်း treatment တစ်ခု လုပ်ခိုင်းပါတယ်၊ ခါတိုင်း ၁၃၀ ကျော်၊ အခု ထက်ဝက်ဈေး ၆၀ ကျော်နဲ့ လုပ်ပေးမယ် ဆိုပဲ၊ စဉ်းစားဦးမယ် ဆိုပြီး ပြန်လာပါတယ်၊ နဂိုကတည်းက စိတ်သိပ်မပါတာ၊ မှန်ကြည့်ပြီးတဲ့နောက် သွားမလုပ်ဖို့ သေချာသွားပါပြီ၊ အုန်းမှုတ်ခွက် တဲ့ကွာ၊ ကတောက်။

စတုတ္ထခြင်းကတော့ adobe ရဲ့ ဓာတ်ပုံပြင် software ဖြစ်တဲ့ Lightroom သွင်းပြီး စမ်းဆော့တာပါ။ တော်တော် ကလိလို့ ကောင်းတယ်၊ ကလိစရာလည်း အများသား၊ ဟိုဟာလေးကို ဟိုလိုပြင်လိုက်၊ ဒီဟာလေးကို ဒီလောက် ရွှေ့လိုက်နဲ့ ဟုတ်နေတာပဲ၊ မနက်ဖြန် raw အဟောင်းတွေ ပြန်ရှာပြီး ကလိရဦးမယ်၊ ဒီနေ့ ပြင်ထားတဲ့ MBS skypark ပေါ်ကရိုက်တဲ့ ပုံတွေကို ဒီပို့စ်မှာပဲ အမှတ်တရ တင်လိုက်ပါတယ်။ ပျော်ရွှင်ဖွယ် ပိတ်ရက်လေး ဖြစ်ကြပါစေ။

မှတ်ချက်။ ။ ပထမဆုံးပုံက ကင်မရာထဲက ထွက်တဲ့အတိုင်းကြိုက်လို့ ဒီတိုင်းပဲ ထားလိုက်တယ်။ Lens က Tamron 17-50 2.8

http://www.presetsheaven.com/
ReplyDeleteအိုင်( I ) ကတော့ အလင်းခန်းကို ဒီလင့်ထဲကဟာတွေနဲ့ ကလိပစ်လိုက်တာပဲ.. ဟင်းး..
Gen.Y DualBOOT ကိုသုံးတာလား .. ဘယ်လိုလုပ်ရမှန်းမသိတာနဲ့ ဆက်မစမ်းဖြစ်ဘူး ။ အဆင်ပြေရင် ဆိုစ့်လေး မျှပါ ၊ ( အန်းဒျွိုက် ) ကိုစမ်းကြည့်ချင်သေးတယ် ။
အောက်ဆုံးပုံထဲက ပန်းပွင့်လိုလိုက ဘာကြီးလဲဟင်?
ReplyDeleteခမမ.. အမယ်၊ နည်းမှန် လမ်းမှန်နဲ့ သွားတယ်ပေါ့လေ၊ ကျနော်ကတော့ အရင်ဆုံး လျှောက်ကလိတယ်၊ ဘာမှဖြစ်မလာတော့မှ ဆရာလိုက်ရှာတာ၊ ဟားဟား။
ReplyDeleteဇွန်မိုးစက်.. ဖုန်းရွှေ သားကောင်လို့ ထင်တာပဲ၊ လက်ဝါးကြီးအုပ်တော့မယ့်ပုံဗျ။
အုန်းမှုတ်ခွက်...နောက်တခါ ဇလုံတလုံး ယူပြီး အိမ်လာခဲ့၊ အလကား ညှပ်ပေးမယ်...
ReplyDeleteI ကတော့ယူ ရေးသမျှဖတ်တာဘဲ။
ReplyDeletekom
ခမမ.. dualboot က ဒီပုံအတိုင်းပါ၊ ဘာခေါ်တယ်တော့ မသိဘူး၊ လုပ်နည်းကို ပြန်ရှာရပါအုံးမယ်...
ReplyDeletehttp://www.flickr.com/photos/tza/5044687800/
အစ်မချစ်.. ဟာ၊ ကျနော်ခေါင်းစိုက်မယ်၊ အစ်မဇလုံစိုက်။
ReplyDeleteအရီး.. ယူကို You ဖြစ်ဖြစ် U ဖြစ်ဖြစ် ပြင်ရေးပါ၊ ရှေ့နောက်ညီပါစေ။ :p
lightroom က ကလိတာတွေ ကို ကျူတိုရီရယ် အနေ နဲ့ ပို့စ်တွေ တင်သင့်ပါတယ်
ReplyDeleteညီမူရာ.. ကျနော်ရေးရင် ကလိနည်းတွေပဲဖြစ်နေပါလိမ့်မယ်ဗျာ၊ နည်းစနစ်ကျကျ သုံးပုံသုံးနည်းတွေ အင်တာနက်မှာ တပုံကြီးရှိမှာပါ။
ReplyDeleteလေးစားပါတယ် TZA
ReplyDeleteမင်းဇော်.. အံစာခေါက်နေတာမဟုတ်ဘူး၊ ဘာတုန်း လေးစားတယ်လေး ဘာလေးနဲ့။ :)
ReplyDelete