ဒီနေ့ စိတ်ပေါက်ပေါက်နဲ့ ကင်မရာလွယ်ပြီး IMM သွားတယ်၊ တနင်္ဂနွေပိတ်ရက်မှာ အလုပ်ကို ခေတ္တမေ့ထားပြီး စိတ်ထဲက ပေါ့ပေါ့ပါးပါးမို့ အဖန်တရာတေအောင် ရောက်ဖူးတဲ့ ကုန်တိုက်တစ်ခုဆီ ထပ်သွားရမယ် ဆိုပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင်ပါပဲ၊ အင်း၊ စိတ်ကသာ အဓိကပါပဲလေ၊ ဟုတ်တယ်ဟုတ်။ (လေပူမှုတ်ထုတ်ပြီးပြော)
အောက်ထပ်တောင် မဆင်းရသေးဘူး၊ အိမ်ပြင်ထွက်ထွက်ချင်း ဘေးအိမ်က ချာတိတ်လေးတအုပ် ဓာတ်လှေခါးရှေ့မှာ သတင်းစာခင်းပြီး စာသင်တမ်း ကစားနေကြတာ တွေ့လိုက်တယ်။ အပြစ်ကင်းတဲ့ ကလေးလေးတွေ ဘယ်လို အမူအယာပဲ ဖြစ်နေဖြစ်နေ၊ ချစ်စရာတော့ ကောင်းနေကြတာပဲ။

Shuttle bus စီးဖို့ လမ်းနည်းနည်းလျှောက်ရတယ်၊ jtc တိုက်ကိုလှမ်းမျှော်လိုက်တော့ မိုးအုံ့နေတာတွေ့ရတယ်။

IMM ရောက်ပြီ၊ အဝတ်အစားဆိုင်တစ်ဆိုင်ထဲကနေ အပြင်ကိုလှမ်းမြင်ရပုံပါ။

တစ်နာရီကျော်ပတ်တယ်၊ ကွန်ပြူတာ ကိုင်ကြည့်လိုက်၊ ရေခဲသေတ္တာ ဖွင့်ကြည့်လိုက်၊ အင်္ကျီ စွပ်ကြည့်လိုက်၊ တီဗွီတွေ တလုံးပြီးတလုံး ငေးကြည့်လိုက်နဲ့ အလုပ်ကိုရှုပ်လို့။ နောက်တော့ အမြင်မှန်ရသွားပြီး ၃ ထပ်က ၂ ကျပ်တန်ဆိုင် Daiso ဆီရောက်သွားတယ်၊ ဒန်ဒန့်ဒန်။

အောက်ထပ်မှာ ချုပ်တည်းခဲ့သမျှ ဒေါသတွေကို ၂ ကျပ်တန်ဆိုင်မှာ ပေါက်ကွဲပစ်လိုက်တယ်၊ ဟိုဟာလည်းဝယ်၊ ဒီဟာလည်းဝယ်၊ အို၊ ကြိုက်တာအကုန်ဝယ်၊ မျက်စိစုံမှိတ်ပြီး ပက်ပက်စက်စက် ရက်ရက်ရောရော ဝယ်ပစ်လိုက်တယ်၊ ဝယ်လိုက်စမ်းဘာ၊ ဝယ်ပစ်လိုက်စမ်းပါ။ ဩော် ဒါနဲ့၊ Daiso သွားရတဲ့ အကြောင်းရင်းကို ပြောရဦးမယ်၊ ကျနော့် ချောကလျာ့ဒေဝီ မမြရီက ဆူရှီလိတ်တဲ့ဟာလေး ဝယ်ချင်လို့ပါ။ မူးနေအောင် ပတ်ပြီးမှ ရှာတွေ့တယ်၊ တွေ့မယ့် တွေ့တော့လည်း အပုံလိုက်ပဲ၊ ဂျပန် အစားအသောက်တွေ စုပုံထားတဲ့ စင်နှစ်စင်မှာ ကျနော်တို့ နာရီဝက် တစ်နာရီလောက် ဖြုန်းလိုက်တယ်။ ဗိုက်ဆာလာတာလည်း ပါမယ်၊ ဘာတွေ့တွေ့ စားချင်နေတာ။ နောက်တော့ ခေါင်းပေါ်မှာ မီးသီးတွေ ပေါ်လာတယ်၊ တဆက်တည်း ဖျတ်ခနဲ ဖျတ်ခနဲ လင်းသွားကြတယ်၊ ဟုတ်ပြီ၊ ဒီည ဂျပန်စာ လုပ်စားမယ် ပေါ့ကွယ်။ တားဂက်ရှိသွားတော့ ဝယ်စရာတွေကို ခပ်မြန်မြန် ဆက်ဝယ်ဖြစ်တယ်၊ ခေါက်ဆွဲထုပ်၊ ပဲငံပြာရည်၊ ရေညှိချပ် အစရှိတဲ့ အစာပလာတွေရယ်၊ ဆူရှီလိတ်တဲ့ အဆင့်မြင့်ကိရိယာ (?) ရယ်၊ တခြား မထင်မှတ်ပဲ ဝယ်ချင်စိတ်ပေါ်လာလို့ ဝယ်ဖြစ်တာတွေရယ် ခြင်းဝက်စာဆွဲပြီး ငွေရှင်းတယ်၊ အောက်ထပ်က Giant ကို ဆက်သွားရဦးမယ်။ အောက်ပုံက Giant အတွင်းတနေရာပါ။

Giant မှာ ဆူရှီအတွက် ဂျပန်ဆန် ဝယ်ဖြစ်တယ်။ Short-grain rice သို့မဟုတ် 珍珠米 လို့ခေါ်တယ်။

နောက်ပြီး ဆော်လမွန်ငါး၊ ဂျပန်ငံပြာရည်၊ ဝါစားဘီ၊ ဂျပန်ငရုတ်သီးမှုန့်၊ ပုစွန်နဲ့ သခွားသီးဝယ်တယ်၊ ဒါအကုန်ပဲ။ အောက်ပုံက အစမ်းစားဖို့ ဝယ်ခဲ့တဲ့ ငံပြာရည်ထုပ်ပါ၊ တစ်ထုပ်ကို ဆယ်ပြား။ ဝါစားဘီလည်း ဆယ်ပြား၊ ဒါပေမဲ့ အားနဲ့ညှစ်ထုတ်တာ နှစ်စက်လောက်ပဲ ကျလာတယ်၊ ရူးတာပဲ။

ဒါက Daiso က ရေညှိချပ်နဲ့ လိတ်ထားတဲ့ လိပ်ပြာဖြစ်ခါနီး ဆူရှီပိုးတုံးလုံး။ အထဲမှာ ထမင်း၊ ငါးစိမ်းနဲ့ သခွားသီးပါတယ်။

ဒါက ပုစွန်ကြော်။ ပေါင်မုန့်အမှုန့်တွေ မရှိတော့လို့ ဖြစ်သလိုကြော်ထားပေမယ့် အရသာက လုံးဝအိုကေတယ်။

တွေ့ကြတဲ့အတိုင်း ဆူရှီနဲ့ ပုစွန်တန်ပူရာရှိတယ်၊ နောက်တမယ်က ဆို့ဘာ Soba ခေါက်ဆွဲပါ။ (မြိုပါ စို့ပါ ပေါ့လေ)

အောက်ပုံရဲ့ ဗယ်အစွန်က ခေါက်ဆွဲထုပ်က Soba ပါ၊ ကျနော်ကြိုက်လို့ စမ်းလုပ်ကြည့်ဖို့ ၂ ကျပ်ကြီးများတောင် ရင်းခဲ့တာ။ အရင်ဆုံး ခေါက်ဆွဲကို ပွက်ပွက်ဆူတဲ့ ရေပူထဲ ထည့်ပြုတ်တယ်၊ အနေတော်လောက် ပျော့သွားတော့မှ ရေစိမ်ပြီး အအေးပြန်ခံတယ်၊ ဆိုင်တွေမှာ ဘယ်လိုလုပ်တယ် မသိဘူး၊ ကျနော်ကတော့ အအေးမြန်အောင် ရေထဲကထုတ်ပြီး ရေခဲသေတ္တာ အပေါ်ဆင့်မှာ ခဏထားလိုက်တယ်။ စားခါနီး ရေခဲတုံးတွေ ဘာတွေတော့ မထည့်တော့ဘူး။ ငရုတ်သီးမှုန့်နဲ့ ရေညှိတွေတော့ ဖြူးလိုက်တယ်။ အလယ်တည့်တည့်က ပဲငံပြာရည်ပါ၊ အဲဒါ Soba ခေါက်ဆွဲကို နှစ်စားဖို့ အရည်ပါပဲ။ အဲဒီအရည်ကိုပဲ တခြားနေရာတွေမှာလည်း သုံးလို့ရတယ်၊ soba အတွက်တော့ ငံပြာရည် ၁ ဆကို ရေ ၂ ဆ ၃ ဆလောက် ရောထည့်ရတယ်လို့ ရေးထားပေမယ့် ကျနော်တို့က အငန် သိပ်မကြိုက်လို့ ရေပိုထည့်တယ်။ ပုလင်းအနီရောင်က Giant မှာဝယ်တဲ့ ငရုတ်သီးမှုန့်ပါ၊ ၃.၁၅ ပေးရတယ်။ Daiso မှာ အစပ် ရှာမတွေ့ဘူး၊ အငန်တွေတော့ တွေ့ပါရဲ့၊ Daiso မှာရှိရင် ပိုသက်သာမှာ သေချာတယ်။

သုံးဆောင်ပါအုံး၊ ဆူရှီရဲ့ close-up ပါ။

ပထမဆုံး ဂျပန်စာစမ်းသပ်မှုဆိုတော့ တော်တော်ရိုက်ဖြစ်လိုက်တယ်၊ အမှတ်တရ မှတ်တမ်းတင်တာပေါ့လေ။

တင်တယ်၊ တင်တယ်၊ ဆက်တင်တယ်၊ မှတ်တမ်းတွေ အပုံကြီးတင်လိုက်တယ်။

ကဲ၊ ဒါပဲပါ၊ ရက်သတ္တပတ်တစ်ပတ်ကုန်သွားပြန်ပြီ။ တနင်္လာနေ့ကို ကြိုဆိုကြပါစို့။

တို့တော့ ကြိုဘူး
ReplyDelete" တစ်ထုပ်ကို ဆယ်ပြား။ ဒါပေမဲ့ အားနဲ့ညှစ်ထုတ်တာ နှစ်စက်လောက်ပဲ ကျလာတယ်၊ ရူးတာပဲ"....ဟား ဟား တစ်စက်ကို ငါးပြားပေါ့။
ReplyDeleteကြည်
အတော်တတ်နေပြီဘဲ များများညှစ်ပါ။
ReplyDeleteအသံမထွက်တဲ့kma ရှိရင်အကြောင်းပြန်ပါ။
ReplyDeleteအို.. တို့မြောက်ဝင်ရိုးစွန်းမှာတော့ အအေးခံချင်ရင် ၀ရံတာက ခုံလေးပေါ်တင် ထားလိုက်တာပဲ။ အေးမှ အေး။
ReplyDeleteမြောက်ကျွန်းသူ..
mm
Dont u try home made chapati from 3 idiots?
ReplyDelete:)
ထမင်းကို အပြင်ကထားပြီး inside out စမ်းလိပ်ကြည့်ပါ့လား..
ReplyDeleteRaw fish မစားခိုင်းသေးလို့ sashimi မစားရတာတောင်ကြာပါပေါ့..
တင်္နလာနေ့ကိုတောင် ကြိုဆိုတဲ့ သတ္တိကိုတော့ ကြိုက်ပြီ။
ReplyDeleteကိုယ်လဲ မနေ့က The Man From Nowhere ဆိုတဲ့ ထယ်စောက် မင်းသားပါတဲ့ ကိုရီးယားကိုကို သည်ကာဌေး မှာ ကြည့်ပြီး သကာလ တစ်ဆက်တည်းမှာ ရှိတဲ့ စင်ကာပူရပလာဇာထဲက ဒိုင်ဇို ကိုသွားတယ်။ ကိုယ်လဲ ဂျပန်စာတွေ ဝယ်လာတယ်။ အသင့်စားလယ်ဒီမိတ်တွေပဲ။ ငါးသေတ္တာတောင် ပါလိုက်သေးတယ်။ ဂျပန်စာများ အဆီမများတာ တယ်ဟုတ်။ ဆူရှီကြိုက်တယ်။ ဆာရှီမီ ကြိုက်တယ်။ ဆူရှီတဲ မှာ သွားစားဦးမှာ။
ReplyDeleteချောကလျာဒေဝီကို ချောကလက်ဒေဝီလို့ မှားဖတ်လိုက်သေးတယ်.. မသိမှာစိုးလို့ လာပြောပြတာပါ :)
ReplyDeleteပြောတုန်းက ဖြူဆို....ဘယ့်နှယ် မမြရီဖြစ်သွားသတုန်း...ပုံနှင့်တကွ ရှင်းလင်းပါ...အဲလို ခုတမျိုး ခုတမျိုး မကြိုက်ဘူးဟေ့နော်....
ReplyDeleteစူပါမားကက်ထဲ ကင်မလာတလုံးနဲ့ လျှောက်ပတ်နေတယ်ပေါ့လေ ဂျပန်စာတွေလည်း စားလို့....
ပုံ / နဲနဲကလေးမှ နာမလိုသူ
မဆိုးဘူး.. မမကွန် ကို မှီလာပြီ။ ဆက်ကြိုးစား..း)
ReplyDeleteဟင့်အင်း တို့ကတော့ "ရေဒီယို သတ္တိကြွရောင်ခြည်တွေ"ကို ကြောက်လို့ ဆူရှီ မစားသေးဘူး..:P
ReplyDeleteမှတ်ချက်။ ။ အရီးကွမ်(kom)၏ ဖေးမ အားပေး ဆိုဆုံးမမှုကြောင့် ဤကွမ်းမင့်ဖြင့် အသံထွက်ခဲ့ရပါသည်။ စိယဲ့..စိယဲ့.. မိုင်ဒီးယား စစ်စတားလေး..။
ကြည်.. ဒါဆိုညီမငေး မှန်ပါတယ်၊ ငှဲငှဲ..
ReplyDeleteအရီး.. ကိုkma ကို လွန်းနေပြီပေါ့လေ.. (လွမ်းကို လွန်းဟုဘတ်)
မမွန်.. ရေခဲသေတ္တာကို ဝရံတာခုံလေးပေါ်မှာထားရင်ကော..
အမည်မသိ.. ဟားဟား.. မလုပ်ပါနဲ့ဗျာ..
အိုင်အမ်ကျောက်.. နည်းသစ်တွေတီထွင်ကြံဆနိုင်ပုံများ လက်ခါးတောင် ဖျာချင်ချင်ပဲ..
Raymond.. ကြိုတာကြိုတာပေါ့၊ စာရိုက်ရင်း လက်ကတော့ တုန်နေတာပဲ..
ကဘွိုက်.. စူရှီကို တဲလေးထဲမှာရောင်းတာလားငှင်..
ရွှန်းမီ.. ဟားဟား.. ဒါလည်းကောင်းတာပဲ၊ ချောကလက်ဒေဝီက ပိုတောင်ကောင်းသေး..
အမချစ်.. မမြရီက နာမည်ရင်း.. ဖြူက ကလောင်နာမည် (ဟဲဟဲ)
ကေသွယ်.. ဒီလိုပဲကြိုးစားရုန်းကန်ရတာပဲ၊ အရီးကိုမှီဖို့အတွက်..
ကိုkma.. စိယဲ့ စိယဲ့ က ရှဲရှဲနဲ့ ဘာတော်လဲဟင်..
ရှဲရှဲ့က တရုတ်အနွယ် မော်ဒယ်မလေးတယောက်ရဲ့ ငယ်နံမယ်.. ရှက်ရှက်လို့လဲ ပြောင်ခေါ်ကြသေးတယ်။ နောက်အရွယ်ရောက်လာတဲ့အခါ(နားလည်လောက်တဲ့အခါ)ကျတော့ စိယဲ့ စိယဲ့ လို့ပြောင်းခေါ်တော့တာပါပဲ။
ReplyDeleteGoogle Translate မှာ ဆွေမျိုးစပ်ပြတာတော့ ကိုးရီးယားလို Gamsahabnida, ဂျပန်လို Arigatō, တရုတ်လို Xièxiè တဲ့ဗျာ.. အံ့ရော အံ့ရော..