Search This Blog

Loading...

10 December 2011

zero-sum game 零和博弈 (2)

ဆက်ရအောင်ပါ။

ဒီဆောင်းပါးအကြောင်း မရေးသေးခင် အရင်ဆုံး ဆောင်းပါးရှင်အကြောင်း သိဖို့လိုပါတယ်၊ ဆောင်းပါးရှင် ယန်ရွှယ်ထုန်း
阎学通 ဟာ တရုတ်ပြည်ရဲ့ အထင်ကရတက္ကသိုလ်တစ်ခုဖြစ်တဲ့ ချင်းဟွာတက္ကသိုလ်က ပရော်ဖက်ဆာပါ၊ ၉၀ ပြည့်နှစ် အစောပိုင်းတုန်းက UC Berkeley မှာ နိုင်ငံရေးဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။

YAN XUETONG 阎学通

Image source: VOA News

အခု ဒီဆောင်းပါးကို မူရင်းတရုတ်ဘာသာကနေ ဘာသာပြန်နှစ်ယောက်က အင်္ဂလိပ်လို ပြန်ဆိုပြီး NY Times က တင်ပါတယ်၊ အဲဒီ တရုတ်ကနေ အင်္ဂလိပ် ဖြစ်သွားတဲ့ ဘာသာပြန်ဆောင်းပါးကိုမှ တရုတ်တွေက တရုတ်လို တခါဘာသာပြန်ပြီး တရုတ်ဝက်ဘ်ဆိုက်တွေမှာ ပြန်တင်ပါတယ်။ တရုတ်လိုရေးထားတဲ့ မူရင်းဆောင်းပါးကိုတော့ ဘယ်မှာမှ မတွေ့ရပါဘူး၊ ကြည့်ရတာ NYT စာမူခပေးပြီးကတည်းက မူရင်းဆောင်းပါး မဖြန့်ရဘူးလို့ တားမြစ်ထားမယ် ထင်ပါတယ်။ ဒီတော့ကာ..

ကျနော်အရှေ့ပို့စ်မှာ ရေးခဲ့သလိုပဲ ခေါင်းစဉ်ကြီးက စိတ်ဝင်စားစရာဖြစ်လာပါတယ်၊ ဒီခေါင်းစဉ်က ဆောင်းပါးရှင်ကိုယ်တိုင် ပေးထားတာလား၊ NYT ပေးလိုက်တာလား မသိရဘူး၊ ဆောင်းပါးဖတ်စေချင်ရင် ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်ရှိဖို့က အရေးကြီးတော့ ဆောင်းပါးရှင် သို့မဟုတ် NYT က တမင်သက်သက် မျက်စိကျိန်းအောင် ပေးထားတာ ဖြစ်နိုင်တယ်၊ ဖတ်သူများအောင် လုပ်တတ်ကြတာ သဘာဝပါပဲ၊ နိုင်ငံရေးနဲ့ သိပ်မဆိုင်ပဲ စီးပွားရေးဆန်ဆန် လုပ်တာဖြစ်နိုင်ပါတယ်။ သို့သော် တရုတ်စာဖတ်သူတွေ ဆောင်းပါးခေါင်းစဉ် How China Can Defeat America အပေါ်မှာ တုံ့ပြန်ကြတဲ့ မေးခွန်းက “ငါတို့တရုတ်တွေ ဘာဖြစ်လို့ အမေရိကားကို အလဲထိုးရမလဲ” ဆိုတာပါ၊ သဘောက ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေလို့ရပါလျက်နဲ့ ဘာလို့ သူများကို သွားအနိုင်ယူရမလဲ ပေါ့လေ။ တကယ်တမ်း သူ့ဆောင်းပါးထဲမှာ ဒီလိုရေးထားပါတယ်..

Rising powers seek to gain more authority in the global system, and declining powers rarely go down without a fight.

အဆင်းလမ်းပေါ်ရောက်နေတဲ့ ပါဝါကြီးတွေဟာ ဖိုက်တင်လေးတပွဲလောက်မှ မချလိုက်ပဲ ကြည်ကြည်ဖြူဖြူ ဆင်းမသွားပါဘူး.. တဲ့။ ဆိုတော့ ဒီအဆိုကိုပဲ ခေါင်းစဉ်က ပြန်ဆွဲခေါ်တာပါ၊ ကိုယ်မချလည်း သူလာချမယ့်တနေ့ ရောက်လာမှာပဲပေါ့၊ အဲဒီကျရင် ကိုယ့်ဖက်ကနိုင်အောင် ဘယ်လိုချရမလဲ ဆိုတဲ့အကြောင်းရေးထားတာ ဆိုပါတော့။

ဒီခေါင်းစဉ်ကိုပဲ ဆောင်းပါးရှင်ကိုယ်တိုင် ပေးထားတာလို့ တထစ်ချ ယုံကြည်သူတွေကတော့ သူ့ကို ဝိုင်းသမကြတာများတယ်။ တရုတ်က ဘယ်လောက်များ အင်အားတောင့်တင်းနေလို့ အမေရိကားလို နိုင်ငံကြီးကို အလဲထိုးနိုင်မှာလဲ ဆိုတာမျိုး၊ အာဏာရှင်တရုတ်လို နိုင်ငံကများ အမေရိကားကို အနိုင်ယူပြအုံးမလို့လား ဆိုတာမျိုးနဲ့ ဆော်ကြပါတယ်။ မူရင်းတရုတ်ဆောင်းပါးကို နှစ်ကြိမ်တိတိ ဘာသာပြန်ထားတဲ့ နောက်ဆုံးဗားရှင်း တရုတ်ဆောင်းပါးနဲ့ NYT ပေါ်က အင်္ဂလိပ်ဗားရှင်းနဲ့ အဓိပ္ပါယ် ကောက်ယူပုံ လွဲမှားတာလေးတွေလည်း ရှိပါသေးတယ်၊ အဲဒါတွေကတော့ အရေးမကြီးတော့ပါဘူး။ အဲနီးဝေး၊ အင်တာနက်ပေါ်မှာ ဖတ်မိသလောက် တရုတ်စာဖတ်သူတွေ ဝေဖန်ချက်က အဆိုးဖက်ကပဲ များပါတယ်၊ အနည်းဆုံး ဆောင်းပါးရှင် ပြောချင်တဲ့ အချက်တွေကို သိပ်ဂရုမစိုက်ပဲ ဒီခေါင်းစဉ်ကြောင့် စိတ်အချဉ်ပေါက်ကုန်ပြီး မင်းက ဘာကောင်မို့လဲကွ ဆိုတဲ့ အထာမျိုးနဲ့ ရေးကြတယ်။ ထားတော့။

ခြုံကြည့်ရင်တော့ ဆောင်းပါးရှင်ရဲ့ အာဘော်ကို
ကျနော့်အနေနဲ့ လက်ခံပါတယ်၊ သူပြောသွားတဲ့ အချက်တွေကိုလည်း ကွဲလွဲစရာ သိပ်မရှိဘူးလို့ မြင်ပါတယ်။ သို့သော် အပေါ်မှာ ရေးသွားတဲ့ ဆောင်းပါးရှင်ကို ဝိုင်းသမကြတဲ့ အင်တာနက်ပေါ်က ယူဆာတွေနဲ့ ကျနော်နဲ့ မတူတဲ့အချက် နှစ်ချက်ကိုတော့ ထည့်ပြောရပါမယ်။ တစ်အချက်၊ ဆောင်းပါးဖတ်နေတုန်း ခေါင်းစဉ်ကို ကျနော်မေ့ထားတယ်၊ ဆိုတော့ ခေါင်းစဉ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါဘူး၊ သူပြောချင်တဲ့ အချက်တွေကိုပဲ အဓိကထား ဖတ်ပါတယ်။ နှစ်အချက်၊ YAN XUETONG ဆိုတဲ့ ပရော်ဖက်ဆာကို ကျနော် လုံးလုံး မရင်းနှီးပါဘူး၊ သူအရင်က ဘာတွေရေးခဲ့တယ်၊ ဘယ်လမ်းလျှောက်တယ် ဆိုတာတွေကို မသိပါဘူး။ ဒါကြောင့် သူ့ရေးတဲ့စာကို ရေးထားတဲ့အတိုင်းပဲ ဖတ်နိုင်ပါတယ်။ သူက အစိုးရဝန်ထမ်း ဖြစ်တဲ့အလျောက် အရင်ကတည်းက ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ အလိုကျအတိုင်းပဲ ရေးခဲ့တယ်ဆိုရင်တော့ အခုဘာပဲရေးရေး လက်ခံနိုင်တဲ့သူ နည်းပါလိမ့်မယ်၊ မြန်မာပြည်က အစိုးရသတင်းစာထဲမှာ ရေးနေကျလူတွေ ရုတ်တရက်ကြီး ဒေါ်စုကောင်းကြောင်း၊ နိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်ပါကြောင်း၊ အစိုးရသတင်းစာတွေ ဘယ်လိုဘယ်လို ပြုပြင်သင့်ကြောင်း ရေးနေသလို ဖြစ်နေမှာပေါ့။ သဘောပြောတာပါ၊ ဒီပရော်ဖက်ဆာက ဒီလိုရေးနေပါတယ်လို့ ပြောနေတာ မဟုတ်ဘူး၊ သူ့ဒိပြင်စာတွေကို ဖတ်ကိုမဖတ်ဖူးတာ။

ကျနော့်အမြင်ကတော့ သူ့ရဲ့လက်ရှိအနေအထားနဲ့ ဒီလိုဆောင်းပါးမျိုး ရေးနိုင်(ရေးရဲ)တာပဲ မဆိုးတော့ဘူး။ ပြီးတော့ ရေးထားတာတွေလည်း မျက်မှောက်ကာလ အခင်းအကျင်းနဲ့ အတော်ဆီလျော်တယ်၊ တရုတ်ကြီး တိုးတက်လာတာ အားလုံးအသိပဲ၊ သို့သော် ဒီလိုတိုးတက်နေတာကို အကောင်းမြင်ပေးနိုင်တဲ့ နိုင်ငံတွေ အင်မတန်နည်းတယ်။ ကမ္ဘာ့ဟိုးဖက်ခြမ်းက အာဖရိက နိုင်ငံလေးတွေရှိမယ်၊ တောင်အမေရိကား နိုင်ငံတွေရှိမယ်၊ သူ့နဲ့ အဆင်ပြေတယ်လို့ ပြောလို့ရတဲ့ ရုရှား၊ မြောက်ကိုးရီးယား၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေရှိမယ်။ သူ့ပတ်ပတ်လည်က အာဆီယံနိုင်ငံတွေဆို စင်္ကာပူလောက်ပဲ သူ့နဲ့ အိုကေတာ၊ ကျန်တာတွေက မတတ်သာလို့သာ ပေါင်းနေကြတဲ့ သဘောမှာရှိတယ်၊ အိမ်နီးချင်း အိန္ဒိယကတော့ ဘယ်တော့ တဗွေချင်း ဖိုက်ရမလဲ မသိတဲ့ (လောလောဆယ် သူ့ဇာတ်သူ အနိုင်နိုင်ကနေရတဲ့) အနာဂတ်ရန်သူကြီး။ ဟိုးဖက်ခြမ်းက ထိုင်ဝမ်၊ တောင်ကိုးရီးယားနဲ့ ဂျပန်တို့က အမေရိကားနဲ့ သိပ်ချစ်ကြတာ၊ အာဆီယံထဲက ထိုင်းနဲ့ ဖိလစ်ပိုင်လိုပဲ၊ အခု နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ မြန်မာကိုလည်း အမေရိကားက လက်ကြီးဆန့်၊ ရင်ဘတ်ကြီးဖွင့်ပြီး ကြိုဆိုနေပြီလေ။ တရုတ်ကို ပိတ်ဆို့ဖို့ လုပ်နေတာ မဟုတ်ဘူးလို့ ဘယ်လောက်ပဲပြောပြော၊ အခု အာရှပစိဖိတ်မှာ အိုဘားမားလှမ်းနေတဲ့ ခြေလှမ်းတွေက ဒါကိုပဲ ဦးတည်နေတယ်။

ဆိုတော့၊ ဒီလိုအနေအထားမှာ တရုတ်အစိုးရအနေနဲ့ ပြောင်းလဲမှုတွေ လုပ်သင့်နေပြီ။ (မြန်မာအစိုးရကတော့ ဆားမညှပ်အောင် သတိထားနေရမယ်)

ဆောင်းပါးရှင်က အုပ်ချုပ်မှုပုံစံသုံးမျိုးကို ဥပမာပေးပါတယ်၊ grade ခွဲလိုက်ရင် ကောင်း၊ သင့်၊ ညံ့ ပေါ့လေ။ အဲဒီအထဲက အကောင်းဆုံး ဆိုတဲ့ humane authority ကို သူက ဇောင်းပေးချင်တာပါ။ ဒါကို စာဖတ်သူတွေအနေနဲ့ လက်မခံချင်စရာ အကြောင်းမရှိပါဘူး၊ ဘယ်ရှုထောင့်ကကြည့်ကြည့် ဒီအချက်က မှန်နေမှာပါပဲ။ အခု တရုတ်ပြည်ရဲ့ အဓိက ပြည်တွင်းရေးပြဿနာက ဆင်းရဲချမ်းသာ ကွာဟမှုပဲ၊ မြို့ပြနဲ့ ကျေးလက်ဒေသ လူနေမှု အဆင့်အတန်း အင်မတန်မှ ကွာတယ်။ ဒီကြားထဲ အစိုးရက ကူညီရေးတွေ အထောက်အပံ့တွေကို ဒိပြင် နိုင်ငံငယ်လေးတွေဆီ သွားပေးတော့ ကျေးလက်က ဆင်းရဲသားတွေက လုံးဝ ပေါက်ကွဲကုန်တယ်၊ သူတို့က အဲဒီ နိုင်ငံငယ်လေးတွေက အကူအညီရသွားတဲ့ ပြည်သူတွေထက် ပိုမဆင်းရဲရင်တောင် ပိုပြီး ချမ်းသာမနေဘူး။ ဒီတလောလေးတင် ပွက်လောရိုက်သွားတဲ့ ကန်းစုက ကျောင်းကားအက်စီးဒန့် မှာ ကလေး ၁၉ ယောက် သေသွားတဲ့ ကိစ္စဆိုရင်လည်း ဒီအတိုင်းပဲ၊ ပြည်တွင်းမှာ မွဲတေလွန်းလို့ ကျောင်းကားတွေမှာ သတ်မှတ်ဦးရေထက် သုံးလေးဆ ပိုတင်ကြတယ်၊ တရုတ်အစိုးရက အဲဒါတွေကို အရင်မဖြေရှင်းပဲ ဟိုး အရှေ့တောင် ဥရောပက နိုင်ငံပေါက်စလေး Republic of Macedonia မက်စီဒိုးနီးယားကို ကျောင်းကားသွားလှူတယ်၊ တခုခုလိုချင်လို့ ဒီလိုလုပ်တာ သူ့ပြည်သူတွေလည်း သိနေတာပဲလေ။ (မှတ်ချက် - မြန်မာပြည်လည်း ခုတလော ကျောင်းကားတွေကို စိစစ်မယ်ပြောတယ်၊ တရုတ်မှာဖြစ်တာတွေမြင်ပြီး ကြိုတင်ကာကွယ်တာ ဖြစ်လောက်တယ်၊ ကြိုဆိုရမှာပါ)

နိုဝင်ဘာ ၁၆ ရက်နေ့က အခြားကားတစ်စီးနဲ့ ခေါင်းချင်းဆိုင်တိုက်မိတဲ့ ကျောင်းကားအတွင်းတနေရာ။

ဒီကားထဲကို ဆရာနဲ့ကလေး စုစုပေါင်း ၆၃ ယောက်တင်ထားတယ်၊ ယာဉ်တိုက်မှုဖြစ်ပြီး ကလေး ၁၉ ယောက် အပါအဝင် အားလုံးပေါင်း ၂၁ ယောက်သေသွားတယ်။


နိုဝင်ဘာ ၂၅ ရက်နေ့က မက်စီဒိုးနီးယားက တရုတ်ကျောင်းကားလွှဲပြောင်းပေးအပ်ပွဲ မြင်ကွင်းတခုပါ။


တရုတ်ပြည်မှာ humane authority အရေးကြီးနေတယ်ဆိုတာ ဒါပါပဲ၊ ဒီကျောင်းကားဥပမာကတော့ ပူပူနွေးနွေးပါ။

ဒီဆောင်းပါးကနေ ဆင့်ပွားထွက်လာတဲ့ တရုတ်အစိုးရရဲ့ “လူသားခြင်းစာနာထောက်ထားတဲ့” အကူအညီပေးပုံနဲ့ ပတ်သက်ပြီး ဖတ်မိတဲ့ ကော်မန့်တွေရဲ့ နောက်ကွယ်မှာ တရုတ်တချို့ရဲ့ တိမ်းစောင်းနေတဲ့ အမြင်တွေကို မြင်ရပါတယ်။ ငါတို့ဒီလောက် ဆင်းရဲတွင်းနက်နေတာတောင် ငါတို့အစိုးရက တခြားနိုင်ငံတွေကို အကူအညီသွားပေးတယ်၊ ဒါပေမဲ့ တို့တွေ ဘာပြန်ရသလဲ ဆိုတဲ့ အတွေးမျိုး ရှိနေတာ ဖတ်မိတယ်။ အခု မြစ်ဆုံကိစ္စဆိုရင်လည်း သူတို့ နားလည်ချင်မှ နားလည်လိမ့်မယ်၊ ငါတို့ အစိုးရ တောက်လျှောက် “ကူညီ” လာတဲ့ မြန်မာဆိုတဲ့ အိမ်နီးချင်းက ဘာဖြစ်လို့ ရေကာတာလေးတောင် ပေးမဆောက်တော့တာလဲ လို့ မြင်ကောင်း မြင်နေလိမ့်မယ်၊ ဒါလူဗြိန်းတစ်ယောက် မြင်တဲ့ အမြင်ပဲ၊ ခက်တာက ဒီလိုကိစ္စတွေမှာ အပေါ်ကနေ အားလုံးကို ခြုံငုံပြီး သုံးသပ်နိုင်ကြတဲ့ လူမျိုးကလည်း ခပ်ရှားရှားရယ်၊ ကျနော်အပါအဝင် အများစုက လူဗြိန်းအုပ်စုဝင်တွေပဲ။

တကယ်တော့ မြန်မာပြည်သူကို တရုတ်ပြည်သူတွေ နားမလည်သလို တရုတ်ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေ နားမလည်ကြဘူး။ ဒီလွဲမှားမှုမှာ အဓိကလက်သည်တွေက နှစ်ဖက် အစိုးရပဲ။ သူတို့နည်း သူတို့ဟန်နဲ့ နားလည်မှုတွေ ယူကြတယ်၊ လုပ်ကြတယ်၊ ပြဿနာဖြစ်တော့ ပြည်သူတွေ အချင်းချင်း အထင်အမြင် လွဲကုန်တယ်။ တရုတ်ကို ဝိုင်းချစ်ကြဖို့ ရေးနေတာ မဟုတ်ပါဘူး၊ မြန်မာပြည်သူနဲ့ တရုတ်ပြည်သူနဲ့ တူတဲ့အချက်ကို ပြောချင်တာပါ။ မြန်မာနဲ့ဖြစ်တဲ့ မြစ်ဆုံ ကိစ္စမှာ သာမန် တရုတ်ပြည်သူတွေ မသိတဲ့အချက်က သူတို့အစိုးရ “ကူညီ” ခဲ့တဲ့ မြန်မာအစိုးရဟာ သူ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးနေတဲ့၊ သူ့ပြည်သူတွေကို ချစ်တဲ့ အစိုးရတရပ် မဟုတ်ဘူး ဆိုတဲ့အချက်ပဲ၊ ဒါကို မသိအောင်လည်း သူတို့အစိုးရက လုပ်ထားတာကိုး။ သူတို့အပြစ်တင်ရမယ့် တရားခံက သူတို့အစိုးရ ဖြစ်သင့်ပေမယ့် တကယ်တမ်းကျတော့ ရေကာတာကို ကန့်ကွက်ကြတဲ့ မြန်မာတွေကို သူတို့အထင်အမြင် လွဲကုန်ရော၊ ကျနော်တို့ မြန်မာတွေက တရုတ်ပြည်သူနဲ့ တရုတ်အစိုးရကို ခွဲပြီး ကြည့်လေ့ မရှိသလို သူတို့လည်း မြန်မာပြည်သူနဲ့ မြန်မာအစိုးရကို တသားတည်းမြင်နေတာ အဆန်းတော့လည်း မဟုတ်ပါဘူး။
--
အပိုင်း ၂ ဒီမှာဖြတ်ပါမယ်၊ အပိုင်း ၃ မှာ zero-sum game နဲ့ နိဂုံးချုပ်ပါမယ်။

4 comments:

  1. I agree with you,Mr TZA

    ReplyDelete
  2. ဟို ပထမ ပိုစ့် ကို ပါ သွားရှာပြီး ဖတ်သေးတယ်... တော်တော် ကောင်းတယ် ကို TZA ရေ.. ကျွန်တော်ဆို တရုတ်သမိုင်း၊စာပေ၊ယဉ်ကျေးမှုတွေ ကိုအရမ်းကြိုက်တာ.. (Indian လည်း ကြိုက်ပါတယ်)တစ်ချို့က အဲဒါကို အမြင်စောင်းတယ်.. မျိုးချစ်စိတ်မရှိဘူး ဘာညာပေါ့ ခင်ဗျာ.. သူ့တိုမှာလည်း အစိုးရနဲ့ ပြည်သူ ထပ်တူမကျဘူးဆိုတာ နားမလည်တဲ့ လူတွေ အများကြီးဗျာ.. မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ယောက် ဘာအငြိအတွယ်မှ မပါဘဲ..အတူတူထားလိုက်စမ်းပါဗျာ. ပေါက်ဖော်..အဆွေတော်နဲ့ ညံနေမှာ မြင်ယောင်သေးတယ်.. ထုံးစံ အတိုင်း ကျေးဇူးနဲ့ အဆုံးသတ်ပါရစေ.. :)

    ReplyDelete
  3. တရုတ်ပြည်သူတွေ ဘယ်လိုသဘောရှိလဲ ဆိုတာတော့ ကျွန်တော် မသိတာ အမှန်ပဲ ဒါပင်မဲ့ အခု ရန်ကုန်ထဲရောက်နေတယ် မြန်မာ စကားမတတ်တဲ့ တရုတ်တွေ ဘယ်လိုသဘောရှိလည်းဆိုတာတော့ သိတယ်.....
    တကယ့် လောကဇောတိုက်နေတဲ့ ပုံစံတွေပါ
    ကျွန်တော်တို့ အတွက်လည်း အမျိုးသားရေးရှိပါတယ် ( စစ်အစိုးရပြောတဲ့ အမျိုးသားရေး မဟုတ်ပါ) ဒီတော့ လက်ရှိအမြင်အနေနဲ့တော့ မြန်မာစကားမတတ်တဲ့ ပြည်ကြီး တရုတ်တွေအတွက်တော့ ဆောရီးပါ..... ထပ်တူကျ၏ မကျ၏ထက်စာရင် ကျွန်တော်တို့ တိုင်းပြည်အတွက်တော့ ရင်လေးမိတာ အမှန်ပဲ

    ReplyDelete
  4. ကိုယ်နဲ့ခင်တဲ့တရုတ်မဟုတ်လျှင် ရင်ထဲကမစ်တာအလိုလိုခန်းခြောက်ပါ၏
    ဘာကြောင့်လည်းတော့မသိပေ
    ချစ်မွှေးမပါသူများဖြစ်နိုင်၏
    သူတပါး၏ ခံစားမှုကို ထည့်သွင်းစဉ်းစားနိုင်စွမ်းမွေးရာပါ မရှိသူများသာဖြစ်နိုင်၏။
    သူတို့ကလည်း ထိုဟာကို အရေးပါသည်ဟု သတ်မှတ်ပုံမပေါ်
    အတိုင်းအတာထက်ပိုမပတ်သတ်လျင်ကောင်းမည်။
    ကိုယ့်တိုင်းပြည်ကပြည်သူတွေ ဘယ်လိုခံစားနေရမည် လူမှုရေးချို့တဲ့မှုတွေ ဖြစ်ပေါ်နေသည်ကို ထည့်မစဉ်းစားပဲ တကဘာလုံးကို အပေါက်ရှာဝင်ပြီး ကိုယ့်သိက်ခါနဲ့ကိုမနေ (သိက်ခါမရှိလည်း ဘာမှမဖြစ် သိက်ခါမရှိတဲ့အတွက်လည်းဝမ်းနည်းရမှန်းမသိ)အဲဒါကြောင့်မို့ အစိုးရချင်းတဲ့တာနေမှာ

    ReplyDelete