Search This Blog

Loading...

31 December 2011

Misc

တနေ့က ဘေဆင်တွေ၊ ရေဘုံဘိုင်တွေ ပို့လာတယ်၊ မနေ့က မီးဖို၊ အာဗင်တွေ ပို့လာတယ်၊ ဒီနေ့ ပန်ကာ၊ အဲကွန်းတွေ ပို့လာတယ်၊ မနက်ဖြန် လျှပ်စစ်ပစ္စည်းတွေ လာလိမ့်မယ်၊ ကောင်းတယ်၊ လာထား၊ အကုန်လာထား၊ အားလုံးခြေထောက်တွေပေါက်ပြီး သူ့နေရာသူ ဝင်ယူကြရင် အကောင်းဆုံးပဲ၊ ဖုတ်အလိမ်းလိမ်းထပြီး ပေပွနေတဲ့ တအိမ်လုံးကို သေသေသပ်သပ်လေး မြင်ချင်လှပြီ။

ဈေးနည်းနည်းသက်သာတဲ့ အိမ်ဟောင်းကိုဝယ်ပြီး ခုလိုပြန်ပြင်ပြန်ဆင်တာနဲ့၊ ဈေးပိုကြီးပြီး အသင့်ဝင်နေနိုင်တဲ့ အိမ်မျိုးဝယ်တာနဲ့ ဘယ်ဟာပိုကောင်းသလဲ၊ ဒီမေးခွန်းက resale market ထဲက ပြန်ဝယ်မယ့်သူတွေအတွက် ကိုယ်နိုင်တဲ့ အိမ်တန်ဘိုးနဲ့ ဝယ်မယ့်အိမ်အနေအထားကို ရွေးချယ်တဲ့အခါ ကိုယ့်ကိုကိုယ် အရင်မေးရမယ့် မေးခွန်းပဲဗျ။ ကျနော်အဲဒီမေးခွန်းကို အစက ခေါင်းထဲမထည့်ခဲ့ဘူး။ ဒီရင်ခုန်စရာ မှောင်နဲ့မည်းမည်း ရီနိုဗေးရှင်း လှိုဏ်ဂူကြီးထဲကို ဖြတ်သန်းလာတော့မှပဲ အဆင်သင့် ဝင်နေနိုင်တဲ့ အိမ်မျိုးသာဆို ကောင်းမှာပဲ ဆိုတဲ့ အတွေးမျိုး ဝင်လာတာ၊ မေ့ထားချင်လို့တောင် မရဘူး။

သို့ပေမယ့်ပေါ့လေ..

ဘယ်လောက်ပဲ အသင့်ဝင်နေနိုင်တယ်ဆိုဆို၊ အိမ်သာ ရေချိုးခန်းကိုတော့ ပြန်ပြင်ကြတာချည်းပါပဲ၊ အနည်းဆုံး အိမ်သာအိုးတော့ လဲကြတယ်။ အိမ်သာ ရေချိုးခန်း ပြန်ပြင်မှတော့ ဧည့်ခန်းလည်း မဆိုစလောက်လည်း ပြင်လိုက်မယ်၊ လွယ်ပါတယ်၊ အိပ်ခန်းလည်း အဖြစ်သဘောလောက် ပြင်လိုက်မယ်ဆိုပြီး ဟိုတတို့ ဒီတတို့ ပြင်ဖို့လုပ်လာတာ အခု ဒီအခြေအနေကို ရောက်လာတာပါပဲ၊ အစက အဟောင်းတိုင်းထားမယ်လို့ စဉ်းစားထားတဲ့ ဝါယာကြိုးတွေတောင် အကုန်ပြန်ဆွဲဖြစ်သွားတယ်၊ ရှော့ခ်ဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးကို ရှော့ခ်ဖြစ်နေတယ်လေ၊ အဟဲ။

ရီနိုကတော့ ဒီကစလုံးတွေ အတော်လုပ်ကြတယ်ထင်ရတယ်၊ အိမ်အကောင်းကြီးကိုလည်း ဖျက်ပြီး ပြန်လုပ်တာပဲ၊ ကျနော်တို့ကတော့ မတတ်သာလို့သာ လုပ်ရတာ၊ ဒီပိုက်ဆံတွေ ဘယ်အကုန်ခံချင်ပါ့မလဲ။ လုပ်ပြီဟေ့ ဆိုပြန်တော့လည်း တတိတိနဲ့ မသိမသာ ကုန်တာမျိုးဗျ၊ မင်္ဂလာဆောင်တာနဲ့ သွားတူတယ်၊ သုံးမယ်ကြံတာ ၁၀ ဘိုး၊ တကယ်သုံးဖြစ်တာ ၅၀ ဘိုးလောက် ဖြစ်ဖြစ်သွားတယ်။ အလှဓာတ်ပုံကို ကြည့်လေ၊ တစ်အုပ်စာ ရိုက်မယ်ပေါ့၊ ရိုက်ထွက်လာတော့ ဟိုဟာလေးလည်း မဆိုးဘူး၊ ဒါပယ်လိုက်ရင် နှမြောစရာကြီး၊ ဘလာ ဘလာ၊ နောက်ဆုံးတော့ တစ်အုပ်ခွဲစာလောက် ရွေးမိသွားရော၊ ပြီးတော့လည်း ပြီးသွားတာပဲ၊ အဲဒီဓာတ်ပုံတွေ ဘယ်နှခေါက် ပြန်ကြည့်ဖြစ်မလဲ ဆိုတဲ့မေးခွန်းမျိုး ခေါင်းထဲမှာ မပေါ်လာအောင် တခြားကိစ္စတွေ လျှောက်စဉ်းစားပစ်ရတယ်။

၂၀၁၂၊ ယိုယိုနှစ်တဲ့။ ယိုယိုလိုပဲ လက်ထဲကနေလွှဲချလိုက်ပြီး မြေကြီးနဲ့ထိခါနီး အပေါ်ပြန်ကန်တက်တာမျိုး ဆိုပဲ။ နှစ်ဆန်းကနေ တစ်ကွာတား နှစ်ကွာတားလောက်ထိ သိပ်ကောင်းမယ်လို့ မမျှော်လင့်ထားပါနဲ့ တဲ့၊ နှစ်လည်လောက်မှ ပြန်တက်လာနိုင်ဖွယ်ရှိတယ် တဲ့။ သေချာတာကတော့ အောက်ဆင်းနေတာကို မြင်နေရပြီ၊ တခြား အင်ဒတ်စထရီတွေ ဘယ်လိုနေတယ်မသိဘူး၊ ကျနော်တို့ကတော့ ဦးဦးဖျားဖျား အဲဒီဖီလင်တွေ ဝင်နေပြီဗျ၊ အခပေးစရာမလိုတဲ့ ရင်သိမ့်တုန်ခံစားမှုပဲ။ နှစ်သစ်မှာ ညတိုင်း ချွေတာမှ၊ ချွေတာမှ၊ ချွေတာမှ သုံးခါတိတိ ရွတ်ပြီးမှ အိပ်ယာဝင်တာ ကောင်းပါတယ်။

ဩော်၊ နဂါး၊ နဂါး၊ ပတ္တမြားပေးစရာမလိုပဲ ၁၂ နှစ်တခါ ကိုယ့်ဆီပြန်လာတဲ့နဂါး၊ တီလုပ်တွေ အားကြီးကြိုက်တဲ့ နဂါး၊ အားကြီးကြိုက်တော့ ဘာဖြစ်လဲ၊ ဘာဖြစ်ရမလဲ၊ အားကြီးမွေးကြတာပေါ့ :p ဖြစ်ချင်တော့ အဲဒီ အားကြီးအုပ်စုထဲမှာ ကျနော်တို့လည်း ပါသွားတယ်၊ နဂါးနှစ်မှာ မွေးတဲ့ကလေးတွေဟာ တခြားနှစ်တွေထက် ရွယ်တူပိုများ၊ ပြိုင်ဖက်ပိုများတော့ ပိုပြီးပြိုင်ဆိုင်ရတာ ဓမ္မတာပါ၊ အဲ၊ ကလေးတွေတင်မဟုတ်ဘူး၊ မိဘတွေကပါ ပိုပြီးပြိုင်ဆိုင်ရတယ်၊ စလုံးတွေ ပြောပုံအရကတော့ နဂါးလေးလွယ်ထားရင် မိဘတွေက အခုချိန်ကစပြီး ကျောင်းမှာဗော်လန်တီယာလုပ်ဖို့ ကြိုးစားရတော့မယ် ဆိုပဲဗျ၊ ကဲ၊ ဘာလုပ်ကြမလဲ၊ ဝီစီမှုတ်ပြီး လမ်းပြဘဲဥလုပ်ရမလား၊ အမှိုက်ပဲ လိုက်ကောက်ပေးရမလား၊ ခက်တယ်။

ဥူဏီဂုတ်၊ ယူနီကုတ်၊ ယူနီကုဒ်၊ အမျိုးမျိုးရေးကြတယ် (ပထမတခုကတော့ တွေ့ခဲတယ်ပေါ့လေ)၊ standardize ဖို့အတွက်ကို ခုထိ မစတန်းတဒ်တိုက်ဇ် နိုင်ကြသေးဘူး။ ကျနော်ကြုံးဝါးထားတဲ့ ဒီနှစ်ထဲပြောင်းမယ် ဆိုတာကို အကောင်အထည်ဖော်ဖို့ တစ်ရက်လားပဲ ကျန်တော့တယ်၊ ခုထိ အဲဒါနဲ့ပတ်သက်တဲ့ စာတွေ လမ်းညွှန်ကို သေချာမဖတ်ကြည့်ရသေးဘူး၊ ရှိစေတော့၊ ၂၀၁၂ ပထမဆုံးပို့စ်က ယူနီကုတ်နဲ့ ရေးထားတာ ဖြစ်ရမယ်လို့ ကိုယ့်ကိုကိုယ် တိုးတိုးတိတ်တိတ် နားလည်မှု စာချွန်လွှာဆိုလား ထိုးထားတယ်၊ သူများကြားသွားရင် မဖြစ်ဖြစ်အောင် လုပ်ရအုံးမှာလေ။ ဘာပဲဖြစ်ဖြစ် လာခြင်းကောင်းသော ၂၀၁၂ ဖြစ်ပါစေ။

လှည်းတန်းက ဗုံး၊ တောင်ညွန့်က ယမ်း နဲ့ အင်းယားလမ်းက မီး၊ ရန်ကုန်ဟာ တကယ်တော့ ကြောက်စရာနေရာတစ်ခုပဲ၊ အရမ်းနုတယ်၊ ဖန်ခွက်လိုပဲ ကွဲလွယ်တဲ့မြို့၊ ဖန်ခွက်မြို့။ မြို့ခံတွေရဲ့ စိတ်ရင်းကောင်းလေးတွေနဲ့ ထိန်းထားလို့သာ ဒီလို လှနေနိုင်သေးတာ၊ သူကိုယ်၌က ကွဲမယ် ဆိုတာချည်းပဲ။ စိတ်ကောင်းလေးတွေ မခမ်းသေးခင်၊ ဖန်ခွက်ကနေ ဒန်ခွက်ဖြစ်ဖြစ် စတီးခွက်ဖြစ်ဖြစ် ဖြစ်လာဖို့ အရေးကြီးတယ်၊ သန်သန်မာမာ သွားလာနိုင်သေးတဲ့ အရွယ်မှာ ရန်ကုန်ဆိုတဲ့ မြို့ထဲ မြေအောက်ရထားတွေ မြင်ချင်ပါသေးတယ်၊ သုံးလေးထပ် ဆင့်နေတဲ့ တံတားကြီးတွေ မြင်ချင်ပါသေးတယ်၊ စင်္ကာပူကနေ ရန်ကုန်ကိုပေါက်တဲ့ ကျည်ဆန်ရထား စီးချင်ပါသေးတယ်၊ ဖန်ခွက်လေး အားတင်းထားပါ၊ စိတ်ကောင်းလေးတွေ ဆက်ပြီး ရှင်သန်ပေးထားပါ။

28 December 2011

Busy With Renovations (3)

ဝယ်သင့်တာတွေ ဝယ်ပြီးသလောက်ရှိပါပြီ၊ ရေဘုံဘိုင်ခေါင်းတွေ၊ မျက်နှာသစ်ဘေဆင်တွေ၊ မှန်တွေ၊ ဆပ်ပြာတင်ခွက်တွေ၊ စင်တွေ၊ တန်းတွေ စတဲ့ ရေချိုးခန်း၊ အိမ်သာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တစ်ရက်၊ မီးသီးတွေ၊ မီးခွက်တွေ၊ မီးဆိုင်းတွေ၊ ပန်ကာတွေ၊ စတဲ့ မီးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တစ်ရက်၊ စားပွဲ၊ တီဗီစင်၊ ကော်ဖီစားပွဲ စတာတွေကို တစ်ရက်၊ ပြီးခဲ့တဲ့ ပိတ်ရက်သုံးရက်မှာ တစ်ရက်စီ လိုက်ဝယ်လိုက်တယ်၊ ကဒ်နဲ့ရှင်းတော့ မသိသာဘူး၊ စာရွက်နဲ့ တခုချင်း သေချာပြန်တွက်ကြည့်မှ လင်မယားနှစ်ယောက် “ဟမ်မလေးလေး” ဖြစ်ကုန်တယ်၊ ရပ်တန်းကရပ်ပါ လို့ ကိုယ့်ကိုကိုယ် သတိပေးချင်ပေမယ့် အရာရာ နောက်ကျသွားခဲ့ပြီ၊ ဝယ်စရာ နှစ်မျိုးသုံးမျိုးပဲ ကျန်တော့တယ်လေ။

MBR ထဲက အိမ်သာ၊ ဒီနေ့ညနေအထိတော့ နံရံနဲ့ကြမ်းခင်းကြွေပြားတွေ ကပ်ပြီးတဲ့အဆင့် ရောက်သွားပါပြီ။

တဆင့်ချင်းကြည့်မှ ဇာတ်ရည်လည်မှာဆိုတော့ ပုံဟောင်းတွေကိုပါ တတွဲတည်းတင်လိုက်ပါတယ်။

အိမ်သာအိုး၊ မှန်၊ စင်၊ တန်း၊ ဟိုဟာ၊ ဒီဟာ အကုန်တပ်ပြီးရင် ကြည့်ပျော်ရှုပျော်ရှိသွားမယ် ထင်ရပါတယ်။


ဒီနေ့ပို့လာတဲ့ပစ္စည်းစာရင်းပါ၊ ရောက်လာတဲ့ပစ္စည်းတွေနဲ့ တခုချင်းတိုက်စစ်ပြီး ပြန်ခဲ့ပါတယ်။


ဒီရက်ပိုင်း ပိတ်ရက်တွေဆက်နေတာ တော်တော်အဆင်ပြေသွားတယ်၊ လုပ်စရာတွေ လုပ်လို့ရတာပေါ့။ မယ်ရီရေ၊ ခရစ္စမတ်ပါကွာ၊ ဟက်ပီးရေ၊ နယူးယားပါကွာ။

26 December 2011

Busy With Renovations (2)

ဒီပို့စ်မှာတော့ ပရိသတ်ကြီး မျှော်လင့်နေတဲ့ အိမ်သာပုံတွေကို ဝေဝေဆာဆာ တင်ပြလိုက်ပါတယ် (ဝေါ့)။

အပြင်က ဘုံသုံးအိမ်သာပါ၊ ဘိုထိုင်မဟုတ်တာ ထောက်ချင့်ခြင်းအားဖြင့် ဒီအိမ်က ဘယ်လောက်ဟောင်းသလဲဆိုတာ သိနိုင်ပါတယ်။


ကြွေပြားပြန်ကပ်ပြီး ပြင်ရင်းတန်းလန်းပုံပါ။


MBR ခေါ် Master Bedroom ရဲ့ အိမ်သာပါ၊ ဘိုထိုင်ဆိုပေမယ့် ထိုင်ချင်စရာမရှိလောက်အောင် ဟောင်းနေပါပြီ။ အရင်အိမ်ရှင် အဘိုးကြီးက တကယ့်ကို နေနိုင်ပါတယ်၊ တအိမ်လုံး ဖြစ်ချင်တိုင်းဖြစ်အောင် ပစ်ထားတာပါ၊ ဘာဆိုဘာမှ ပြင်မထားဘူး။


ဒီအိမ်သာကိုတော့ အားလုံးဖြိုဖျက်ပြီးပေမယ့် ကြွေပြားပြန်မကပ်ရသေးပါဘူး။


အိမ်နဲ့ပတ်သက်ပြီး သွားလိုက်ရတဲ့ နေရာတွေ၊ စုံစမ်းလိုက်ရတဲ့ အချက်အလက်တွေ မနည်းဘူးဗျ၊ ဟိုမှာဖတ်လိုက် ဒီမှာရှာလိုက်နဲ့ ဒီလိုပဲ စင်္ကာပူတခွင် ပြဲပြဲစင်အောင် သွားရတာဗျာ။ အိမ်ရှာတုန်းကလည်း စိတ်ဝင်စားတဲ့ အိမ်နေရာတွေ တခုပြီးတခု တောက်လျှောက်သွားကြည့်ရတယ်၊ Woodlands AMK Sengkang Marsiling နေရာအနှံ့ပဲ။ ဝယ်ဖြစ်သွားတော့ လုပ်စရာ သွားစရာတွေက ပိုများသွားတယ်၊ တော်သေးတာက အစိုးရကိစ္စနဲ့ ရုံးကိစ္စ အတော်များများကို online ကနေ လုပ်လို့ရတာပဲ၊ အစပိုင်းမှာ ကိုယ်တိုင်ပြေးရတာဆိုလို့ ဘဏ်ကိစ္စတွေ၊ အာမခံကိစ္စတွေပဲ ရှိမယ်ထင်တယ်။ first appointment နဲ့ second appointment နှစ်ခေါက်တိတိ တိုပါးရိုးက HDB Hub ကို မသွားမဖြစ် သွားရတာပေါ့ (မှတ်ချက် - second appointment ကို ကိုယ်တိုင်မသွားနိုင်ရင် law firm က ကိုယ်စားလှယ်အနေနဲ့ သွားပေးလို့ရတယ်၊ သော့ကို law firm က ယူထားပြီး ကိုယ်အားတဲ့အခါ သူတို့ဆီမှာ သွားယူနိုင်ပါတယ်)။ ဒီ appointment နှစ်ခုကြားမှာတော့ အိမ်ပြင်ဖို့ကိစ္စ ဆိုင်းပြင်းရတယ်၊ ID အနည်းဆုံး ငါးခြောက်ခုဆီ သွားဖြစ်၊ မေးဖြစ်တယ်၊ စိတ်တိုင်းကျတဲ့ ဒီဇိုင်းနဲ့ လက်လမ်းမှီတဲ့ ဈေးနှုန်း နှစ်ခုလုံး ပြည့်စုံဖို့က တကယ်မလွယ်တဲ့ ကိစ္စပဲ။ နောက်ဆုံးတော့ ID တွေနဲ့ယှဉ်ရင် ဈေးနည်းနည်းသက်သာတဲ့ contractor နဲ့ပဲ အလုပ်လုပ်ဖြစ်တယ်၊ အခုချိန်ဟာတော့ဖြင့် အားလုံး အဆင်ပြေသွားပါစေလို့ ဆုတောင်းနေရတဲ့ ကာလပါပဲ။ ပြေးလိုက်ရတဲ့ နေရာတွေက အခုနှစ်ဆယ်အထက် ရှိလောက်တယ်၊ ဖတ်လိုက်ရတဲ့ ဝက်ဘ်ဆိုက်တွေလည်း အခုနှစ်ဆယ် သုံးဆယ်လောက်တော့ အသာလေးရှိမယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့ ပြင်ဆင်မှုတွေ ပြီးဆုံးမယ့်ကာလကို စိတ်လှုပ်ရှားစွာ မျှော်နေရပါတယ်၊ ကျနော်တို့နဲ့ ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေသူများကိုလည်း (if any :p) ကျေးဇူးတင်လိုက်ပါတယ်ဗျား။

ဒါက မီးဖိုချောင်အတွင်းကနေ အပြင်ဖက်ဧည့်ခန်းကို ပြန်မြင်ရတဲ့မြင်ကွင်းပါ။

--
အရေးကြီးတာပြောဖို့ကျန်ခဲ့တယ်၊ အိမ်ပြောင်းတော့မှာမို့ လောလောဆယ်သုံးနေတဲ့ တပတ်နွမ်း ပရိဘောဂတွေကို ပေးတန်ပေး၊ ဈေးပေါပေါနဲ့ ရောင်းတန်ရောင်း လုပ်ရမှာပါ၊ ဒါကြောင့် စားပွဲတို့ ကုလားထိုင်တို့ ဘာတို့ညာတို့ လိုနေသူများ ပြောနိုင်ပါတယ်။ Sofa bed တစ်လုံးကတော့ တော်တော်လတ်ပါသေးတယ်၊ Courts ကနေ ဝယ်တုန်းက ၃၅၀ ကျော်ပါ၊ ခု ၁၀၀ လောက်နဲ့ ရောင်းချင်ပါတယ်၊ လိုအပ်သူများ ဆက်သွယ်ပါ။

23 December 2011

Busy With Renovations (1)

ဒီတလော အလုပ်ရှုပ်နေတယ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ တွေ့လိုက်တဲ့အိမ်ဟောင်း အိမ်နွမ်းလေးကို တကယ်ကြီးဝယ်ဖြစ်သွားတယ်၊ ပွဲစားမပါပဲ ကိုယ်တိုင်လိုက်လုပ်တော့ နည်းနည်းပိုပင်ပန်းတယ်၊ ဒါပေမဲ့ ပွဲစားခ ၁% သက်သာသွားတာ မနည်းဘူးလေ။

အသေးစိပ်တခုချင်းရေးချင်တာပဲ၊ ဒါပေမဲ့ အချိန်မရတော့ အဖြစ်သဘောပဲ ရေးတင်လိုက်ပါတယ်။ လောလောဆယ် အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အောက်ပုံက မီးဖိုချောင်ပါ၊ ပြင်ပြီးတဲ့ပုံကို ပြီးသွားတော့မှ တင်ပါမယ် (ကြိုတင်လို့လည်း မရဘူးလေကွယ်)။

မပြင်ခင်..


ပြင်ဆဲ.. (ရွှေသိုက်တူးမိသလား အောက်မေ့ရတယ်)


ပြင်တုန်း.. (ကြွေပြားတွေတပိုင်းတစ ကပ်ပြီးပါပြီ)

--
ချမ်းသာလို့ဝယ်တာမဟုတ်ပါဘူး (အိမ်ကိုလည်းကြည့်အုံးလေ)၊ ပထမအရစ် သွင်းနိုင်တုန်း၊ ဝယ်ခွင့်လေးလည်း ရှိနေတုန်း ရေရှည်အတွက် ချွေတာချင်လို့ ဝယ်ဖြစ်တာပါ၊ သိကြတဲ့အတိုင်း စင်္ကာပူက အိမ်ငှားစရိတ်တွေ တက်နေပုံက အင်မတန်ကြောက်စရာကောင်းတာကလား...

တကယ်တော့ အိမ်ဝယ်တယ်လည်း မဟုတ်ပြန်ဘူး၊ စင်္ကာပူအစိုးရဆီက ရေရှည်ငှားတာပါပဲ :D

20 December 2011

Kim Jong-il dead

ကင်ကျုံအီးကြွသွားပါပြီ၊ သူဟာ ဖခင် ကင်အီချွန်းဆီက အလကားရလာတဲ့ အာဏာအမွေဆိုးကို သူ့သားဝတုတ်လေးလက်ထဲ လက်ဆင့်ကမ်းပေးခဲ့တဲ့ အာဏာရှင်တစ်ယောက်၊ တနိုင်ငံလုံးကို သတင်းအမှောင်ချပြီး ဦးနှောက်ဆေးပစ်ရုံကလွဲပြီး ဘာမှ လုပ်မပေးခဲ့တဲ့ ယုတ်ညံ့တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ သူ့နိုင်ငံသားတွေ ထုံထိုင်းပိန်ချုံးပြီး ခေါင်းရော ဗိုက်ပါ ငတ်ပြတ်နေချိန်မှာ အာဏာအားကိုးနဲ့ ရလာတဲ့ အရင်းအမြစ် အဆီအနှစ်တွေကို တဖြဲနှစ်ဖြဲမြိုဆို့နေတဲ့ အတ္တဘောတစ်ယောက်၊ ညီအကိုချင်းချင်း သင့်သင့်မြတ်မြတ် ပြန်ပေါင်းထုပ်ရမယ့် တောင်မြောက်ကိုးရီးယားဇာတ်သိမ်းခန်းမှာ ဦးဆောင်ဖို့ အခွင့်အလမ်း ရှိပါလျက်ကနဲ့ အဲဒီလမ်းမလျှောက်ပဲ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဖက် နျူကလီးယားလမ်းကြောင်းပေါ်မှာ ခေါင်းမာမာနဲ့လျှောက်နေခဲ့တဲ့ ဆန်ကုန်မြေလေးတစ်ယောက်၊ တယူသန် တဇွတ်ထိုး အတွေးအခေါ်တွေနဲ့ တရုတ်၊ ရုရှားစတဲ့ နိုင်ငံတွေကို သူ့ညီရင်းအကိုဖြစ်တဲ့ တောင်ကိုးရီးယားထက်တောင် ပစားပေးတဲ့ သနားစရာ၊ ရွံမုန်းစရာ အရှုံးသမားတစ်ယောက်..

ဒါ ကျနော့်မျက်စိထဲက ကင်ကျုံအီးပါပဲ၊ လုပ်ပိုင်ခွင့်ရှိလျက်သားနဲ့ လူသားတွေအတွက် ကောင်းတာတွေ ဘာဆိုဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့တဲ့ သူ့ကိုသနားတယ်၊ သူ့တိုင်းပြည်က ပြည်သူပြည်သားတွေကို ပိုတောင်သနားမိသေးတယ်၊ သူတို့ခမျာ ဝဋ်မကျွတ်နိုင်သေးဘူး၊ သုံးဆယ်တောင် မပြည့်သေးတဲ့ အာဏာရှင်အသစ်အောက်မှာ မှားနေတဲ့လမ်းကို ဆက်လျှောက်ကြရဦးမယ်၊ လမ်းမှားနေပါတယ်ဆိုမှ လမ်းမီးကပျက်သွားသလိုပဲ ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်မယ် မသိနိုင်တော့ပါဘူး။ အဆိုးဆုံးကတော့ သူတို့ကိုယ်သူတို့ လမ်းမှားနေမှန်းတောင် (ကျနော်တို့ တချိန်တုန်းကလို) မသိကြပါဘူး။ ခေါင်းဆောင်ကြီး သေသွားတာကိုပဲ ပူဆွေးသောကတွေ ရောက်နေလိုက်ကြတာ အင်မတန် သရော်လှပါတယ်။ မြောက်ကိုးရီးယား ပြည်သူတွေ ငိုယိုနေပုံကို ဒီမှာ ကြည့်နိုင်ပါတယ်၊ ခေါင်းဆောင်ကြီး ကင်ကျုံအီး သူ့ပြည်သူတွေကို ဦးနှောက်ဆေးရာမှာ သုံးခဲ့တဲ့ ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။


ငိုပါ၊ ငိုကြပါ၊ ဒီထက်ငိုချင်စရာတွေ ရှေ့မှာတန်းစီနေပါသေးတယ်။

17 December 2011

CJK+Zawgyi

ဝမ်းသာတယ်၊ ပျော်တယ်။ Android ဖုန်းမှာ မြန်မာစာ (ဇော်ဂျီဖောင့်) နဲ့ တရုတ်စာနဲ့ တွဲဖတ်လို့ရပြီ။ စိုင်းလပြည့်ဝန်း (ခေတ္တကိုးရီးယား) ကို ကျေးဇူးအထူးတင်တယ်၊ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်း သီချင်းကို ဆွေးဆွေးမြေ့မြေ့ ဆိုပြလိုက်ချင်သေးတယ် :p

သိကြတဲ့အတိုင်း DroidSansFallback.ttf ဆိုတဲ့ ဖောင့်နဲ့ မြန်မာဖောင့်နဲ့ လဲလိုက်ရင် မြန်မာစာ ဖတ်လို့ရပေမယ့် နဂို ဖတ်လို့ရတဲ့ တရုတ်စာ၊ ကိုးရီးယားစာ၊ ဂျပန်စာ စတာတွေက လေးထောင့်တုံးတွေ ဖြစ်သွားတယ်လေ၊ အခုတော့ စိုင်းလပြည့်က DroidSansFallback.ttf ကို ဇော်ဂျီနဲ့ merge လိုက်တဲ့အတွက် ဒီဖောင့်နဲ့ပဲ မြန်မာ တရုတ် ဖတ်လို့ရသွားပြီ။ ဆော့ဖ်ဝဲ ရှာပေးသွားတဲ့ Mad Computerist ကိုလည်း ကျေးဇူးတင်ပါတယ်။

အောက်မှာ screen shot တွေ တင်လိုက်ပါတယ်။ Google News ကို မတူတဲ့ဘာသာတွေ ရွေးပြီး ရိုက်ထားတာပါ။

ဗယ်ဖက်က ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာသုံးတဲ့ Traditional Chinese ၊ ညာဖက်က ဂျပန်။


ဗယ်ဖက်က ကိုးရီးယား၊ ညာဖက်က ပြည်မကြီးနဲ့ စင်္ကာပူမှာသုံးတဲ့ Simplified Chinese ၊ အားလုံးအဆင်ပြေတယ်။


အပေါ်ကစာတွေ အားလုံး ကောင်းကောင်းမွန်မွန် ပေါ်ပါတယ်၊ ဂျပန်နဲ့ ကိုးရီးယားလို မဖတ်တတ်ပေမယ့် လေးထောင့်တုံးတွေ မတွေ့ရပုံထောက်တော့ အိုကေမှာပါ။ အောက်ပုံတွေကတော့ Pulse နဲ့ facebook ဖြစ်ပါတယ်၊ အရင်တုန်းကလို ဖောင့်တွေကို ပြောင်းသွားပြောင်းလာလုပ်ခဲ့ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားပါပြီ၊ အခုချက်ချင်းဖွင့်၊ အခုချက်ချင်းမြင်တော့တာပါပဲ၊ အထူးသဖြင့် gtalk တို့ facebook တို့လို ဘာသာစုံ ပေါ်နေတဲ့ နေရာတွေမှာ ကြည့်ရတာ အရမ်းစိတ်ချမ်းသာသွားတယ်။


နောက်လာမယ့် ပြဿနာကတော့ ယူနီကုတ်ဖောင့်ပါပဲ၊ အဲဒီအခါကျရင် ဖောင့်ပြောင်းရတဲ့ ဘဝကို ပြန်ရောက်သွားမှာပါ၊ တစ်ခုက ဇော်ဂျီ+CJK ၊ နောက်တစ်ခုက ယူနီကုတ်+CJK ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် တရုတ်စာနဲ့ ပြိုင်တူဖတ်လို့ရတာ အင်မတန်ဝမ်းသာတယ်ဗျား။ (ဇော်ဂျီ+ယူနီကုတ်+CJK သရီးအင်ဝမ်း ဖြစ်နိုင်လားတော့ မသိဘူး၊ အဲလိုလုပ်လို့ရရင် သိပ်ကောင်းသွားမယ်)
--
Android ဖုန်းမှာ မြန်မာလို ဖတ်ချင်သူများအတွက်..

(၁) Android ဖုန်းကို အရင်ဆုံး Root လုပ်ရပါမယ်၊ ဒီအဆင့်က အခက်ဆုံးပါပဲ၊ ဒါလုပ်ပြီးရင် ကျန်တာကလွယ်သွားပြီ။
(၂) ပြီးရင် ဇော်ဂျီ+CJK ဖောင့်ကို ဒေါင်းလုပ်ပါ။ http://dl.dropbox.com/u/22075980/fonts/DroidSansFallback.ttf
(၃) ရလာတဲ့ font ကို rw-r--r-- ဆိုတဲ့ permission ပေးပါ၊ Super Manager နဲ့ လုပ်လို့ရပါတယ်၊ မရှင်းရင် ပုံပြပါမယ်။
(၄) Super Manager နဲ့ပဲ System/fonts/ ထဲကို ကော်ပီကူးထည့်ပါ၊ အထဲမှာရှိတဲ့ဖောင့်ကို ဒီဖောင့်နဲ့ overwrite လုပ်လို့ရပါတယ်။

တချို့ tutorial မှာ DroidSansFallback.ttf လို့ နာမည်ပြောင်းပေးထားတဲ့ ဇော်ဂျီဖောင့်နဲ့ သူ့ထက် ပိုကောင်းပြီး ဖိုင်ဆိုက် ၁၀ ဆလောက်ပိုကြီးတဲ့ မူရင်းဖောင့်ကို တိုက်ရိုက် overwrite လုပ်ခိုင်းတယ်၊ အဲဒါမကောင်းဘူး၊ တချိန်ချိန် CJK ထဲက တခုခုဖတ်ချင်ရင် ဖတ်လို့မရတော့ဘူး၊ အနည်းဆုံး မူရင်းဖောင့်ကိုတော့ backup လုပ်ထားသင့်တယ်။ အခု ပေါင်းပြီးသားဖောင့်ကတော့ ဒီပြဿနာ မရှိတော့ဘူး၊ မူရင်းဖောင့်ထက်တောင် ပိုကောင်းသွားပြီလေ။
--
တခြားဖတ်ရန်

♠ Symbian
♠ Unicode & Android
--
စကားမစပ်..

ဟိုးနေ့က ဖူနန်းအပေါ်ဆုံးထပ်က ချယ်လင်ဂျာမှာ တပတ်နွမ်းဖုန်းတွေ ပြန်ဝယ်တဲ့ ကောင်တာလေးတွေ့မိတယ်၊ ဘိုတစ်ယောက်ထိုင်တယ်၊ နည်းနည်းတော့ ဆန်းတယ်ဗျ၊ အဲလိုအလုပ်ကို ဘိုကြီး ခန့်စရာလိုလို့လားပေါ့။ ကြုံနေတာနဲ့ ကိုယ့်ဖုန်းတန်ဘိုးလေးကို ဝင်စပ်စုကြည့်တယ်၊ အမယ်၊ hTC hd2 က သုံးလို့လည်းရသေးတယ်၊ အပြင်ပန်းလည်း ကြည့်ပျော်ရှုပျော် ရှိသေးတယ်ဆိုရင် ၂၀၀ ကျော်တောင် ပေးသတဲ့ဗျား၊ ပန်းသီး 3GS ကိုတော့ ၁၇၀ လား ၁၈၀ လားပဲ ပေးတယ်။ ကျနော် ကံကောင်းစွာနဲ့ လုပ်ဖြစ်ပြီး မှန်သွားတဲ့ အလုပ်တွေထဲမှာ hd2 ဝယ်တာလည်း ပါတယ်။ xda developer တွေကျေးဇူးနဲ့ ဒီဖုန်းကို Android သွင်းလို့ရသွားတာ၊ ဟိုး စစချင်း froyo ကနေ နောက် gingerbread NAND ပြောင်းပြီးကတည်းက အခုထိ လုံးဝ ထပ်လုပ်စရာမလိုအောင် ငြိမ်တယ်ဗျာ။ ဒီတလော ICS အိုက်စခရင်ဆန်းဒဝစ်ခ်ျ ဗားရှင်းတောင် သွင်းလို့ရနေပြီ၊ နည်းနည်း stable ဖြစ်သွားအောင် စောင့်ကြည့်ပြီး ကလိရအုံးတော့မယ်၊ ဒီဖုန်းဝယ်မိတာ ရေလည်မှန်သွားတယ်၊ အခုနေ ၃၀၀ လာပေးလည်း မရောင်းနိုင်ပါဘူး :D

15 December 2011

YOU..nicode

ဘာရယ်မဟုတ်ပါဘူး၊ မရေးတာကြာရင် မှိုတက်သွားမှာစိုးလို့ တခုခုရေးလိုက်တာ။

ဟိုးတနေ့က ဘလော့ဂ္ဂါဖိုးစိန်တို့အိမ်မှာ (တို့ ဆိုတာက သူတစ်ယောက်တည်းနေတဲ့အိမ်မဟုတ်ပဲ လူအများကြီးနေကြလို့ :p) ဟင်းချက်စားတာ ကြုံကြိုက်လို့ ဝင်စားဖြစ်တယ် (ဒီဝါကျကတော့ တမျိုးပဲ)။ အဲဒီမှာ ယူနီကုတ်လား ဇော်ဂျီလား ဆိုတဲ့ မရိုးနိုင်တဲ့ တော့ပစ်ကို ညီတစ်ယောက်နဲ့ ပြောဖြစ်တယ်၊ သူကတော့ ဇော်ဂျီကို အားပေးသူပါ၊ ဒါကြောင့် ယူနီကုတ်ပြောင်းစရာ မလိုဘူးလို့ ယူဆပုံရပါတယ်။ အဲဒီမှာပဲ ဆွေးနွေးခြင်းကို တခန်းရပ်ခဲ့ပေမယ့် ကြက်ကြော်တွေကိုတော့ အများကြီးစားဖြစ်ပါတယ်။ (ဟမ်)

ဒီနေ့ EMG သတင်းတွေဖတ်တော့ မီတာခတက်တဲ့သတင်း ဖတ်မိတယ်၊ အဲဒီမှာ အပေါ်ကအကြောင်းအရာကို သွားသတိရတယ်၊ အပေါ်ကအကြောင်းအရာ ဆိုတာ ကြက်သားတုံးမဟုတ်ဘူး၊ ယူနီကုတ်ကိုပြောတာ။ သတင်းထဲမှာ အချက်အလက်တွေကို ဇယားနဲ့ ပြထားတာလေ၊ မီတာခ မတက်ခင်ရယ်၊ တက်ပြီးရယ်၊ နောက်ပြီး ဒေသတွင်းက နိုင်ငံတွေရဲ့ ဂျီဒီပီရယ်ကို ယှဉ်ပြထားတာ။ ဒီလိုဇယားမျိုးက ကိန်းဂဏန်းတွေကို ထင်သာမြင်သာအောင် ပြထားတာ၊ ဘယ်သူက အနည်းဆုံး၊ ဘယ်သူက အများဆုံး စတာတွေကို sorting လုပ်လိုက်တာနဲ့ အလွယ်တကူ သိနိုင်တယ်။ သို့ပေမယ့် webpage ပေါ်က စာတွေ၊ ကိန်းဂဏန်းတွေကို Excel လို software ထဲမှာ တိုက်ရိုက်ကူးထည့်ရင် Excel ထဲက မြောက်များစွာသော function ထဲက တစ်ခုဖြစ်တဲ့ sorting လေးကိုတောင် လုပ်မပေးနိုင်ပါဘူး၊ ဒါဇော်ဂျီရဲ့ အားနည်းချက်ပါပဲ။

မြင်သာအောင် တခြားဖောင့်တွေနဲ့လည်း ဥပမာပေးပါမယ်။ ဖောင့်ငါးမျိုးနဲ့ ဂဏန်းတွေလျှောက်ရိုက်ပြီး စီထားတာပါ။

ဒါက Myanmar3 နဲ့ ငယ်စဉ်ကြီးလိုက် စီတာပါ၊ မရပါဘူး၊ သူက ရှေ့ဆုံးဂဏန်းတွေပဲ စီပေးသွားပါတယ်။


ဇော်ဂျီ၊ ထိုနည်းလည်းကောင်း။


ဧရာ၊ ထိုနည်းလည်းကောင်း။


SAK ရပါပြီ။ (သို့သော် sort ၍ရတိုင်း unicode font မဟုတ်ပါ)


WinResearcher လည်း ရပါတယ် (သို့သော် sort ၍ရတိုင်း unicode font မဟုတ်ပါ၊ ဒီဖောင့်က unicode မဟုတ်ပါဘူး၊ ကော်မန့်မှာ ဖတ်ကြည့်ပါ)၊ ဒီဖောင့်ကို ရန်ကုန်မှာ ရုံးသုံးဖောင့်အဖြစ်၊ စာစီစာရိုက်ဖောင့်အဖြစ် သုံးကြတယ်။


ဒီလို စံနှုန်းမှီတဲ့ဖောင့်နဲ့မှ အလုပ်လုပ်လို့ ရတာပါ၊ စာဖတ်တာလောက်ကတော့ ဘာဖောင့်ဖြစ်ဖြစ်ပါ၊ ဒါပေမဲ့ မြန်မာ ဆိုတဲ့လူမျိုးစုက စာရေး စာဖတ်နေရုံနဲ့ မဖြစ်သေးဘူးလေ။ ဖတ်သမျှ input တွေကို တခြားဧရိယာတွေမှာ အသုံးကျတဲ့ output ဖြစ်အောင် လုပ်နိုင်မှ ဖတ်ရကျိုးနပ်မှာပေါ့။ ဒီလို output တွေ ထုတ်လုပ်ဖို့အတွက် စံမှီတဲ့ ကိရိယာ (ဖောင့်လည်း ကိရိယာတစ်ခုပါပဲ) လိုအပ်ပါတယ်၊ ဘလော့ဂ်မှာ ပို့စ်တွေရေးနေတာလောက်ကို ကျေနပ်နေလို့ မဖြစ်ပါဘူး၊ ဒါကြောင့် မြန်မာစာကို မြန်မာစာလို၊ ကွန်ပြူတာကို ကွန်ပြူတာလို အပြည့်အဝ အသုံးချနိုင်ဖို့ ယူနီကုတ်ကို အင်တိုက်အားတိုက် တွန်းနေကြတာပါ။ တခြားနိုင်ငံမှာ ဒီလောက်တွန်းရ မခက်ဘူးထင်တာပဲ၊ မြန်မာတွေက ဒီလိုကိစ္စတွေမှာ သိပ်ကွဲလွဲကြတာဗျ၊ ပိုဆိုးတာက ကိုယ့်နဲ့အမြင်မတူရင် တိုက်ကြခိုက်ကြတာ အင်မတန် ဝါသနာထုံတယ်၊ မွေးရာပါ ဗီဇလားတော့ မပြောတတ်ဘူး။ ကျနော် အခုချိန်ထိ ဇော်ဂျီကိုပဲ သုံးနေသေးတယ်၊ ဒါပေမဲ့ ယူနီကုတ်ကို မဖြစ်ဖြစ်အောင် တွန်းနေကြသူတွေကို ရေလည်လေးစားတယ်၊ သူတို့တတွေဟာ လမ်းမှန်ကို လျှောက်နေကြတာပဲ။ အခု ယူနီကုတ် ဖောင့်တွေရဲ့ အရည်အသွေးက အရင်ကထက် အဆပေါင်းများစွာ ကောင်းနေလောက်ပါပြီ၊ သုံးတဲ့သူတွေ များလာဖို့ပဲ လိုပါတယ်။

ဇော်ဂျီလို စံနှုန်းမညီတဲ့ ဖောင့်နဲ့ဆိုရင် အလုပ်လုပ်ဖို့ ခက်ခဲကြောင်း အပေါ်က ဥပမာနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ EMG သတင်းထဲက ကိန်းဂဏန်းတွေကို WinResearcher ပြောင်းပြီးမှ အောက်မှာ တွေ့ရတဲ့ chart လေးတခု ဆွဲနိုင်ပါတယ် (WinResearcher က ယူနီကုတ်မဟုတ်ပါဘူး၊ ဖောင့်လုပ်သူတွေက 1 နေရာမှာ ၁၊ 2 နေရာမှာ ၂ စသဖြင့် အလွယ်ပေးထားလို့ ဒီလိုစီလို့ပြုလို့ ရသွားတာပါ၊ ကော်မန့်မှာ ကိုမောင်လှ ရေးသွားတာ ဖတ်ကြည့်နိုင်ပါတယ်)၊ ဇော်ဂျီနဲ့ဆိုရင်တော့ စာလေးဘာလေး ဖတ်နိုင်ရုံကလွဲလို့ အလုပ်လုပ်လို့ မရပါဘူး။

ဒေသတွင်းက နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေကို ပြထားတာပါ၊ ယူနစ်က အမေရိကန်ဒေါ်လာ၊ တစ်နှစ်စာ ပျမ်းမျှဝင်ငွေကို ပြောတာပါ။ ဒီပုံကတော့ ၁၆ နိုင်ငံက တစ်နှစ်မှာ စုစုပေါင်း ဝင်ငွေ ၁၀၀ ကျပ် ရရင် တနိုင်ငံချင်းက ဘယ်လောက်စီရသလဲ ဆိုတာကို ဖော်ပြပါတယ်၊ မြန်မာက အနည်းဆုံးပါ၊ အနီးစပ်ဆုံးယူလိုက်လို့သာ ၁% ပေါ်နေတာ၊ တကယ်တမ်း ၀.၆၄% ပဲ ရှိတာပါ၊ ဆိုတော့ လူပေါင်း ၁၆ ယောက်က ၁၀၀ ကို ခွဲယူရာမှာ မြန်မာက ၆၄ ပြား ရတဲ့ သဘောပါပဲ။

--
သုံးစွဲသူတွေ အနေနဲ့ ဇော်ဂျီကိုပဲ ဖက်တွယ်ထားမယ်ဆိုရင်တော့၊ ဖောင့်ပိုင်ရှင် အယ်လ်ဖာဇော်ဂျီကလည်း မပြောင်းလဲပဲ ဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့၊ ရေရှည်မှာ ယူနီကုတ်စံမှီတဲ့ ဖောင့်တခုခုကို ပြောင်းလဲသုံးစွဲသူတွေကပဲ ထုတ်လုပ်မှုအပိုင်းမှာ အသာရမှာပါ။ ဆိုတော့ စည်းစည်းလုံးလုံး ရှိကြတဲ့ ဘလော့ဂ္ဂါတွေပဲ တက်ညီလက်ညီနဲ့ ယူနီကုတ်ဖောင့်ကို အရင်ဆုံး ပြောင်းသုံးကြဖို့ (ဇော်ဂျီဖောင့်နဲ့ရေးပြီး :p) တိုက်တွန်းလိုက်ပါတယ်။ ကျနော် ဒီနှစ်ထဲမှာ ပြောင်းမယ်လို့ ရည်ရွယ်ထားပါတယ်၊ တဖက်ကလည်း ဖောင့်မရှိကြလို့ လာမဖတ်ကြမှာ စိုးရိမ်နေပါတယ်။

10 December 2011

Eclipse

ငယ်ငယ်တုန်းက သင်ခဲ့သလောက် ငပုတ်ကြီးက လ ကို ဖမ်းရာမှာ အဆင့် ၄ ဆင့်ရှိပါတယ်။

အဆင့် (၁) နည်းနည်းဖမ်းပါတယ်။


အဆင့် (၂) ခပ်များများဖမ်းပါတယ်။


အဆင့် (၃) အကုန်ဖမ်းပါတယ်။


အဆင့် (၄) ပြန်အန်ပါတယ်၊ ယုန်ကလေးပါ အဆစ်အန်ပါတယ်။ လငပုတ်ဖမ်းတဲ့နေ့မှာ ပျော်ရွှင်ကြပါစေ (ဘာပဲဖြစ်ဖြစ် ပျော်လိုက်ပါ)။

zero-sum game 零和博弈 (2)

ဆက်ရအောင်ပါ။

ဒီဆောင်းပါးအကြောင်း မရေးသေးခင် အရင်ဆုံး ဆောင်းပါးရှင်အကြောင်း သိဖို့လိုပါတယ်၊ ဆောင်းပါးရှင် ယန်ရွှယ်ထုန်း
阎学通 ဟာ တရုတ်ပြည်ရဲ့ အထင်ကရတက္ကသိုလ်တစ်ခုဖြစ်တဲ့ ချင်းဟွာတက္ကသိုလ်က ပရော်ဖက်ဆာပါ၊ ၉၀ ပြည့်နှစ် အစောပိုင်းတုန်းက UC Berkeley မှာ နိုင်ငံရေးဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။

YAN XUETONG 阎学通

Image source: VOA News

အခု ဒီဆောင်းပါးကို မူရင်းတရုတ်ဘာသာကနေ ဘာသာပြန်နှစ်ယောက်က အင်္ဂလိပ်လို ပြန်ဆိုပြီး NY Times က တင်ပါတယ်၊ အဲဒီ တရုတ်ကနေ အင်္ဂလိပ် ဖြစ်သွားတဲ့ ဘာသာပြန်ဆောင်းပါးကိုမှ တရုတ်တွေက တရုတ်လို တခါဘာသာပြန်ပြီး တရုတ်ဝက်ဘ်ဆိုက်တွေမှာ ပြန်တင်ပါတယ်။ တရုတ်လိုရေးထားတဲ့ မူရင်းဆောင်းပါးကိုတော့ ဘယ်မှာမှ မတွေ့ရပါဘူး၊ ကြည့်ရတာ NYT စာမူခပေးပြီးကတည်းက မူရင်းဆောင်းပါး မဖြန့်ရဘူးလို့ တားမြစ်ထားမယ် ထင်ပါတယ်။ ဒီတော့ကာ..

ကျနော်အရှေ့ပို့စ်မှာ ရေးခဲ့သလိုပဲ ခေါင်းစဉ်ကြီးက စိတ်ဝင်စားစရာဖြစ်လာပါတယ်၊ ဒီခေါင်းစဉ်က ဆောင်းပါးရှင်ကိုယ်တိုင် ပေးထားတာလား၊ NYT ပေးလိုက်တာလား မသိရဘူး၊ ဆောင်းပါးဖတ်စေချင်ရင် ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်ရှိဖို့က အရေးကြီးတော့ ဆောင်းပါးရှင် သို့မဟုတ် NYT က တမင်သက်သက် မျက်စိကျိန်းအောင် ပေးထားတာ ဖြစ်နိုင်တယ်၊ ဖတ်သူများအောင် လုပ်တတ်ကြတာ သဘာဝပါပဲ၊ နိုင်ငံရေးနဲ့ သိပ်မဆိုင်ပဲ စီးပွားရေးဆန်ဆန် လုပ်တာဖြစ်နိုင်ပါတယ်။ သို့သော် တရုတ်စာဖတ်သူတွေ ဆောင်းပါးခေါင်းစဉ် How China Can Defeat America အပေါ်မှာ တုံ့ပြန်ကြတဲ့ မေးခွန်းက “ငါတို့တရုတ်တွေ ဘာဖြစ်လို့ အမေရိကားကို အလဲထိုးရမလဲ” ဆိုတာပါ၊ သဘောက ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေလို့ရပါလျက်နဲ့ ဘာလို့ သူများကို သွားအနိုင်ယူရမလဲ ပေါ့လေ။ တကယ်တမ်း သူ့ဆောင်းပါးထဲမှာ ဒီလိုရေးထားပါတယ်..

Rising powers seek to gain more authority in the global system, and declining powers rarely go down without a fight.

အဆင်းလမ်းပေါ်ရောက်နေတဲ့ ပါဝါကြီးတွေဟာ ဖိုက်တင်လေးတပွဲလောက်မှ မချလိုက်ပဲ ကြည်ကြည်ဖြူဖြူ ဆင်းမသွားပါဘူး.. တဲ့။ ဆိုတော့ ဒီအဆိုကိုပဲ ခေါင်းစဉ်က ပြန်ဆွဲခေါ်တာပါ၊ ကိုယ်မချလည်း သူလာချမယ့်တနေ့ ရောက်လာမှာပဲပေါ့၊ အဲဒီကျရင် ကိုယ့်ဖက်ကနိုင်အောင် ဘယ်လိုချရမလဲ ဆိုတဲ့အကြောင်းရေးထားတာ ဆိုပါတော့။

ဒီခေါင်းစဉ်ကိုပဲ ဆောင်းပါးရှင်ကိုယ်တိုင် ပေးထားတာလို့ တထစ်ချ ယုံကြည်သူတွေကတော့ သူ့ကို ဝိုင်းသမကြတာများတယ်။ တရုတ်က ဘယ်လောက်များ အင်အားတောင့်တင်းနေလို့ အမေရိကားလို နိုင်ငံကြီးကို အလဲထိုးနိုင်မှာလဲ ဆိုတာမျိုး၊ အာဏာရှင်တရုတ်လို နိုင်ငံကများ အမေရိကားကို အနိုင်ယူပြအုံးမလို့လား ဆိုတာမျိုးနဲ့ ဆော်ကြပါတယ်။ မူရင်းတရုတ်ဆောင်းပါးကို နှစ်ကြိမ်တိတိ ဘာသာပြန်ထားတဲ့ နောက်ဆုံးဗားရှင်း တရုတ်ဆောင်းပါးနဲ့ NYT ပေါ်က အင်္ဂလိပ်ဗားရှင်းနဲ့ အဓိပ္ပါယ် ကောက်ယူပုံ လွဲမှားတာလေးတွေလည်း ရှိပါသေးတယ်၊ အဲဒါတွေကတော့ အရေးမကြီးတော့ပါဘူး။ အဲနီးဝေး၊ အင်တာနက်ပေါ်မှာ ဖတ်မိသလောက် တရုတ်စာဖတ်သူတွေ ဝေဖန်ချက်က အဆိုးဖက်ကပဲ များပါတယ်၊ အနည်းဆုံး ဆောင်းပါးရှင် ပြောချင်တဲ့ အချက်တွေကို သိပ်ဂရုမစိုက်ပဲ ဒီခေါင်းစဉ်ကြောင့် စိတ်အချဉ်ပေါက်ကုန်ပြီး မင်းက ဘာကောင်မို့လဲကွ ဆိုတဲ့ အထာမျိုးနဲ့ ရေးကြတယ်။ ထားတော့။

ခြုံကြည့်ရင်တော့ ဆောင်းပါးရှင်ရဲ့ အာဘော်ကို
ကျနော့်အနေနဲ့ လက်ခံပါတယ်၊ သူပြောသွားတဲ့ အချက်တွေကိုလည်း ကွဲလွဲစရာ သိပ်မရှိဘူးလို့ မြင်ပါတယ်။ သို့သော် အပေါ်မှာ ရေးသွားတဲ့ ဆောင်းပါးရှင်ကို ဝိုင်းသမကြတဲ့ အင်တာနက်ပေါ်က ယူဆာတွေနဲ့ ကျနော်နဲ့ မတူတဲ့အချက် နှစ်ချက်ကိုတော့ ထည့်ပြောရပါမယ်။ တစ်အချက်၊ ဆောင်းပါးဖတ်နေတုန်း ခေါင်းစဉ်ကို ကျနော်မေ့ထားတယ်၊ ဆိုတော့ ခေါင်းစဉ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါဘူး၊ သူပြောချင်တဲ့ အချက်တွေကိုပဲ အဓိကထား ဖတ်ပါတယ်။ နှစ်အချက်၊ YAN XUETONG ဆိုတဲ့ ပရော်ဖက်ဆာကို ကျနော် လုံးလုံး မရင်းနှီးပါဘူး၊ သူအရင်က ဘာတွေရေးခဲ့တယ်၊ ဘယ်လမ်းလျှောက်တယ် ဆိုတာတွေကို မသိပါဘူး။ ဒါကြောင့် သူ့ရေးတဲ့စာကို ရေးထားတဲ့အတိုင်းပဲ ဖတ်နိုင်ပါတယ်။ သူက အစိုးရဝန်ထမ်း ဖြစ်တဲ့အလျောက် အရင်ကတည်းက ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ အလိုကျအတိုင်းပဲ ရေးခဲ့တယ်ဆိုရင်တော့ အခုဘာပဲရေးရေး လက်ခံနိုင်တဲ့သူ နည်းပါလိမ့်မယ်၊ မြန်မာပြည်က အစိုးရသတင်းစာထဲမှာ ရေးနေကျလူတွေ ရုတ်တရက်ကြီး ဒေါ်စုကောင်းကြောင်း၊ နိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်ပါကြောင်း၊ အစိုးရသတင်းစာတွေ ဘယ်လိုဘယ်လို ပြုပြင်သင့်ကြောင်း ရေးနေသလို ဖြစ်နေမှာပေါ့။ သဘောပြောတာပါ၊ ဒီပရော်ဖက်ဆာက ဒီလိုရေးနေပါတယ်လို့ ပြောနေတာ မဟုတ်ဘူး၊ သူ့ဒိပြင်စာတွေကို ဖတ်ကိုမဖတ်ဖူးတာ။

ကျနော့်အမြင်ကတော့ သူ့ရဲ့လက်ရှိအနေအထားနဲ့ ဒီလိုဆောင်းပါးမျိုး ရေးနိုင်(ရေးရဲ)တာပဲ မဆိုးတော့ဘူး။ ပြီးတော့ ရေးထားတာတွေလည်း မျက်မှောက်ကာလ အခင်းအကျင်းနဲ့ အတော်ဆီလျော်တယ်၊ တရုတ်ကြီး တိုးတက်လာတာ အားလုံးအသိပဲ၊ သို့သော် ဒီလိုတိုးတက်နေတာကို အကောင်းမြင်ပေးနိုင်တဲ့ နိုင်ငံတွေ အင်မတန်နည်းတယ်။ ကမ္ဘာ့ဟိုးဖက်ခြမ်းက အာဖရိက နိုင်ငံလေးတွေရှိမယ်၊ တောင်အမေရိကား နိုင်ငံတွေရှိမယ်၊ သူ့နဲ့ အဆင်ပြေတယ်လို့ ပြောလို့ရတဲ့ ရုရှား၊ မြောက်ကိုးရီးယား၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေရှိမယ်။ သူ့ပတ်ပတ်လည်က အာဆီယံနိုင်ငံတွေဆို စင်္ကာပူလောက်ပဲ သူ့နဲ့ အိုကေတာ၊ ကျန်တာတွေက မတတ်သာလို့သာ ပေါင်းနေကြတဲ့ သဘောမှာရှိတယ်၊ အိမ်နီးချင်း အိန္ဒိယကတော့ ဘယ်တော့ တဗွေချင်း ဖိုက်ရမလဲ မသိတဲ့ (လောလောဆယ် သူ့ဇာတ်သူ အနိုင်နိုင်ကနေရတဲ့) အနာဂတ်ရန်သူကြီး။ ဟိုးဖက်ခြမ်းက ထိုင်ဝမ်၊ တောင်ကိုးရီးယားနဲ့ ဂျပန်တို့က အမေရိကားနဲ့ သိပ်ချစ်ကြတာ၊ အာဆီယံထဲက ထိုင်းနဲ့ ဖိလစ်ပိုင်လိုပဲ၊ အခု နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ မြန်မာကိုလည်း အမေရိကားက လက်ကြီးဆန့်၊ ရင်ဘတ်ကြီးဖွင့်ပြီး ကြိုဆိုနေပြီလေ။ တရုတ်ကို ပိတ်ဆို့ဖို့ လုပ်နေတာ မဟုတ်ဘူးလို့ ဘယ်လောက်ပဲပြောပြော၊ အခု အာရှပစိဖိတ်မှာ အိုဘားမားလှမ်းနေတဲ့ ခြေလှမ်းတွေက ဒါကိုပဲ ဦးတည်နေတယ်။

ဆိုတော့၊ ဒီလိုအနေအထားမှာ တရုတ်အစိုးရအနေနဲ့ ပြောင်းလဲမှုတွေ လုပ်သင့်နေပြီ။ (မြန်မာအစိုးရကတော့ ဆားမညှပ်အောင် သတိထားနေရမယ်)

ဆောင်းပါးရှင်က အုပ်ချုပ်မှုပုံစံသုံးမျိုးကို ဥပမာပေးပါတယ်၊ grade ခွဲလိုက်ရင် ကောင်း၊ သင့်၊ ညံ့ ပေါ့လေ။ အဲဒီအထဲက အကောင်းဆုံး ဆိုတဲ့ humane authority ကို သူက ဇောင်းပေးချင်တာပါ။ ဒါကို စာဖတ်သူတွေအနေနဲ့ လက်မခံချင်စရာ အကြောင်းမရှိပါဘူး၊ ဘယ်ရှုထောင့်ကကြည့်ကြည့် ဒီအချက်က မှန်နေမှာပါပဲ။ အခု တရုတ်ပြည်ရဲ့ အဓိက ပြည်တွင်းရေးပြဿနာက ဆင်းရဲချမ်းသာ ကွာဟမှုပဲ၊ မြို့ပြနဲ့ ကျေးလက်ဒေသ လူနေမှု အဆင့်အတန်း အင်မတန်မှ ကွာတယ်။ ဒီကြားထဲ အစိုးရက ကူညီရေးတွေ အထောက်အပံ့တွေကို ဒိပြင် နိုင်ငံငယ်လေးတွေဆီ သွားပေးတော့ ကျေးလက်က ဆင်းရဲသားတွေက လုံးဝ ပေါက်ကွဲကုန်တယ်၊ သူတို့က အဲဒီ နိုင်ငံငယ်လေးတွေက အကူအညီရသွားတဲ့ ပြည်သူတွေထက် ပိုမဆင်းရဲရင်တောင် ပိုပြီး ချမ်းသာမနေဘူး။ ဒီတလောလေးတင် ပွက်လောရိုက်သွားတဲ့ ကန်းစုက ကျောင်းကားအက်စီးဒန့် မှာ ကလေး ၁၉ ယောက် သေသွားတဲ့ ကိစ္စဆိုရင်လည်း ဒီအတိုင်းပဲ၊ ပြည်တွင်းမှာ မွဲတေလွန်းလို့ ကျောင်းကားတွေမှာ သတ်မှတ်ဦးရေထက် သုံးလေးဆ ပိုတင်ကြတယ်၊ တရုတ်အစိုးရက အဲဒါတွေကို အရင်မဖြေရှင်းပဲ ဟိုး အရှေ့တောင် ဥရောပက နိုင်ငံပေါက်စလေး Republic of Macedonia မက်စီဒိုးနီးယားကို ကျောင်းကားသွားလှူတယ်၊ တခုခုလိုချင်လို့ ဒီလိုလုပ်တာ သူ့ပြည်သူတွေလည်း သိနေတာပဲလေ။ (မှတ်ချက် - မြန်မာပြည်လည်း ခုတလော ကျောင်းကားတွေကို စိစစ်မယ်ပြောတယ်၊ တရုတ်မှာဖြစ်တာတွေမြင်ပြီး ကြိုတင်ကာကွယ်တာ ဖြစ်လောက်တယ်၊ ကြိုဆိုရမှာပါ)

နိုဝင်ဘာ ၁၆ ရက်နေ့က အခြားကားတစ်စီးနဲ့ ခေါင်းချင်းဆိုင်တိုက်မိတဲ့ ကျောင်းကားအတွင်းတနေရာ။

ဒီကားထဲကို ဆရာနဲ့ကလေး စုစုပေါင်း ၆၃ ယောက်တင်ထားတယ်၊ ယာဉ်တိုက်မှုဖြစ်ပြီး ကလေး ၁၉ ယောက် အပါအဝင် အားလုံးပေါင်း ၂၁ ယောက်သေသွားတယ်။


နိုဝင်ဘာ ၂၅ ရက်နေ့က မက်စီဒိုးနီးယားက တရုတ်ကျောင်းကားလွှဲပြောင်းပေးအပ်ပွဲ မြင်ကွင်းတခုပါ။


တရုတ်ပြည်မှာ humane authority အရေးကြီးနေတယ်ဆိုတာ ဒါပါပဲ၊ ဒီကျောင်းကားဥပမာကတော့ ပူပူနွေးနွေးပါ။

ဒီဆောင်းပါးကနေ ဆင့်ပွားထွက်လာတဲ့ တရုတ်အစိုးရရဲ့ “လူသားခြင်းစာနာထောက်ထားတဲ့” အကူအညီပေးပုံနဲ့ ပတ်သက်ပြီး ဖတ်မိတဲ့ ကော်မန့်တွေရဲ့ နောက်ကွယ်မှာ တရုတ်တချို့ရဲ့ တိမ်းစောင်းနေတဲ့ အမြင်တွေကို မြင်ရပါတယ်။ ငါတို့ဒီလောက် ဆင်းရဲတွင်းနက်နေတာတောင် ငါတို့အစိုးရက တခြားနိုင်ငံတွေကို အကူအညီသွားပေးတယ်၊ ဒါပေမဲ့ တို့တွေ ဘာပြန်ရသလဲ ဆိုတဲ့ အတွေးမျိုး ရှိနေတာ ဖတ်မိတယ်။ အခု မြစ်ဆုံကိစ္စဆိုရင်လည်း သူတို့ နားလည်ချင်မှ နားလည်လိမ့်မယ်၊ ငါတို့ အစိုးရ တောက်လျှောက် “ကူညီ” လာတဲ့ မြန်မာဆိုတဲ့ အိမ်နီးချင်းက ဘာဖြစ်လို့ ရေကာတာလေးတောင် ပေးမဆောက်တော့တာလဲ လို့ မြင်ကောင်း မြင်နေလိမ့်မယ်၊ ဒါလူဗြိန်းတစ်ယောက် မြင်တဲ့ အမြင်ပဲ၊ ခက်တာက ဒီလိုကိစ္စတွေမှာ အပေါ်ကနေ အားလုံးကို ခြုံငုံပြီး သုံးသပ်နိုင်ကြတဲ့ လူမျိုးကလည်း ခပ်ရှားရှားရယ်၊ ကျနော်အပါအဝင် အများစုက လူဗြိန်းအုပ်စုဝင်တွေပဲ။

တကယ်တော့ မြန်မာပြည်သူကို တရုတ်ပြည်သူတွေ နားမလည်သလို တရုတ်ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေ နားမလည်ကြဘူး။ ဒီလွဲမှားမှုမှာ အဓိကလက်သည်တွေက နှစ်ဖက် အစိုးရပဲ။ သူတို့နည်း သူတို့ဟန်နဲ့ နားလည်မှုတွေ ယူကြတယ်၊ လုပ်ကြတယ်၊ ပြဿနာဖြစ်တော့ ပြည်သူတွေ အချင်းချင်း အထင်အမြင် လွဲကုန်တယ်။ တရုတ်ကို ဝိုင်းချစ်ကြဖို့ ရေးနေတာ မဟုတ်ပါဘူး၊ မြန်မာပြည်သူနဲ့ တရုတ်ပြည်သူနဲ့ တူတဲ့အချက်ကို ပြောချင်တာပါ။ မြန်မာနဲ့ဖြစ်တဲ့ မြစ်ဆုံ ကိစ္စမှာ သာမန် တရုတ်ပြည်သူတွေ မသိတဲ့အချက်က သူတို့အစိုးရ “ကူညီ” ခဲ့တဲ့ မြန်မာအစိုးရဟာ သူ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးနေတဲ့၊ သူ့ပြည်သူတွေကို ချစ်တဲ့ အစိုးရတရပ် မဟုတ်ဘူး ဆိုတဲ့အချက်ပဲ၊ ဒါကို မသိအောင်လည်း သူတို့အစိုးရက လုပ်ထားတာကိုး။ သူတို့အပြစ်တင်ရမယ့် တရားခံက သူတို့အစိုးရ ဖြစ်သင့်ပေမယ့် တကယ်တမ်းကျတော့ ရေကာတာကို ကန့်ကွက်ကြတဲ့ မြန်မာတွေကို သူတို့အထင်အမြင် လွဲကုန်ရော၊ ကျနော်တို့ မြန်မာတွေက တရုတ်ပြည်သူနဲ့ တရုတ်အစိုးရကို ခွဲပြီး ကြည့်လေ့ မရှိသလို သူတို့လည်း မြန်မာပြည်သူနဲ့ မြန်မာအစိုးရကို တသားတည်းမြင်နေတာ အဆန်းတော့လည်း မဟုတ်ပါဘူး။
--
အပိုင်း ၂ ဒီမှာဖြတ်ပါမယ်၊ အပိုင်း ၃ မှာ zero-sum game နဲ့ နိဂုံးချုပ်ပါမယ်။

09 December 2011

AaB's Second Donation

ဗိုက်ပူနေတဲ့ကလေးတယောက်ပုံကို ဟိုးနေ့ကတွေ့တယ်၊ နည်းတာမဟုတ်ဘူး၊ တကယ်ကြီးပူနေတာ။

အသည်းရောဂါကြောင့် ရေတွေစုပြီး ဖောင်းကားလာတာလို့ ပြောတာပဲ၊ အဲဒါကြီးကို ခွဲစိပ်ကုသဖို့ မြန်မာငွေ သိန်း ၃၀ နီးပါး လိုတယ်ဆိုလို့ ဟိုးတနေ့က အလှူငွေတွေ ကောက်ကြပါတယ်၊ များသောအားဖြင့် ဘလော့ဂ်ပေါ်မှာ စားစရာ၊ လည်စရာ တင်တင်ပြီး ကြွားတတ်ကြတဲ့ တင်တင်ကြွား ဘလော့ဂ္ဂါတွေက အချင်းချင်း လှုပ်နှိုး တွန်းနှိုးပြီး ဝိုင်းလှူကြတာပါ၊ တခြား တင်တင်ကြွားမဟုတ်တဲ့ စေတနာရှင်တွေလည်း လှူကြပါတယ်။ ကိုယ်လည်းလေ တင်တင်ကြွားပေမို့ ဆိုတဲ့ ဇာတ်ကားလေးအတိုင်း ကျနော်လည်း တတ်နိုင်သလောက်လည်း လှူပါတယ်၊ ကုသိုလ်တွေဘာတွေ နောက်ကိစ္စပါ၊ ဒီကောင်လေးရဲ့ ပူနေတဲ့ဗိုက် ပုံမှန်အနေအထား ပြန်ဖြစ်သွားစေချင်တာက တခုတည်းသော ဆန္ဒပါပဲ၊ အဆင်ပြေပြေ ခွဲပြီး စိပ်ပြီး ကျန်းကျန်းမာမာနဲ့ ပုံမှန်ကလေးတစ်ယောက် ဘဝလေးကို အမြန်ပြန်ရပါစေလို့ ဆုတောင်းပါတယ်။ အောက်ကစာတွေကို အစ်မချစ် ဆီက ကူးယူထားပါတယ်၊ စာဖတ်သူတွေအနေနဲ့ သာဓု မခေါ်လည်းနေပါ၊ နောက်လှူစရာရှိရင်သာ ဝိုင်းလှူပေးကြပါ။ ((ဟမ်))
--
AaB ရဲ့ ဒုတိယအကြိမ်မြောက် အလှူမှတ်တမ်း

ကျွန်မတို့ အားလုံးမှာ လူသားဆန်တဲ့ စိတ်နှလုံးကိုယ်စီ ရှိကြတယ်။ ရှိအောင်လည်း လေ့ကျက်သင့်တယ်။ ဘာမဆို အလေ့အကျင့်ထုံလာရင် အစွဲအလန်းဖြစ်သွားတတ်တာ ဓမ္မတာပဲ မဟုတ်လား။ ခုဆိုရင် ကျွန်မတို့ ဘလော့ဂ်ဂါ မောင်နှမတွေ၊ ရေးဖော်ရေးဖက်တွေ စုစည်းထားတဲ့ AaB Myanmar (AaB-All about Bloggers) ဆိုတဲ့ အဖွဲ့လေးမှာ ဒါနအထုံ စတင် မျိုးစေ့ချနေပြီလို့ ဆိုရပါမယ်။

မကြာသေးခင်ကမှ ပခုက္ကူနယ်တစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ သဘာဝရေဘေးဒဏ်ကို ကျွန်မတို့ မြန်မာပြည်သူ ပြည်သားတွေ ထိခိုက် နာကျင်စွာ ခံစားခဲ့ကြရတာကို မှတ်မိကြပါလိမ့်မယ်။ အဲဒီတုန်းက AaBက ပထမအကြိမ်အဖြစ် ကျပ်ငွေ ၃၃သိန်းခွဲတိတိ လှူဒါန်းနိုင်ခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ပခုက္ကူ အလှူမှတ်တမ်း မှာ သွားရောက် ဖတ်ရှူ့နိုင်ကြပါတယ်။

ခုတစ်ခါ သွေးပူနေသေးတဲ့ ကျွန်မတို့အတွက် နောက်ထပ်အလှူတစ်ခု လှူဖြစ်ဖို့ ဖန်လာပြန်ပါတယ်။ ရေးဖော် ဘလော့ဂ်ဂါ ကိုဘွိုင်းဇ်ရဲ့ စတင်လှူံ့ဆော်ပေးမှူက စတင်ခဲ့တာပါ။

မောင်သန်းဇော်ဦးဆိုတဲ့ ရနှစ်အရွယ် စစ်တွေက ကလေးတစ်ယောက် အသည်းမှာ ရေအိတ်တည်တဲ့ ဝေဒနာ ခံစား နေရပြီး အကြီးစားခွဲစိတ်မှူမှ မပြုလုပ်ရင် အသက်ရှင်စရာလမ်း မမြင်ဘူးလို့ သိရပါတယ်။ မူရင်းသတင်းကိုတော့ The Voice Journalကတစ်ဆင့် သိရှိရတာပါ။

ကလေးကို ပုံနဲ့တကွ တွေ့လိုက်ရတဲ့အခါမှာ ကျွန်မတို့အားလုံးပဲ ကလေးငယ်ရဲ့ ခွဲစိတ်စရိတ်ကို တစ်နိုင်တစ်ပိုင် မျှခံပေးချင်စိတ်တွေ ဖြစ်ခဲ့ကြတယ်။ လူသားငယ်ကလေးရဲ့ အသက်တစ်ချောင်းအတွက် ကျွန်မတို့တစ်တွေ တတ်နိုင် သလောက် ဖေးမပေးလိုက်ချင်တဲ့ စိတ်တွေနဲ့ပေါ့ရှင်။ ခွဲစိတ်ကုသမှူ အောင်မြင်ပါစေလို့လည်း မေတ္တာ ပို့ပေးမိပါရဲ့။
၁ရက်နေ့ကနေ ၇ရက်နေ့ ဒီဇင်ဘာအထိ ကလေးခွဲစိတ်စရိတ်အတွက် အလှူငွေ ကောက်ခံလိုက်ကြတာ စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၇၉၀ (ကျပ်ငွေ ၁,၀၉၁,၉၀၀) ရရှိပြီး ကလေးဆီဆက်သွယ်ပေးပို့လို့ လှူဒါန်းခဲ့ကြပါတယ်။ ဆရာဝန်တွေရဲ့ ခန့်မှန်းချက်အရ ခွဲစိတ်ကုသမှူကုန်ကျငွေ အကြမ်း ၁၀သိန်း ကနေ သိန်း ၃၀ခန့် ကုန်ကျနိုင်မယ် ဆိုတော့ကာ ကျွန်မတို့ AaBကနေ ကုသစရိတ်ရဲ့ ၃ပုံ ၁ပုံလှူနိုင်ခဲ့တယ် ဆိုရပါမယ်။ အားလုံးကိုယ်စား အင်မတန် ၀မ်းသာပီတိ ဖြစ်မိရပါတယ်။
နောက်ဆုံးသတင်းအရ မနက်ဖြန် ဒီဇင်ဘာ ၉ရက်နေ့မှာ ကလေးငယ်ကို ခွဲစိတ်ကုသမှူ ပြုလုပ်ကြမယ်လို့ သိရပါတယ်။
ခွဲစိတ်ကုသမှူ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းရင်း ကလေးအတွက်ပါဝင်လှူဒါန်းကြတဲ့ AaBမှ ရပ်ဝေးရပ်နီး ဘလော့ဂ်ဂါမောင်နှမများ နဲ့ နှလုံးသားချင်းထပ်တူကျသော အလှူရှင်များ၊ စာဖတ်သူများရဲ့ ထက်သန်လှတဲ့ စေတနာ သဒ္ဒါတရားအတွက် အလှူငွေစာရင်းလေးကို ဒီနေရာမှာ မှတ်တမ်းတင်ထားပါရစေရှင်။

1-Dec-11 ITR 50 I-BANK မေသူခိုင် maythukhine.blogspot.com
1-Dec-11 ITR 30 I-BANK IBank ကိုသီဟသစ် arrmanthit.blogspot.com/
1-Dec-11 ITR 50 I-BANK ချစ်ကြည်အေး
1-Dec-11 ATR 50 သိန်းထိုက် (ဖိုးသင်္ကြန်) www.phothagyan.blogspot.com
1-Dec-11 ATR 50 ပူးတေ april-poo.blogspot.com/
1-Dec-11 ITR 50 I-BANK တီအိုအိုင် (Turns On Idea) http://turnonideas.blogspot.com
1-Dec-11 ITR 50 I-BANK သက်ဝေ http://www.thet-wai-blog.blogspot.com
1-Dec-11 ITR 30 I-BANK မယ်ကိုး http://www.maecoe.net
1-Dec-11 ITR 50 I-BANK ကိုဘွိုင်းဇ် http://heartstations.blogspot.com/
1-Dec-11 ITR 60 I-BANK အန်တီတင့် http://www.auntytint21183.net
2-Dec-11 ATR 30 မိုးခါး
2-Dec-11 ATR 30 စိုးမင်းထိုက်
2-Dec-11 ATR 50 မနော်ဖော http://rose-sharon.blogspot.com
2-Dec-11 ATR 50 မေလေး
2-Dec-11 ITR 50 I-BANK မေဇင်အေး http://monethu.blogspot.com
2-Dec-11 ITR 50 I-BANK ကိုလူသစ် http://luthit.blogspot.com
2-Dec-11 ITR 50 I-BANK -ခိုင်စုလတ် http://cherrydreamblog.blogspot.com/
2-Dec-11 ATR 30 ဦးဇော်မြင့်
2-Dec-11 ITR 50 I-BANK ကိုဌေးအောင် http://luula18.blogspot.com
2-Dec-11 ITR 50 I-BANK ဖိုးစိန် http://phoesein.blogspot.com
2-Dec-11 ITR 30 I-BANK ဘိုဘို http://www.mogokthar.com
2-Dec-11 ITR 50 I-BANK အမေ့သား http://amaythar1976.blogspot.com/
3-Dec-11 ITR 50 I-BANK တီဇက်အေ http://www.degolar.info
3-Dec-11 ATR 50 ကိုဇူလိုင် http://july-dream.blogspot.com
3-Dec-11 ITR 30 I-BANK ကိုခင်မောင်ဦး မသန္တာလွင် http://thandarlwin.blogspot.com
3-Dec-11 ITR 10 I-BANK ကိုသက်နိုင်
3-Dec-11 ITR 10 I-BANK ကိုမျိုးထွန်း မ၀တ်ရည်ထွန်း
3-Dec-11 ITR 10 I-BANK ကိုဇင်မင်းငြိမ်း မခင်မာဝင်း
3-Dec-11 ITR 10 I-BANK မအေးမင်းလတ်
3-Dec-11 ITR 10 I-BANK မ၀င်းဝင်းမြင့်
3-Dec-11 ITR 10 I-BANK မဆွေမွန်ဦး
3-Dec-11 ITR 10 I-BANK ကိုဟိန်းလတ်ဝင်း မနီလာမိုး
3-Dec-11 ITR 20 I-BANK ဦးတင်မောင်ညွန့် မိသားစု
3-Dec-11 ITR 10 I-BANK ကိုကျော်ဇေယျ မနိုနိုဝင်း
4-Dec-11 ITR 50 I-BANK ကိုဇော်သက်အောင် http://www.phoonuthit.com
5-Dec-11 ATR 50 နိုဘယ်မိုး http://www.noblemoe.blogspot.com
5-Dec-11 ITR 20 I-BANK ငြိမ်းချမ်းကျော်
5-Dec-11 ITR 100 I-BANK Oversea Burmese Youth Group (OBYG)
5-Dec-11 ITR 100 I-BANK Anonymous
5-Dec-11 ITR 15 I-BANK မအိခိုင်
5-Dec-11 ITR 30 I-BANK ကိုဇီးရိုး
6-Dec-11 ITR 30 I-BANK ကိုအောင်ကျော်လွင်
6-Dec-11 ITR 50 I-BANK Meredith Johnson
7-Dec-11 ITR 30 I-BANK မခင်ချိုလွင်
7-Dec-11 ITR 20 I-BANK မအေးမြတ်မြတ်မွန်
7-Dec-11 ITR 50 I-BANK ကိုဝင်းကျော်ထွန်း
7-Dec-11 25 မအိမ်သူ http://warkhaungmoe.blogspot.com/

07 December 2011

PDF for Addy


တီချမ်းက ထိုင်ဝမ်ပို့စ်တွေကို pdf နဲ့ လိုချင်တယ်ဆိုလို့ စမ်းတင်ကြည့်တာ၊ အိုကေတယ်ဆိုရင် ကျန်တာတွေကို လင့်ခ်လေးတွေ ထည့်ပေးသွားပါမယ်။ (သေချာတာက ကျနော့် PC ရဲ့ IE8 မှာ မမြင်ရပါ၊ FF မှာပဲ မြင်ရပါတယ်)

ဒီတခုအတွက် အောက်ကလင့်ခ်မှာ ယူနိုင်ပါတယ်။


Taiwan Trip 2011 (2)

06 December 2011

Memories part 7

မြို့တော်ခန်းမ သို့မဟုတ် စီးတီးဟောလ်၊ နောင် အနှစ် ၂၀ ကျရင် ဒီရှေ့မှာ မြေအောက်ရထားစီးဖို့ ဝင်ပေါက်မရှိဘူးလို့ ဘယ်သူပြောနိုင်လဲ။


ဗိုလ်ချုပ်လမ်းနဲ့ ဟီတာချီ၊ မီးရထားဝင်းကို တခါမှမဝင်ဖူးဘူး၊ ဟိုးတလောကတော့ အဲဒီကဝန်ထမ်းတွေကို ရွှေ့ခိုင်းနေတယ်လို့ သတင်းမှာဖတ်ရတယ်။


အောင်ဆန်းကွင်းနဲ့ ကင်နွန်၊ သုဝဏ္ဏကွင်းဖွင့်စတုန်းက ဒီကွင်းလေးမျက်နှာငယ်သွားသလိုပဲ၊ ခုတော့ သုဝဏ္ဏကွင်းလည်း သူ့ကိုအမှီလိုက်ပြီး စုတ်ပြတ်သတ်နေပြီဆိုပဲ၊ နှစ်ကွင်းလုံး သာတူညီမျှဆိုတော့ level playing field တွေ အသီးသီး ဖြစ်သွားကြတာပေါ့လေ။


စံပြရုပ်ရှင်ရုံ၊ သူသာပါးစပ်ပါရင် နာမည်ပြောင်းခိုင်းမှာသေချာတယ်၊ ဒါမှမဟုတ် ကြွက်သတ်ဆေးသောက်ပြီး suicide လုပ်သွားလောက်ပြီ။ ဘယ်မလဲ “စံ”၊ ပြလေ၊ ပြ၊ ပြ။


ကျနော်မြန်မာပြည်က ထွက်ထွက်ချင်း ဆီချက်တစ်ပွဲအစိတ်ဗျ၊ ဆိုတော့ အဲဒီတုန်းက ဆီချက် ၄ ပွဲစားတာ အခုကျတော့ ဆီးလေး ၁ ခါပဲ သွားလို့ရတော့တယ်ဗျာ၊ တခါသွားတိုင်း ဆီချက်လေးပွဲဗျာ၊ နှမြောစရာကြီး။


ယောမင်းကြီးလမ်း ခေါ် ယောက်လမ်း၊ တည့်တည့်သွားရင် ကျောင်းရောက်တယ်။ ဧရာဝတီအနုပညာပြပွဲက ညာဖက်မှာ။


ဒါက AV ကြိုးနဲ့ join ရတဲ့ တရုတ်ဖြစ် adapter ၊ ဝယ်ပြီးကတည်းက မသုံးဖြစ်ဘူး၊ ရန်ကုန်ရောက်မှ သုံးဖြစ်သွားတယ်။


လှည်းတန်းစကာကြီးမုန့်ဟင်းခါးဆိုင်နားမှာ၊ စာပေလောက ၃ ဆိုတဲ့ဆိုင်းဘုတ်ကို ခုမှမြင်တယ်။


မိုးတဖွဲဖွဲကျနေတုန်း ဖြတ်နင်းသွားတဲ့ ဆိုက်ကားတစ်စီး၊ ဘာကြောင့်ရယ်မသိ၊ ဆိုက်ကားတွေ့ရင်ဓာတ်ပုံသိပ်ရိုက်ချင်တာ။


ဆီပြန်နဲ့ဒန်ပေါက်၊ ပူဖောင်းနဲ့မွေးနေ့ကိတ်၊ ရင်းနှီးတဲ့နေရာနဲ့ မျက်နှာစိမ်းတွေ၊ တချက်တချက် သတိရမိပါတယ်၊ ရန်ကုန်။

04 December 2011

Memories part 6

စားမြုံ့ပြန်ကောင်းကောင်းနဲ့ ဆက်ပြန်လိုက်ပါအုံးမယ်။

ဒါက စင်္ကာပူကိုမှီအောင်လိုက်နေတဲ့ ရန်ကုန်မြို့ကြီးရဲ့ တံခါးမကြီးဖြစ်တဲ့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲက သောက်ရေစင်ပါ၊ ရေမရှိတော့ ခွက်ထားမပေးတာ မဆန်းပါဘူး။ သမ္မတက စင်္ကာပူကိုမှီအောင် လုပ်စေချင်တဲ့အကြောင်း EMG မှာတင်တော့ ကော်မန့်ရေးသူတစ်ယောက်က “မှန်းမယ့်မှန်းတော့ မဲလ်ဘန်၊ ဆစ်ဒနီ၊ တိုကျိုလို မြို့ကြီးတွေကို မှန်းသင့်တယ်၊ စင်္ကာပူလေးကိုပဲ တားဂက်ထားတာ ကိုယ့်ကိုကိုယ် အဆင့်ချထားသလို ခံစားရလို့ပါဗျာ” ဆိုပြီး ရေးထားတယ်၊ လူတယောက်တလေ ဒီလိုတွေးမိတာ ထားပါတော့၊ ခက်တာက အဲသလို ကော်မန့်မျိုးကို ကြိုက်လို့ ထောက်ခံအားပေးထားတဲ့ '+' လက္ခဏာတွေက ရှစ်ဆယ်ကျော်တယ် ခင်မျ၊ ဒီပုဂ္ဂိုလ်တွေကို အတော်သနားသွားတယ်၊ သူတို့ စင်္ကာပူရဲ့ အနှုတ်သင်္ကေတတွေပဲ သိထားပြီး စင်္ကာပူရဲ့ တိုးတက်တဲ့ နည်းလမ်းတွေကိုတော့ အတုယူချင်ပုံ မရဘူး။ မြန်မာနိုင်ငံရဲ့ လက်တွေ့ အနေအထားကို မျက်ကွယ်ပြုပြီး မျက်စိအရသာ၊ နားအရသာလောက်ပဲ ခံစားချင်ကြတာကိုး။ ဧရာမကြီးမှန်းထားပြီး ဘာမှဖြစ်မလာတဲ့ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဆိုတဲ့ ဆောင်ပုဒ်ကို မကြားဖူးလို့ပဲလား မသိဘူး၊ ထစ်ခနဲဆို ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် သိပ်လုပ်ချင်ကြတယ်။ လက်တွေ့ကျကျနဲ့ တလှမ်းပြီးမှ တလှမ်း လှမ်းကြပါဗျာ၊ ပြည်ပအကူအညီတွေ၊ ရင်းနှီးမြှပ်နှံမှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဘလာ ဘလာ ဘလာ အသာထား၊ ပြည်တွင်းက ပဋိပက္ခ္ခတွေ ပြေလည်အောင်ပဲ ဖြေရှင်းပါအုံး၊ ဘယ်တော့ ပြေလည်မလဲ၊ ဆယ်နှစ်လား၊ ဆယ့်ငါးနှစ်လား၊ ဘယ်သူမှ ရက်စွဲတစ်ခု မခန့်မှန်းနိုင်ဘူး၊ ဘာလုပ်ကြမလဲ။ ရေမရှိဘူး၊ ခွက်လည်းမရှိဘူး။


လေဆိပ်ခန်းမထဲမှာ Wifi လွှင့်ထားတယ်၊ ဒါပေမဲ့ သုံးခွင့်မရှိဘူး၊ သုံးချင်ရင် အဲဒီအထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ ဒေါ်လာပေးပြီး သုံးရတယ်။ ဒါ စားသောက်ဆိုင်ကို အပိုဝင်ငွေ ရပါစေတော့ ဆိုတဲ့ စေတနာလား မပြောတတ်ဘူး၊ သေချာတာက လေဆိပ်ထဲမှာ Wifi မိတယ်၊ သို့သော် သုံးလို့မရဘူး။ စင်္ကာပူရဲ့ ချန်ဂီလဆိပ်ကိုတော့ မမှန်းပါသေးနဲ့အုံး၊ အမ်အာတီကိုလည်း မမှန်းပါသေးနဲ့အုံး၊ တခြား ဆယ်စုနှစ်ချီပြီး ထုဆစ်ရတဲ့ အခြေခံ အဆောက်အအုံတွေကိုလည်း သွားမမှန်းပါသေးနဲ့အုံး၊ အကောင်အထည်ဖော်ဖို့ အင်မတန်လွယ်တဲ့ လူစဉ်မှီ အင်တာနက်လေးပဲ တပြည်လုံးလွှမ်းခြုံနိုင်အောင် အရင်ဆုံးမှန်းပါ၊ ၂ နှစ်အတွင်း ဖြစ်အောင်လုပ်ပြပါ။ (လူကြီးမင်း ခေါ်ဆိုသော အင်တာနက်မှာ.. တွီတွီတွီ)


အနက်ရောင်ချောက်ကြီးရဲ့ ကမ်းပါးယံပေါ်က ဗူးတွေ၊ ပုလင်းတွေ၊ ဒန်အိုးဒန်ခွက်တွေ၊ ဝယ်ဒရေ..


အောင်သုခထမင်းဆိုင်၊ ဒါလည်းသွားတိုင်းစားဖြစ်တယ်၊ ညီတော်မောင်ကျေးဇူးပါပဲ။


စင်္ကာပူမှာ အမ်အာတီလုပ်ငန်းနဲ့ နွှယ်ပြီး ထမင်းစားနေတဲ့ မြန်မာတွေ များသလိုပဲ ရန်ကုန်မှာ လမ်းပြင်လုပ်ငန်းနဲ့ နွှယ်ပြီး ထမင်းစားနေတဲ့ လမ်းပြင်လုပ်သားတွေ အရမ်းများတယ်၊ အဲ၊ သူတို့ကို စဉ်ဆက်မပြတ် အလုပ်ဖန်တီးပေးနေတဲ့ ကျေးဇူးရှင်တွေက ဒီ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ ဇာတ်ထုပ်ထဲမှာ အဓိကနေရာက ပါတာပါ့။


ရှော့ပင်းမောလ်တစ်ခု၊ စူပါဝမ်း ထင်တာပဲ၊ သိပ်မမှတ်မိတော့ဘူး။ ဂျေဘီက ကုန်တိုက်တွေနဲ့ နင်လားငါလားပါပဲ၊ မျက်နှာကျက် မြှင့်လိုက်ရင် တမျိုးဖြစ်သွားမယ်။ (အဖြေမှန်က ရန်ကင်းစင်တာ ဖြစ်ပါတယ်)


ဒီကားတွေက စင်ပေါ်ရောက်သွားပြီဆိုပဲ၊ ကိုယ်တွေကတော့ ခေါင်းရှုပ်စရာမလိုဘူး၊ စက်ဘီးနှစ်စီးပေါင်းမှ ဘီးလေးဘီးရှိတာ။


သခင်မြပန်းခြံထဲက Western Park မှာ နှစ်ဖက်မိဘတွေကို တဝိုင်းကျွေးဖြစ်တယ်၊ အားနာလို့ တစ်ပုံနှစ်ပုံပဲ ရိုက်ဖြစ်ပါတယ်။


အချိန်လုပြီး အလုပ်လုပ်ရသူတစ်ယောက်ရဲ့ ကားပေါ်က ဆရာချစ်ဦးညိုပါ၊ ကြည့်စရာတွေကို ဒီလိုပဲ လမ်းသွားရင်း ကြည့်ရပါတယ်၊ ရန်ကုန်မှာ အလုပ်လုပ်တဲ့လူတွေ တကယ်လုပ်ကြတာ၊ တစ်ရက်ကို ၁၅ နာရီလောက် အသာလေးပဲ။ ဒါကြောင့်လည်း တကယ်အလုပ်ဖြစ်သူတွေက စင်္ကာပူ လစာလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဖြစ်ရော။


ဒီလမ်းတော့ကောင်းရှာပါတယ်၊ စကားမစပ်၊ ကလပ်တက်တဲ့ ရူဘီလေး အမြန်ပြန်လာပါ၊ ဖေဖေနဲ့မေမေ စိတ်ပူနေတယ်။