Search This Blog

Loading...

18 January 2012

Enter the Dragon

ဘာမှမရေးခင် ပြီးခဲ့တဲ့ ရေနဂါးပို့စ်မှာ ကော်မန့်ရေးသွားတဲ့ စောသံလွင်ကို ကျေးဇူးတင်လိုက်ပါတယ်၊ သူမပြောရင် ကျနော့်ဇယားကိုကျနော် မှန်တယ်လို့ပဲ ထင်နေဦးမှာ။ အဲဒီပို့စ်က ဇယားထဲမှာ ခုနှစ်သက္ကရာဇ်နဲ့ ဆိုင်ရာ Zodiac အကောင်တွေကတော့ မှန်ပါတယ်၊ သို့သော် ဓာတ် ၅ မျိုးနဲ့ ပေါင်းစပ်ပုံ မှားနေပါတယ်၊ ဟိုက ဒီက ရှာဖတ်ကြည့်တော့မှ ကိုယ်မှန်တယ်လို့ အရင်ကတည်းက ထင်ထားခဲ့တဲ့ အယူအဆ မှားနေမှန်း သိလိုက်ရတယ်။ ဒီပို့စ်ကို အမှားပြင်ဆင်တဲ့ အနေနဲ့ တင်ပါတယ်။ (ကဒီဘီရဲ့ ယူနီကုတ် converter ကြောင်နေသလား မသိဘူး၊ error ချည်း တက်နေတယ်၊ ဇော်ဂျီပဲရှိတဲ့စက်နဲ့ ရိုက်ထားလို့ ဇော်ဂျီနဲ့ပဲ အရင်တင်လိုက်ပါမယ်)
--
ဓာတ် ၅ မျိုး မပြောခင် တရုတ်အယူထဲက ကောင်းကင်က ပင်စည် ၁၀ မျိုးနဲ့ မြေပေါ်က အကိုင်းအခက် ၁၂ မျိုး ရှိကြောင်း (နားမရှုပ် ရှုပ်အောင်) အရင်ပြောချင်ပါတယ်။ အဲဒါတွေကို ရာသီခွင် တွက်တဲ့အခါရော၊ အချိန်နာရီ တွက်တဲ့အခါမှာပါ သုံးပါတယ်၊ အင်း၊ တခြားဘယ်နေရာတွေ သုံးသေးလဲ မသိပါဘူး၊ အင်မတန်ရှုပ်တာ အမှန်ပဲ။ အခု ကျနော်မှားနေတဲ့ ဓာတ် ၅ မျိုးက တကယ်တမ်းကျတော့ မိုးပေါ်က ပင်စည် ၁၀ မျိုးနဲ့ သွားပတ်သက်ပါတယ်၊ အဲဒီ အခေါ်အဝေါ်တွေ ရေးမနေတော့ပါဘူး၊ နံပါတ်စဉ်နဲ့ပဲ ပြောပါမယ်။ ၁၀ မျိုးထဲက နံပါတ် ၁ နဲ့ ၂ ကို သစ်နဲ့တွဲတယ်၊ ၃ နဲ့ ၄ ကို မီးနဲ့တွဲတယ်၊ ၅ နဲ့ ၆ ကို မြေနဲ့တွဲတယ်၊ ၇ နဲ့ ၈ ကို ရွှေနဲ့တွဲပြီး နောက်ဆုံး ၉ နဲ့ ၁၀ ကို ရေနဲ့ တွဲပါတယ်။ ဆိုတော့ အခု ဒီဇယားအသစ်မှာ တွေ့ရတဲ့အတိုင်း ဓာတ် ၅ မျိုးထဲမှာ သစ်၊ မီး၊ မြေ၊ ရွှေ၊ ရေ ဆိုတဲ့ အစီအစဉ်နဲ့ တစ်မျိုးကို ၂ နှစ် အလှည့်ကျ သွားပါတယ်၊ ၂ ခါစီ ပြန်ကျော့တဲ့အခါ ဓာတ်ချင်းအတူတူ ဆိုပေမယ့်လို့ ကွာခြားချက်ကတော့ ပထမတခါက ဖို၊ ဒုတိယတခါက မ ပါ။ အကိုင်းအခက် ၁၂ မျိုးကျတော့ Zodiac ၁၂ ကောင်နဲ့ ဆက်စပ်ပါတယ်၊ ဒီလိုနဲ့ တွဲလိုက်တဲ့အခါ နှစ် ၁ နှစ်ဟာ ဓာတ် ၅ မျိုးထဲက တမျိုးမျိုးရယ်၊ နောက်ပြီးတော့ ဖို သို့မဟုတ် မ ရယ်၊ အကောင် ၁၂ ကောင်ထဲက တကောင်ကောင်ရယ် ထွက်လာပါတယ်။ ဒီလ ၂၃ ရက်နေ့မှာ ရောက်လာမယ့် နဂါးနှစ်ကတော့ (ဖို + ရေ + နဂါး) ပါ။ ယင်း/ယန် ခေါ် ဖို/မ ကို အဲသလို တခုခြားစီ ခွဲလိုက်တော့ Zodiac ၁၂ ကောင်ဟာလည်း ဖို ၆ ကောင်၊ မ ၆ ကောင် ဖြစ်သွားတယ်။ ဖို တွေက ကြွက်၊ ကျား၊ နဂါး၊ မြင်း၊ မျောက် နဲ့ ခွေး ဖြစ်ပြီးတော့၊ မ တွေက နွား၊ ယုန်၊ မြွေ၊ ဆိတ်၊ ကြက် နဲ့ ဝက် ဖြစ်ပါတယ်။ အောက်က ဇယားမှာ 1901 ကနေ 2040 အထိ နှစ်ပေါင်း ၁၄၀ စာ ကြည့်နိုင်ပါတယ်၊ ပင်စည်တွေ အကိုင်းအခက်တွေနဲ့ ဖြတ်တောက်ထားတာ မဟုတ်ပါဘူး၊ ခရစ်သက္ကရာဇ်နဲ့ ဖြတ်ထားတာပါ၊ ဒီဇယားထဲမှာ ပြထားသလောက် ပင်စည် ၁၀ မျိုးရဲ့ အစ ကတော့ 1904 ခုနှစ် ဖြစ်ပါတယ်။



စောသံလွင်မေးသွားတဲ့ ၂၀၀၇ ကတော့ အင်တာနက်ပေါ်မှာလည်း တော်တော်တွေ့ရတယ်၊ အဲဒီနှစ်ကို မှားယွင်းစွာနဲ့ ရွှေ+ဝက် နှစ်လို့ ခေါ်ကြတာကို ထောက်ပြထားတာပါ။ တကယ်တမ်း မီး+ဝက် ဖြစ်ပါတယ်။ ကျနော့် ပို့စ် ထဲမှာ ရေ+ဝက် လို့ မှားရေးမိတာ ဆောရီးပါ။

နောက်ဆုံးအနေနဲ့ ခုနှစ်သက္ကရာဇ်ကို သက်ဆိုင်ရာ ဓာတ်တွေနဲ့ ဒီလိုတွဲမှတ်နိုင်ပါတယ် (Excel ဖိုင်မှာ filter ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရမှာပါ)။ 

ခုနှစ်သက္ကရာဇ် နောက်ဆုံးဂဏန်း ၀ သို့မဟုတ် ၁ ဆိုရင် ရွှေ ပါ။
ခုနှစ်သက္ကရာဇ် နောက်ဆုံးဂဏန်း ၂ သို့မဟုတ် ၃ ဆိုရင် ရေ ပါ။
ခုနှစ်သက္ကရာဇ် နောက်ဆုံးဂဏန်း ၄ သို့မဟုတ် ၅ ဆိုရင် သစ် ပါ။
ခုနှစ်သက္ကရာဇ် နောက်ဆုံးဂဏန်း ၆ သို့မဟုတ် ၇ ဆိုရင် မီး ပါ။
ခုနှစ်သက္ကရာဇ် နောက်ဆုံးဂဏန်း ၈ သို့မဟုတ် ၉ ဆိုရင် မြေ ပါ။

တရုတ်တွေရဲ့ အယူအဆမှာ ဒီငါးမျိုးက အချင်းချင်း တည့်တာရှိသလို၊ မတည့်တာ (ခိုက်တာ) လည်း ရှိတယ်။ အောက်ပုံထဲက မြှားအနက်တွေက ကောင်းတဲ့၊ သင့်မြတ်တဲ့ ဆက်ဆံရေးဖြစ်ပြီး၊ မြှားအဖြူတွေကျတော့ ခိုက်တဲ့ သဘောပါ။ ဒီခေတ်ကြီးမှာ ကျနော်ကတော့ ဒါတွေ သိပ်မယုံတော့ပါဘူး၊ အချင်းချင်း ဓာတ်ပြုကြ ဓာတ်လိုက်ကြရင် ပြီးတာပဲလေ၊ သူ့ဟာသူ ဘာဓာတ်ဖြစ်ဖြစ်ပေါ့ :p


Image Source: Wikipedia

4 comments:

  1. ကျေးဇူးတင်ပါတယ်..
    ကျွန်တော် ငယ်ငယ်က ဝေဒ စာအုပ် မှာ တရုတ် ဗေဒင် အကြောင်းကြိုက်နှစ်သက်စွာ ဖတ်ခဲ့ ဘူးပါတယ်။
    အကောင်တွေအလိုက်စိတ်နေသဘောထားတို့၊မွေးရက် မွေးချိန်အလိုက် အရိုးအလေးချိန် တို့အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်၊တကယ်လို့ဖတ်ခွင့်ရမယ်ဆိုရင်ဖတ်ချင်ပါသေးတယ်၊
    ရွင်လန်းချမ်းမြေ့ပါစေ

    ReplyDelete
  2. ဟို့စတင်းပြောင်းဖို့ မနေ့ကလုပ်နေလို့ အကုန်မပြီးသေးဘူး။ လောလောဆယ်တော့ ဟို့စတင်း အဟောင်းကို ပြန်ပွိုင့်လုပ်ထားတယ်။ နှစ်ကူး ပိတ်ရက်ကျမှ ပြောင်းတော့မယ်။ နှစ်ကူးရက်ပိုင်းတွေရောက်ရင် ဘလော့လဲ ဒေါင်းချင် ဒေါင်းနေနိုင်ပါတယ်။း))

    ReplyDelete
  3. စောသံလွင်.. ထဲထဲဝင်ဝင်တော့ ကျနော်မလေ့လာထားဘူးဗျ၊ ဖတ်စရာလိုမယ်ထင်တဲ့အချိန်ကျမှ လျှောက်ရှာပြီး ဖတ်လိုက်တာပဲ။

    ကဒီဘီ.. သိုင်းကျူး.. ကျနော်လည်း အိမ်ပြောင်းဖို့ရှိပါတယ်။

    သဉ္ဇာ.. သိုင်းကျူးပါ.. နှစ်သစ်မှာခွိုက်လော့ပါစေ။

    ReplyDelete