Search This Blog

Loading...

09 January 2012

Mellben Seafood

မနေ့က ဒကာပေါ်လာလို့ မုတ်ဆိတ်ဂဏန်းညှပ်သွားတယ်၊ သွားဖို့ခဲထားတာ လချီနေပြီဖြစ်တဲ့ Ang Mo Kio က Mellben Seafood မှာ တဖြဲနှစ်ဖြဲ စားဖြစ်လိုက်ပါတယ်။ (ခွေဖြူပြောမှာစိုးလို့ သူများကျွေးတဲ့အကြောင်း အရင်ဆုံး ကြေညာထားတာ၊ ကိုယ်တွေကတော့ သိပ်ချွေတာနေတာလေ၊ ငှဲငှဲငှဲ)

ဆိုင်ကနာမည်ကြီး၊ စားဖို့အရေး တန်းအကြာကြီးစီရတယ် ဆိုတာ သိပြီးသားပါ၊ ဒါပေမဲ့ အဲသလောက်ကြာမယ် ထင်မထားတာ အမှန်ပဲ။ ကျနော်တို့ ရောက်တဲ့အချိန်က ည ရ နာရီဝန်းကျင်ဗျ၊ တန်းစီပြီး ဟင်းမှာပြီး ထိုင်စောင့်ပြီး အိမ်သာတက်ပြီး လက်ဆေးပြီး လက်သုတ်ပြီး ငှက်ပျောသီးစားပြီး ဓာတ်ပုံလျှောက်ရိုက်ပြီး လေကန်ပြီး ဗိုက်ဆာပြီး ဆိုင်ရှင်ကို ကျိန်ဆဲအပြီး ပထမဆုံးတမယ်ဖြစ်တဲ့ ဟင်းရွက်ကြော် ချပေးတဲ့အချိန်က ၈ နာရီ ၃၇ မိနစ်ဗျာ၊ စိတ်မခိုင်ရင် ရူးသွားနိုင်တယ်၊ ဆာလွန်းလို့ အနီးအနားဆိုင်က ပေါင်မုန့်တွေ၊ ငှက်ပျောသီးတွေ ဝယ်လာပြီး အရင်ထိုင်စားရတယ်ဗျာ၊ နောက်တာမဟုတ်ဘူး။ အောက်ပုံက တန်းစီနေတုန်း အပျင်းပြေ ရိုက်ထားတဲ့ပုံပါ၊ တကယ်တော့ အပျင်းလည်း ပြေမသွားပါဘူး၊ ပြေချင်ယောင်ဆောင်တာလောက်ပါပဲ။


ဒီပုံထဲမှာ ဟိုတစ ဒီတစ လျှောက်ရိုက်ထားတဲ့ပုံတွေ ရောထားပါတယ်၊ ကြည့်သောသူမြင်၏ ဆိုတဲ့ စကားကြီးအတိုင်း မျက်စိရှင်ရှင်ထားရင် “ဂဏန်းရွေးလိုပါက သင့်ဒေါသနှင့်သင် ရွေးပါ၊ ဂဏန်းညှပ်ခဲ့လျှင် အလျော်ပေးမည်မဟုတ်” ဆိုတဲ့ အဆိုအမိန့်ကို တွေ့ရမှာပါ။ အဲ၊ ပြီးတော့ နေရာရမှ စားစရာတွေ မှာရတာ မဟုတ်ဘူး၊ တန်းစီနေတုန်း အော်ဒါအရင်မှာရတာဗျ၊ အားလုံးမှာပြီးတော့ စားပွဲထိုး အမျိုးသမီးက ဘာပြောတယ်ထင်သလဲ၊ “နှစ်ကူးနီးတော့ ဂဏန်းတွေက အသားများတာ သိပ်ဝယ်မရဘူး၊ အသားမပြည့်ရင် ပိုက်ဆံပြန်မအမ်းဘူးနော်၊ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ သိလား” တဲ့ဗျာ၊ ကိုယ့်ဒေါသနဲ့ကိုယ် တန်းအကြာကြီးစီပြီးမှ လှည့်ပြန်လို့က မဖြစ်ပြန်ဘူးလေ၊ ဟင်း.. ဒီနေ့ ကံကောင်းပါစေ ဆိုပြီး ကြိတ်ဆုတောင်းရတာပေါ့။


ဒါကတော့ စားပွဲနေရာရပြီး အော်ဒါမှာပြီး စားပွဲထိုးက ရေးပေးသွားတဲ့ ခန့်မှန်းစောင့်ရန်ကြာချိန်ပါဗျား၊ ရ နာရီ ၅၅ မိနစ်မှာ နေရာရတယ်၊ ၉ နာရီ ၁၀ မိနစ် မတိုင်ခင် စားရမယ် ပေါ့လေ၊ ေဩာ်၊ ကိုယ့်ကိုကိုယ် သနားသွားပြီး ငှက်ပျောသီး နောက်တစ်လုံး ထပ်စားမိပါတယ်။


ဒါပေမဲ့ ဟင်းတွေရောက်လာတော့ အစောတုန်းက စောင့်လိုက်ရတဲ့ဒုက္ခကို ချက်ချင်းမေ့သွားတာပါပဲ၊ ဗိုက်ဆာပြီး စားချင်စိတ်တွေ တဖွားဖွားပေါက်နေအောင် တမင်လုပ်ထားသလား အောက်မေ့ရတယ်၊ ဘာလာလာ စားလို့ကောင်းနေတာဗျာ။

သိပ်ကောင်းတဲ့ ဂဏန်းငရုတ်သီးချက်ပါ။


သိပ်ကောင်းတဲ့ ဂဏန်းငရုတ်သီးချက်ထက်ကောင်းတဲ့ ထောပတ်ဂဏန်းပါ။


သိပ်ကောင်းတဲ့ ဂဏန်းငရုတ်သီးချက်ထက်ကောင်းတဲ့ ထောပတ်ဂဏန်းထက်ကောင်းတဲ့ မြေအိုးကြာဇံဂဏန်းကို နောက်ဆုံးမှ လာချပါတယ်၊ ပုံစံသုံးမျိုးနဲ့ ဂဏန်းထွားထွားကြီးတွေကို အားရပါးရ လွေးကြပါတယ်၊ အဲဒီအချိန်ကစပြီး ဘယ်သူမှ စကားမပြောတော့ဘူး၊ မျက်နှာမှာ ဟင်းဖတ်တွေ ပေကျံပြီး တစ်ယောက်နဲ့တစ်ယောက် မမှတ်မိတဲ့အထိ စားပြီးတော့မှ လက်လေးဘာလေး ထဆေးကြတယ်၊ မျက်နှာလေးဘာလေး ထသုတ်ကြတယ်။


ဂဏန်းတွေကို အသားပြည့်ချင်မှပြည့်မယ် လို့ စကားကြိုခံထားတော့ expectation တွေ သိပ်မမြင့်တော့ဘူး၊ ဒါကြောင့်ပဲလားတော့မသိ၊ ခါတိုင်းမြင်နေကျ ဂဏန်းပိန်ပိန်လေးတွေထက် အများကြီးထွားတဲ့ သူတို့ဂဏန်းတွေ လာချတဲ့အချိန်မှာ တော်တော်ကျေနပ်မိတယ်၊ ခြေထောက်လေးတွေကအစ အသားများတယ်ဗျ၊ တကောင်တလေပဲ သိပ်မပြည့်တာ၊ စားရင်းနဲ့ ဒီဂဏန်းတွေ စီပီဂဏန်းဖြစ်ရမယ် လို့တောင် နောက်နေကြသေးတယ်။ အင်း၊ ကျေနပ်ဖွယ်ရာ ဤကမ္ဘာ အစီအစဉ်လေးရဲ့ ဂဏန်း episode ကို (အပီစုပ် ဟု ဖတ်ချင်လည်းဖတ်) ဒီမှာ ရပ်လိုက်ပါမယ်၊ စားချင်သူများ အားရပါးရ စားနိုင်ကြပါစေ၊ လမ်းသွားရင်တောင် ဘေးတိုက်သွားတဲ့အထိ ဂဏန်းတွေ စားနိုင်ကြပါစေ။

14 comments:

  1. so tempting and wanna to eat..........!!!!!!!
    De Ko Lar par own :) :)

    ReplyDelete
  2. စောင့်ရတာကြာ
    စားပွဲထိုးများဘိလပ်စကားမတတ်အခက်တွေ့
    ဈေးကြီး
    ဟင်းပွဲများသေး
    အိမ်နားနီးသော်လည်းထပ်စားချင်စိတ်မရှိရွေ့သွားမစားဖြစ်တော့ပါ နီးသည်မှာ အိမ်အောက်ဆင်းသော် ဆိုင်ရောက်ပါသည် ကဲ...

    ReplyDelete
  3. ဂဏာန်းတွေ၊ပုံတွေ၊ဟင်းတွေ အားလုံး ဘေးတိုက် ဖတ်ရင်း၊ ဘေးတိုက် သွားရေ ကျသွားကြောင်းပါ..

    ReplyDelete
  4. I'm lucky as read your post at Lunch break, otherwise make me hungry again.

    ReplyDelete
  5. စားဖူးတဲ့ ဆိုင်လားမသိဘူး... ဟိဟိ
    ကြာပြီဆိုတော့လည်း မေ့လောက်ပါပြီး...
    အခုလို ပြန်တွေ့ရတာ ၀မ်းသာ မဆုံးနိုင်ပေ...
    အော်ချတ်လမ်းကြားက ဂဏန်းရော စားဖူးလားဟင်....

    ReplyDelete
  6. အပီစုပ်မှာတော့ သေချာသလောက်ပဲ... မြင်ရတာတောင် သွားရေကျစရာ.. ညစာအတွက် မနက်ကတည်းက တန်းစီထားလို့မရဘူးလားဟင်...း)

    ReplyDelete
  7. မနေ့ကညအထိဖတ်၍ရပါသည်
    ယနေ့မနက်မှစ၍စာလုံးများပြောင်းကာဖတ်ရွေ့မရတော့ပါ
    သို့ဖြစ်ရာ နောင်ဖတ်နိုင်ပါတော့မည်လားဟု သံသယကြီးစွာဖြင့်

    သင့်စာဖတ်ပိတ်သတ်

    ReplyDelete
  8. ဂဏန်းသိပ်မကြိုက်တဲ့လူတောင် စားချင်စိတ်ပေါက်သွားအောင် ဓါတ်ပုံက ဆွဲဆောင်လွန်းနေတယ်။ btw, ပို့စ်ကို unicode ပြီး comment ကို ဇော်ဂျီထားတဲ့ CSS အိုင်ဒီယာကို သဘောကျတယ် ;-) အားလုံး စိတ်ချမ်းသာနေရော..

    ReplyDelete
  9. Can't read the post anymore! Only can read the comment!
    Please advice!

    ReplyDelete
  10. De Ko Lar par own :) :)

    ဂဏန်းဆိုင်အပေါ်ထပ်က ဧည့်သည်တော်.. ဂလိုမှန်းသိရင် လှမ်းအော်လိုက်တယ်.. ဟဲဟဲ.. နောက်လဆန်းထပ်သွားဖို့ ရှိသေးတယ်၊ နာမည်ပြောပါ၊ အောက်ကနေလှမ်းအော်မယ်။ (ဟင်းပွဲသေးတာ အဟုတ်ပဲဗျာ၊ အသေမြတ်မယ့်ဆိုင်ပဲ)

    Yaw Mang.. သွားရေဘေးတိုက်ကျတာ လှဲအိပ်နေလို့ဖြစ်မှာပါ :p

    nyimuyar.. ဟားဟား.. ကျနော်ဘယ်တော့ဝဋ်လည်မလဲ မသိဘူး..

    မောင်သန့်.. စားဖူးဘူး.. ဂေးလန်းလမ်းကြားက ဖားသားဆန်ပြုတ်တော့ စားဖူးတယ် (အမ်)

    မအိမ်သူ.. weekday တွေမှာ reserve လုပ်လို့ရတယ်၊ စနေ တနင်္ဂနွေသာ တန်းစီစောင့်ရတာ..

    ကျွန်ုပ်စာဖတ်ပိတ်သတ်.. တခုခုမှားပြောင်းလိုက်မိလို့လားဗျာ၊ computer, browser, setting အားလုံးအတူတူပဲဆိုရင် ဒီနေ့ရပြီး မနက်ဖြန် မရစရာ အကြောင်းမရှိဘူး ထင်ပါရဲ့ဗျာ။

    သဉ္ဇာ.. css နဲ့ ဟိုခွဲဒီခွဲတော့ လုပ်မထားပါဘူး၊ saturn god ရဲ့ http://mywebfont.appspot.com/css?font=yunghkio ကို အားကိုးပြီး span tag နဲ့ အုပ်ထားရုံပါ။ ဘလော့ဂ်အသစ်မှာ သေချာလုပ်ရအုံးမယ်၊ အသစ်ပြီးရင် ဒါကို ဒီတိုင်းထားလိုက်တော့မယ်။

    Anonymous.. အောက်ပုံအတိုင်း လုပ်ပြီးပြီလား..
    http://farm8.staticflickr.com/7168/6658063047_0d439af6ac_o.gif

    ReplyDelete
  11. စိတ်မကောင်းဘူးနောက်လဆန်းခရီးသွားမှာ
    ကွန်ဆက်တင်ဘာမှမပြောင်းဘူးရုံးကောအိမ်ကောဖတ်လို့မရတာ
    တခုခုတော့တခုခုပဲနော်

    ReplyDelete
  12. ဆာဖာရီနဲ့ဖတ်လို့ရတယ်

    ReplyDelete
  13. အောင်မာ စားတာတောင် နာ့ဆွဲထည့်နေသေး အလကားကြွေးမဲ့သူတွေကလဲ ပေါပါ့
    ဟုတ် ဟုတ်ရဲ့လား မသိ

    ခွေဖြူ

    ReplyDelete