ဆိုက်နာမည်က “ဒီကိုလာ” ပါ၊ ဒီကို လာလည်စေချင်လို့ လက်ယပ်ခေါ်နေတဲ့ ဒီကိုလာပါပဲ။ တချို့တွေက အင်္ဂလိပ် စာလုံးပေါင်း ကိုလိုက်ပြီး “ဒီဂိုလာ” လို့ ခေါ်ပါတယ်၊ ကိစ္စမရှိပါဘူး၊ ဖတ်လိုက်ရင် “ဒီကိုလာ” လို့ပဲ ထွက်တာပါပဲ။ ရေးတော့ အမှန်၊ ဖတ်တော့အသံ တဲ့။
ရှင်းလင်းချက် မရေးခင်မှာ“ကျွန်တော်တို့၏ မြန်မာစာ”ဆိုတဲ့ ဒီဆိုက်လေးကို သွားဖတ်စေလိုပါတယ်။
http://myanmarsar.myanmarbloggers.org/2008/09/blog-post_13.html
အဲဒီထဲက ကောက်နှုတ်ပြီး“ဒီကိုလာ”ကို DeColar ဖြစ်စေ၊ DeKoLar ဖြစ်စေ၊ မရေးပဲ DeGoLar လို့ ရေးရခြင်းအကြောင်းရင်း ကို ရှင်းပါမယ်။
အက္ခရာ ခွဲတမ်း
မြန်မာအက္ခရာတွေမှာ အသံနုအက္ခရာနဲ့ အသံရင့်အက္ခရာ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။
သံနု အက္ခရာ ကိုးလုံး ရှိပါတယ်
က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ တို့ ဖြစ်တယ်။
အဲဒီ ၉ လုံးက လွဲရင် ကျန် အက္ခရာတွေက သံရင့် အက္ခရာ တွေပါ။ စုစုပေါင်း ၂၉ လုံး ရှိပါတယ်
ဂ၊ ဃ၊ င၊ ဇ၊ စ်၊ ည၊
ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊
ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ။ အဲဒီ ဗျည်း (၁၈) လုံးနဲ့
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊
ဧ၊ အဲ၊ သြ၊ သြော်၊ အို၊ စတဲ့ သရ (၁၁) လုံး စုစုပေါင်း (၂၉) လုံးဟာ သံရင့်အက္ခရာတွေ ဖြစ်တယ်။
အထက်မှာ ဖော်ပြထားတဲ့ အသံနု အက္ခရာနဲ့ အသံရင့် အက္ခရာ ယှဉ်တွဲပြီး ရှိလာတဲ့အခါမှာ တိုက်ခိုက်မှု ဖြစ်လာပြီး အသံပြောင်း ကြရတယ်။ လောကသဘာဝအတိုင်း အသံနုတွေကပဲ လိုက်ပြောင်းပေးရတယ်။ ဒါကြောင့် အသံပြောင်းတဲ့ အခါမှာ အသံနုတွေ ဖြစ်တဲ့ က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ အက္ခရာတွေကပဲ ပြောင်းတယ်။ ပြောင်းတဲ့အခါမှာလဲ အရမ်းမဲ့ ပြောင်းချင်သလို ပြောင်းသွားတာ မဟုတ်ဘဲ အနက်ချင်း တူရာ တူရာကိုပဲ ပြောင်းတယ်။ ဒီမှာ အဓိက ရေးချင်တာကတော့ ဒီလို ဖတ်ထုံး ဥပဒေသကြောင့် သံနု“က”ကနေ သံရင့်“ဂ”အဖြစ်ကို ပြောင်းသွားရတယ် ဆိုတာကိုပါ။
အချုပ်ဆိုရရင်...
“ဒီကို” ဆိုရာမှာ သံရင့် “ဒီ” နောက်က တွဲလျက်ပါလာတဲ့ သံနု “ကို” ကို “ဂို” လို့ ဖတ်ရတာပေါ့။
--
ဒါ့ကြောင့် (ဒါကိုလည်း ဒါ့ဂျောင့် လို့ပဲဖတ်တာပဲ) အင်္ဂလိပ်လို ပေါင်းတဲ့အခါ DeGoLar နဲ့ပဲ ပေါင်းလိုက်ပါတယ်၊ အဲသလို ပေါင်းလိုက်တဲ့အတွက် မြန်မာလို မတတ်တဲ့သူတောင် အင်္ဂလိပ်လို ရွတ်တဲ့အခါ “ဒီကိုလာ” ဆိုပြီး ပီပီသသ ရွတ်နိုင်မှာပါ၊ နောက်ဆုံးက r သံလေးသာ မပါရင် မြန်မာစကား ပြောနေသလိုပါပဲ။